Skip to main content

မဲစာရင်းစစ်ကြပါ ကိုနေထွန်းနိုင်




ဇွန် ၂၇ ရက်က နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် မဲစာရင်း မှန်ကန်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်က တစ်အိမ်တက်ဆင်းလိုက်လံ အသိပညာပေးနေစဉ်
အခြေခံမဲဆန္ဒရှင် စာရင်းမှားယွင်းမှုတွေအရ တစ်နိုင်ငံလုံး မဲပေးပိုင်ခွင့်ရှိ သူအားလုံးရဲ့ ထက်ဝက်နီးပါး မဲပေးပိုင်ခွင့် ဆုံးရှုံးသွားနိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သတိပေးလိုက်ပါတယ်။


၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲအပြတ်အသတ် နိုင်ခဲ့ပေမယ့် ရွေးကောက်ပွဲ အညစ်ခံခဲ့ရတဲ့ အတိုက်အခံ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မဲစာရင်းမှန်ကန်ရေးအတွက် ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်က နေပြည်တော် ပုဗ္ဗသီရီမြို့နယ်မှာ တစ်အိမ်တက်ဆင်း အသိပညာပေးရင်း ဒီလို သတိပေးလိုက်တာပါ။
“အခုဖြစ်နေတာက မဲစာရင်းစိစစ်တာနဲ့ပတ်သက်ပြီး တစ်ချို့အာဏာပိုင်တွေက သိပ်အားမပေးဘူး။ အဲဒါကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူး”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
အခြေခံမဲဆန္ဒရှင်စာရင်း ထုတ်ပြန်ခဲ့တဲ့ ရန်ကုန်တိုင်း ၁၀ မြို့ နယ်ကို စိစစ်တဲ့အခါ မြို့နယ်တစ်ခုတွင် ရာခိုင်နှုန်း ၈၀ အထိ မှားယွင်းနေပြီး အမှားအနည်းဆုံးမြို့နယ်မှာ ရာခိုင်နှုန်း ၃၀ ခန့် မှားယွင်းမှုရှိကြောင်း သူက ပြောပါတယ်။
“အမှားတွေ သိပ်များတယ်။ ဒီအတိုင်းသာ ပစ်ထားလိုက်မယ်ဆိုရင် မဲမပေးနိုင်တဲ့ ပျှမ်းမျှ ယူလိုက်မယ်ဆိုရင် ၅၅ ရာခိုင်နှုန်းလောက် ရှိမယ်။ ဒါက ရန်ကုန်မြို့နော်။ အဲဒီအတိုင်းသာဆိုရင် တစ်နိုင်ငံလုံးမှာ မဲဆန္ဒရှင်တွေရဲ့ တစ်ဝက်ကျော်ကျော်က မဲမပေးနိုင်တဲ့ အခြေအနေဖြစ်တယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
သူ့ရဲ့ ပြောဆိုချက် မှားယွင်းမှု မရှိပါဘူး။ ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ အခြေခံမဲဆန္ဒရှင်စာရင်းနဲ့ ပတ်သက်ပြီး အလွတ်သဘော အကြမ်းဖျင်းပျှမ်းမျှစစ်တမ်းတစ်ရပ်ကို Eleven Media Group က ကောက်ယူခဲ့ပါ တယ်။ အိမ်ထောင်စု ၃၅၀ နီးပါးကို မေးမြန်းပြီး အလွတ်သဘော ကောက်ယူခဲ့တဲ့ စစ်တမ်းအရလည်း မဲစာရင်းမှန်ကန်မှုဟာ ၅၈ ရာခိုင်နှုန်းပဲ ရှိပါတယ်။


■ မှန်ကန်တဲ့ လူဦးရေစာရင်း
မဲစာရင်းအတွက် လိုအပ်တာက မှန်ကန်တဲ့ လူဦးရေ စာရင်းဖြစ်ပါတယ်။ မှန်ကန်တဲ့ လူဦးရေစာရင်းကတစ်ဆင့် အသက် ၁၈ နှစ် အထက် မဲပေးပိုင်ခွင့်ရှိသူ အရေအတွက်ကို ရနိုင်မှာပါ။
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန္ဒမဲပေးခဲ့တုန်းက နိုင်ငံလူဦးရေ ၅၇ သန်းကျော် ရှိတယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။ ဒီအတွက် အသက် ၁၈ နှစ်အထက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၇ ဒသမ ၇ သန်းအထိ ရှိခဲ့ပါတယ်။
ဒီအထဲမှာ ၂၆ ဒသမ ၇၂သန်း ကျော်မဲပေးခဲ့ပြီး မဲပေးသူ ၉၈ ဒသမ ၁၂ ရာခိုင်နှုန်း ရှိတယ်လို့ဆိုပါတယ်။ ကိုယ်တိုင်လာရောက် မဲပေး သူ ၂၂ ဒသမ ၁၅ သန်းရှိခဲ့ပြီး ကြို တင်မဲ ၄ ဒသမ ၆ သန်းကျော် ရှိတယ်လို့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲလုပ်စဉ်မှာ နိုင်ငံလူဦးရေဟာ ၄၂ ဒသမ ၁၂ သန်းကျော် ရှိပါတယ်။ အသက် ၁၈ နှစ်အထက် မဲပေးပိုင်ခွင့်ရှိသူ သန်း ၂၀ ကျော်ရှိပါတယ်။ ဒီအထဲမှာ လာရောက်မဲပေးခဲ့သူ အရေအတွက် ၁၅ ဒသမ ၁ သန်း ကျော်ပဲ ရှိပြီး မဲပေးခွင့်ရှိသူ အရေအတွက်ရဲ့ ၇၂ ဒသမ ၅၉ ရာခိုင်နှုန်းပဲ မဲပေးခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုတော့ ဆန္ဒမဲပေးသူ ရာနှုန်းပြည့်နီးပါး ရှိခဲ့ပြီး မဲပေးသူ အရေအတွက်ရဲ့ ၉၂ ဒသမ ၄ ရာခိုင်နှုန်းက ထောက်ခံမဲပေးခဲ့ကြတယ်လို့ တပ်မတော်အစိုးရက ဆိုခဲ့ပါတယ်။
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ ၂၈ ဒသမ ၅၃ သန်းရှိခဲ့ပါတယ်။ ဒီအထဲက ၂၁ ဒသမ ၉၅ သန်း လာရောက်မဲပေးခဲ့ပြီး မဲပေးသူ ၇၆ ဒသမ ၆၂ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲအပြီးမှာ ကြို တင်မဲ အငြင်းပွားမှုတွေနဲ့ ပြည်ခိုင်ဖြိုးပါတီက ၇၆ ဒသမ ၅၂ ရာခိုင်နှုန်းနဲ့ နိုင်သွားပါတယ်။ ဒီအတွက် ဘယ်လို မသမာမှုတွေ ရှိခဲ့သလဲဆိုတာကို အခုလက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေကိုယ်တိုင် သိထားပြီး ဖြစ်ပါတယ်။
အခု ၂၀၁၅ ခုနှစ်ကို ရောက်လာပါပြီ။ မေ နောက်ဆုံးပတ်မှာ ထုတ်ပြန်ခဲ့တဲ့ သန်းခေါင်စာရင်း ရလာဒ်တွေအရ မြန်မာနိုင်ငံရဲ့ လူဦးရေဟာ ၅၁ ဒသမ ၄၉ သန်း ရှိတယ်လို့ ဆိုပါတယ်။
၂၀၁၀ ပြည့်နှစ် အခြေအနေ နဲ့ နှိုင်းယှဉ်ရင် ၅ ဒသမ ၅၁ သန်း (ခြောက်သန်းနီးပါး) ပျောက်ဆုံးခဲ့ပါတယ်။ ဒီလူတွေဟာ ပြည်ပကို ရောက်ရှိပြီး စာရင်းမ၀င်ဘဲ ရှိနေသူတွေလား။ မဟုတ်ဘူးဆိုရင် ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ရှိခဲ့တယ်လို့ ယူဆရတဲ့ မဲလိမ်မှုတွေမှာ လူဦးရေ အတိုးအလျော့လုပ်ခြင်းက အချက်တစ်ခု ဖြစ်နေတယ်လို့ ဆိုရမှာပါ။


■ နောက်ကွယ်မှာ ဘာတွေရှိလဲ
မြန်မာနိုင်ငံမှာ လူဦးရေ ၅၁ သန်းရှိတယ်လို့ ပြောထားပေမယ့် အသက် ၁၈ နှစ်အထက် လူဦးရေ ဘယ်လောက်ရှိသလဲဆိုတာ စာရင်းပျောက်နေပါတယ်။
သန်းခေါင်စာရင်း ရလာဒ်မှာလည်း အသက် ၁၈ နှစ် အထက် ကိန်းဂဏန်းကို တစ်စုတစ်စည်းထဲ ဖော်ပြထားတာ မရှိပါဘူး။
သန်းခေါင်စာရင်း ရလာဒ်မှာ ဖော်ပြထားချက်အရ မြန်မာနိုင်ငံမှာ အသက် ၁၅ နှစ်အထက် လူဦးရေ ၃၅ ဒသမ ၇၈ သန်းရှိတယ်လို့ ခန့်မှန်းရပါတယ်။ အသက် ၁၅ နှစ်နဲ့ ၁၉ နှစ်ကြား အရေအတွက်က ၅ သန်းနီးပါးရှိတယ်လို့ ခန့်မှန်းနိုင်ပါတယ်။
ဒီကိန်းဂဏန်းနှစ်ခုကို အခြေပြုပြီး တွက်ချက်တဲ့အခါ မြန်မာနိုင်ငံမှာ အသက် ၁၈ နှစ်အထက် ဆန္ဒမဲပေးနိုင်သူအရေအတွက်ဟာ ပျှမ်းမျှ ၃၁ သန်းဝန်းကျင်မှာ ရှိနေနိုင်ပါတယ်။
၂၀၀၈ ခုနှစ်ရော၊ ၂၀၁၀ ပြည့်နှစ်ထက်ပါ မဲပေးနိုင်သူ အရေအတွက် များလာတယ်လို့ ဆိုနိုင်မှာပါ။ တစ်ဖက်မှာလည်း မှတ်ပုံတင်မရှိသူ အရေအတွက်က သန်းဂဏန်းရှိနေပြီး သူတို့တွေထဲ မှာ အသက် ၁၈ နှစ်အထက် မဲပေးနိုင်သူတွေ ပါဝင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် ထုတ်ပြန်ခဲ့တဲ့ သန်းခေါင်စာရင်း ရလာဒ်ကို ကြည့်ရင် ပထမအချက်အနေနဲ့ အသက် ၁၈ နှစ်အထက် လူဦးရေ အတိအကျ မသိရသေးဘူး၊ ဒုတိယအချက်က အဲဒီအသက် ၁၈ နှစ် အထက် လူတွေထဲမှာ မှတ်ပုံတင်မရှိသူ ဘယ်လောက်ရှိလဲ မသိရသေးပါဘူး။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကတော့ သူတို့ရဲ့ ကွန် ပြူတာစနစ်မှာ ထည့်သွင်းထားတဲ့ မဲပေးနိုင်သူအရေအတွက်၂၉ သန်းကျော် ရှိနေပြီလို့ ပြောထားပါတယ်။ ဒီထဲမှာ တပ်မတော်မိသားစုဝင်တွေ၊ ၀န်ထမ်း မိသားစုဝင်တွေ ပါဝင်ခြင်း မရှိသေးပါဘူး။
ဒီအချက်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်လည်း မဲပေးပိုင်ခွင့်ရှိသူ အတိအကျ မသိသေးဘူးလို့ ယူဆရပါတယ်။
အစိုးရအနေနဲ့ အသက် ၁၈ နှစ်အထက် လူဦးရေ ဘယ်လောက်ရှိလဲဆိုတာကို သန်းခေါင်စာရင်း ရလာဒ်နဲ့ အတိအကျ ထုတ်ပြန်နိုင်ပေမဲ့ ထုတ်ပြန်ပေးခြင်း မရှိသေးပါဘူး။
ခန့်မှန်းတွက်ချက်မှုအရ ၃၁ သန်း မကျော်နိုင်ဘူးဆိုပေမဲ့ ပြီးခဲ့တဲ့ ငါးနှစ်တာကာလ ကိန်းဂဏန်း နဲ့ နှိုင်းယှဉ်ရင် လူဦးရေ စုစုပေါင်း အရေအတွက် လျော့ကျသွားပေမဲ့ မဲပေးနိုင်သူအရေအတွက် တိုးလာတာက စဉ်းစားစရာ ဖြစ်ပါတယ်။
နောက်ပြီး အသက် ၁၈ နှစ် အထက် မဲပေးနိုင်သူအရေအတွက် တည်ငြိမ်မှုမရှိခြင်းက ၀ှက်ဖဲတစ်ချပ်လို ဖြစ်နေပြီး ဒီနောက်ကွယ်မှာ ဘာရှိမလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။


■ မှတ်ပုံတင် ပြစရာမလိုဘဲ မဲပေးခွင့်ပြုခြင်း
ရွေးကောက်ပွဲအတွက် တိကျတဲ့ မဲစာရင်းလိုပါတယ်။ မဲပေးနိုင်သူ အရေအတွက် အတိအကျဖြစ်ဖို့ လိုပါတယ်။ နောက်ပြီး မဲပေးနိုင်သူတွေ မှတ်ပုံတင်ရှိဖို့လိုပါတယ်။
ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေတွေအရ မဲပေးနိုင်သူတွေဟာ မှတ်ပုံတင်မပြလည်း မဲပေးနိုင်ခွင့်ရှိသလို ဖြစ်နေပါတယ်။ လိုအပ်ရင် တောင်းယူမှပြရမယ်ဆိုတဲ့ သဘောမျိုးပါ။
ဒါဟာ ရှုပ်ထွေးမှုကို ဦးတည်နိုင်ပါတယ်။ ရွေးကောက်ပွဲနေ့မှာ မဲပေးချင်သူတစ်ဦးက မဲစာရင်းမှာ အမည်ပါနေဖို့ပဲလိုတယ်၊ ကောင်းတယ်ထင်ရပေမဲ့ ဒီအချက်ကြောင့် ရွေးကောက်ပွဲ မသမာမှုလုပ်ချင်သူတွေအတွက် အားသာချက် ဖြစ်သွားနိုင်ပါတယ်။
မဲပေးနိုင်သူစာရင်းမှာ မှတ်ပုံတင်မရှိသူတွေ ပါနေမယ်၊ အဲဒီလူတွေဟာ ဘယ်ကမှန်းမသိသူတွေ ဖြစ်နေမယ်၊ ဒီလူတွေဟာ ရွေးကောက်ပွဲနေ့မှာ ရုတ်တရက် ပေါ်လာပြီး မဲပေးကြမယ်ဆိုရင် ဒါဟာ မဲလိမ်မဲညစ်ဖို့အတွက် အကြောင်းတစ်ရပ် ဖြစ်လာနိုင်ပါတယ်။
ထုတ်ပြန်ထားတဲ့ အခြေခံမဲဆန္ဒရှင်စာရင်းမှာလည်း မှတ်ပုံတင်နံပတ် လွဲမှားနေတာ၊ မှတ်ပုံတင်နံပါတ် မပါတာ၊ ဒါတွေကို စိစစ် ပြင်ဆင်နိုင်ဖို့ အချိန်မရှိတာတွေဟာ မှတ်ပုံတင် အရေးမကြီးဘူးဆိုတဲ့အဓိပ္ပါယ် သက်ရောက်စေပါတယ်။ ဒါက အန္တရာယ်ရှိတဲ့ အချက်ပါပဲ။
ဒါကြောင့် မဲစာရင်းမှာ အမည်ပါသူဟာ မှတ်ပုံတင်ကို မဖြစ်မနေပြပြီးမှ မဲပေးရမယ်ဆိုတဲ့ ပုံစံမျိုးကို ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေမှာ ထည့်သွင်းနိုင်ဖို့ ပြင်ဆင်ချက်တွေလုပ်ဖို့ လိုလာပါတယ်။
ဒါမှမဟုတ် ကြိုတင်မဲ ကန့် သတ်မှုလုပ်သလိုမျိုး မှတ်ပုံတင်မပါဘဲ မဲပေးခွင့်ပြုသူ ၅ ရာခိုင်နှုန်းထက်မပိုအောင် တားဆီးထားဖို့ လိုပါလိမ့်မယ်။
အကယ်၍ မှတ်ပုံတင်ပြစရာမလိုဘဲ မဲပေးခွင့်ပြုလိုက်ပြီဆိုတာ နဲ့ ရွေးကောက်ပွဲ မသမာမှု ဖြစ်နိုင်ခြေ ရာခိုင်နှုန်း ပိုလာမှာပါ။
နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ခုကပြည်ပရောက် မဲဆန္ဒရှင်တွေနဲ့ ကြိုတင်မဲ ပြဿနာဖြစ်ပါတယ်။


■ ကြိုတင်မဲနှင့် ပြည်ပရောက် မဲဆန္ဒရှင်များ
ကြိုတင်မဲ ကိစ္စတွေကြောင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲဟာ အကျည်းတန်ခဲ့ပါတယ်။ ဒီလို ထပ်အဖြစ်ခံမှာ မဟုတ်ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကတိပေးထားပါတယ်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ မဲအားလုံးရဲ့ ၅ ရာခိုင်နှုန်းကိုပဲ ကြိုတင်မဲအဖြစ် လက်ခံမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။
မဲပေးနိုင်သူ အရေအတွက် သန်း ၃၀ ရှိတယ်ဆိုရင် လူဦးရေ ၁ ဒသမ ၅ သန်းကိုပဲ ကြိုတင်မဲ လက်ခံမယ်လို့ ဆိုလိုတာ ဖြစ်ပါ တယ်။
နိုင်ငံတကာအဖွဲ့အစည်းတွေ ရဲ့ ကိန်းဂဏန်းအရ မြန်မာနိုင်ငံကနေ ပြည်ပမှာ ရောက်ရှိနေသူ အရေအတွက် အနည်းဆုံး ငါးသန်းအထက်မှာ ရှိနိုင်ပါတယ်။ သန်းခေါင်စာရင်း ရလာဒ်တွေအရ နိုင်ငံခြားကို ရောက်ရှိနေသူ အရေအတွက် ၂ သန်းနီးပါး ရှိတယ်လို့ သိရပါတယ်။ ဒီထဲမှာ အများစုက အသက် ၁၈ နှစ်အထက် လူငယ်တွေ ဖြစ်ပါတယ်။
အဲဒီသူတွေဟာ မွန်၊ ကရင်နဲ့ ရှမ်းပြည်နယ်က လူတွေ အများဆုံး ဖြစ်ပါတယ်။ ရောက်နေသူ အားလုံးရဲ့ ရာခိုင်နှုန်း ၇၀ က ထိုင်းနိုင်ငံမှာ ဖြစ်ပြီး ၁၅ ဒသမ ၁ ရာခိုင်နှုန်းက မလေးရှားမှာ ဖြစ်ပါတယ်။ စင်ကာပူ နိုင်ငံကို ရောက်နေသူ ၃ ဒသမ ၉ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။
ပြည်ပရောက် မြန်မာနိုင်ငံသား အရေအတွက် ၂ သန်း ဆိုတာ မြန်မာနိုင်ငံတွင်းမှာ ရှိတဲ့ အိမ်ထောင်စုတွေရဲ့ ပြောဆိုချက်ကို မူတည်ခဲ့တာပါ။ နိုင်ငံရပ်ခြားကို မိသားစုလိုက် ရွှေ့ပြောင်း နေထိုင်ခဲ့သူတွေ၊ စစ်ဘေးဒုက္ခသည် စခန်းမှာ ရှိနေသူတွေ အရေအတွက် မပါဝင်ပါဘူး။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်တစ်ခုတွင် ပြည်သူများ စစ်ဆေးကြည့်ရှုနိုင်ရန် စတုတ္ထအကြိမ် အခြေခံမဲဆန္ဒရှင်စာရင်း ကပ်ထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)
အစိုးရက တရားဝင် ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေက နိုင်ငံခြား ရောက်နေသူ အရေအတွက် နှစ်သန်းရှိတယ်လို့ ပြောတယ်၊ တရားမဟုတ်တဲ့ အချက်အလက်တွေအရ အနည်းဆုံး ငါးသန်းအထက်မှာ ရှိပါတယ်။ ပျမ်းမျှအားဖြင့် နိုင်ငံရပ်ခြား ရောက်နေသူ အရေအတွက် ငါးသန်း ရှိနိုင်တယ်လို့ ခန့်မှန်းနိုင်ပါတယ်။ သူတို့ထဲမှာ အများစုက မဲဆန္ဒရှင် စာရင်းထဲ ပါဝင်နေကြမှာ ဖြစ်ပါတယ်။
ဒီအခါ ကြိုတင်မဲ ကန့်သတ်ချက် အရ လူဦးရေ ၁ ဒသမ ၅ သန်းပဲ ကြိုတင်မဲ ပေးပိုင်ခွင့် ရှိပါတယ်။ ဒါကြောင့် နိုင်ငံရပ်ခြားကို ရောက်နေသူ အရေအတွက် အနည်းဆုံး ငါးသောင်းကနေ ၃ ဒသမ ၅ သန်းအထိ မြန်မာနိုင်ငံကို ပြန်လာပြီး မဲမပေးဘူးဆိုရင် သူတို့ရဲ့ မဲတွေ ဆုံးရှုံးမှာ ဖြစ်ပါတယ်။
မဲဆုံးရှုံးတာ တစ်ခုတည်း မဟုတ်ပါဘူး။ မဲစာရင်းမှာ ပါဝင်နေတဲ့ သူတို့ရဲ့ မဲပေးပိုင်ခွင့်ဟာ ရွေးကောက်ပွဲ မသမာမှု လုပ်လိုသူတွေအတွက် အခွင့်အရေးတစ်ခု ဖြစ်သွားနိုင်ပါတယ်။


■ အခြေခံ မဲဆန္ဒရှင် စာရင်းမှာ မှားယွင်းမှု
လူဦးရေပေါ် မူတည်တဲ့ မဲစာရင်း အတိအကျ မထွက်သေးချိန်မှာ အခု ထုတ်ပြန်ထားတဲ့ အခြေခံ မဲစာရင်းတွေလည်း ရည်ရွယ်ချက်ရှိရှိ ပုံစံမျိုး မှားနေပါတယ်။
သာမန် မှားယွင်းမှုမျိုး ရှိနိုင်ပေမဲ့ မမှားသင့်တဲ့ အမှားမျိုးတွေက အများအပြား ပါပဲ။ ဒီအတွက် သက်ဆိုင်ရာ ဒေသဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေးမှူးတွေမှာ အဓိက တာဝန် ရှိပါတယ်။ သူတို့ကို ပြည်ထဲရေး ၀န်ကြီးဌာနက ခန့်အပ်ထားတာပါ။ အခြေခံ မဲဆန္ဒရှင်စာရင်း ယူဖို့ ထွေ/အုပ်ရုံးမှာရှိတဲ့ လူဦးရေ စာရင်းနဲ့ အိမ်ထောင်စု စာရင်းကို ယူပါတယ်။ ဒီအခါ ရည်ရွယ်ချက်ရှိတယ် ထင်ရတဲ့ အမှားတွေ ပေါ်လာပါတယ်။
ဥပမာ - အခု ထုတ်ပြန်တဲ့ အခြေခံ မဲဆန္ဒရှင် စာရင်းအတွက် လ၀က ပုံစံ ၆၆/၆ ကို အခြေပြုတယ်လို့ ဆိုပါတယ်။ အဲဒီ ပုံစံ ၆၆/၆ မှာ မိခင်နာမည် မပါပါဘူး။ ဒါပေမဲ့ အခြေခံမဲစာရင်း ထွက်လာချိန်မှာ မိခင်နာမည် တွဲပါသူတွေ ရှိခဲ့ပါတယ်။
ဒါကြောင့် ဘာကို အခြေပြုပြီး လုပ်နေသလဲ၊ ဘယ်လိုတွေ လုပ်နေသလဲဆိုတာ သံသယ ဖြစ်စရာတွေ ပေါ်လာတာပါ။ သေဆုံးပြီးသူတွေ ပါနေတယ်ဆိုတဲ့ နေရာမှာလည်း လွန်ခဲ့တဲ့ နှစ် ၃၀ က သေဆုံးခဲ့ပြီးသူတွေ၊ လွန်ခဲ့တဲ့ နှစ် ၃၀ ထဲက နေထိုင်ခြင်း မရှိတော့တဲ့ အိမ်ထောင်စုတွေ ပါနေတာကလည်း အံ့အားသင့်စရာ ဖြစ်စေခဲ့ပါတယ်။
အနည်းဆုံးတော့ ကိုယ့်ဒေသမှာ ရှိနေသူတွေရဲ့ အကြောင်းအရာ၊ အချက်အလက်တွေကို သက်ဆိုင်ရာ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေ သိထားပါတယ်။ သူတို့က စာရင်းအချက်အလက် အမှန်တွေ မပေးခဲ့ဘူးလား၊ ဒါမှမဟုတ် သူတို့ စာရင်းအချက်အလက် အမှန်တွေ ပေးခဲ့ပေမယ့် ဗဟိုက ပြောင်းလဲလိုက်သလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ရရှိတဲ့ အချက်အလက်တွေအရ အနည်းဆုံး ရာခိုင်နှုန်း ၃၀ ကနေ ရာခိုင်နှုန်း ၈၀ အထိ အခြေခံမဲစာရင်း မှားယွင်းမှုတွေ ရှိတယ်လို့ သိရပါတယ်။
Eleven Media Group က ကောက်ယူတဲ့ စစ်တမ်းတစ်ရပ် အရတော့ ပျမ်းမျှအားဖြင့် ရာခိုင်နှုန်း ၅၀ နီးပါး အခြေခံမဲစာရင်း မှားယွင်းမှုတွေ ရှိပါတယ်။


■ EMG စစ်တမ်း ဖော်ပြချက်
ထုတ်ပြန်ထားတဲ့ အခြေခံ မဲဆန္ဒရှင် စာရင်းမှာ ဘယ်လောက် မှားယွင်းမှုတွေ ရှိသလဲ ဆိုတာကို Eleven Media Group (EMG) က ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ ပျှမ်းမျှ စစ်တမ်းတစ်ရပ် ကောက်ယူခဲ့ပါတယ်။
EMG မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ၀န်ထမ်း ၃၄၅ ဦးက အိမ်ထောင်စု ၃၄၅ ခုကိုယ်စား ပျှမ်းမျှစစ်တမ်းအတွက် ဖြေဆိုပေးခဲ့ပါတယ်။
ဖြေဆိုသူ ၃၄၅ ဦးထဲမှာ သူတို့ရဲ့ မဲစာရင်း မှန်ကန်မှု ရှိတယ်လို့ ဖြေဆိုသူ ၂၀၂ ဦး ရှိခဲ့ပါတယ်။ မှားယွင်းမှုတွေ ပါနေတယ်လို့ ဖြေဆိုသူ ၉၀ ဦး ရှိပါတယ်။ မဲစာရင်းမှာ လုံးဝမပါခဲ့ဘူးလို့ ဖြေဆိုသူက ၅၃ ဦး ရှိခဲ့ပါတယ်။
ရာခိုင်နှုန်းနဲ့ တွက်ချက်လိုက်ရင် မဲစာရင်း မှန်တယ်လို့ ဖြေဆိုသူ ၅၈ ဒသမ ၅ ရာခိုင်နှုန်း ရှိပါတယ်။ ကျန်တဲ့ ၄၁ ဒသမ ၅ ရာခိုင်နှုန်းက လွဲချော်မှု ရှိနေပါတယ်။
၄၁ ဒသမ ၅ ရာခိုင်နှုန်းမှာ မဲစာရင်း မှားယွင်းနေသူ ၂၆ ဒသမ ၁ ရာခိုင်နှုန်း ရှိပါတယ်။ မဲစာရင်းမှာ လုံးဝမပါသူ အရေအတွက်က ၁၅ ဒသမ ၄ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။
ဒါဟာ ပျမ်းမျှသဘောအဖြစ် အကြမ်းဖျင်း ကောက်ယူခဲ့တဲ့ အလွတ်သဘော စစ်တမ်းရဲ့ အဖြေ ဖြစ်ပါတယ်။


■ မဲပေးပိုင်ခွင့် ဘယ်လောက် ဆုံးရှုံးနိုင်လဲ
NLD ရဲ့ တွေ့ရှိချက်နဲ့ EMG ရဲ့ အလွတ်သဘော စစ်တမ်းကို အခြေခံပြီး တွက်ချက်တဲ့အခါ တစ်နိုင်ငံလုံး မဲပေးပိုင်ခွင့် ရှိသူတွေထဲက ထက်ဝက်ကျော်ဟာ မဲပေးပိုင်ခွင့် ဆုံးရှုံးရမလို ဖြစ်နေပါတယ်။
၁၉၉၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲမှာ ဒီလောက်အထိ ဆိုးရွားစွာ မရှိခဲ့ပါဘူး။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာတော့ မသမာမှုတွေ ရှိခဲ့ပါတယ်။ ဒါကို ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲက သက်သေပြခဲ့ပါတယ်။ အခု ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ၂၀၁၀ ပြည့်နှစ် အကြို အခင်းအကျင်းတွေ မြင်နေရပါတယ်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့် ရှိသူ ၂၉ သန်း ရှိတယ်ဆိုရင် EMG စစ်တမ်းအပေါ် မူတည်ပြီး အကြမ်းဖျင်း တွက်ချက်တဲ့အခါ လူဦးရေ ၇ ဒသမ ၅ သန်းလောက် မဲစာရင်း မှားယွင်းနေပါမယ်၊ လူဦးရေ ၄ ဒသမ ၅ သန်းက မဲပေးပိုင်ခွင့် လုံးဝ ဆုံးရှုံးပါလိမ့်မယ်။ စာရင်းနှစ်ရပ်ပေါင်း မဲပေးပိုင်ခွင့်ရှိသူ ၁၂ သန်းလောက်ဟာ မဲပေးဖို့ အခွင့်အရေး လက်လွှတ်ရမလို ဖြစ်တဲ့ အခြေအနေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ အဲဒီ ပမာဏမှာ ပြည်ပရောက်ရှိနေသူ ပျှမ်းမျှ ၃ ဒသမ ၅ သန်း ထပ်ပေါင်းရင် လူဦးရေ ၁၅ ဒသမ ၅ သန်းနီးပါး မဲပေးပိုင်ခွင့် ဆုံးရှုံးရမယ့် အခြေအနေ ဖြစ်လာပါတယ်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ၀န်ကြီးဌာနမှ ထုတ်ဝေသော “သန်းခေါင်စာရင်းက ညွန်းဆိုသော မြန်မာ့ပုံရိပ်” အစီရင်ခံစာတွင် ဖော်ပြထားသည့် လူဦးရေဆိုင်ရာ အချက်အလက်များ (မှတ်ချက် - ထိုအစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ လူဦးရေကို ၅၀ ဒသမ ၂၇ သန်းဖြင့် ဖော်ပြထားသည်)
တကယ်လို့ မဲပေးပိုင်ခွင့်ရှိသူ သန်း ၃၀ ရှိခဲ့မယ်ဆိုရင် မဲပေးခွင့် လက်လွှတ်ရမယ့် အရေအတွက်ဟာ ၁၂ ဒသမ ၃ သန်းကျော်အထိ ရှိသွားနိုင်ပြီး ပြည်ပရောက် အရေအတွက် ပေါင်းရင် ၁၅ ဒသမ ၈ သန်းကျော် ဖြစ်လာနိုင်ပါတယ်။
မဲဆန္ဒရှင် စာရင်းမှာ အမည်ပါဝင်မယ်၊ အနည်းငယ် မှားယွင်းမှု ရှိနေမယ်၊ သူတို့ မဲပေးခွင့်ရမယ် ဆိုသည့်တိုင်အောင် ပျှမ်းမျှလူဦးရေ ရှစ်သန်းနီးပါးက မဲပေးပိုင်ခွင့် လုံးဝ ဆုံးရှုံးရမယ့် အခြေအနေ ဖြစ်ပါတယ်။
မဲဆန္ဒရှင်တွေ ကိုယ်တိုင်က မဲစာရင်း သွားရောက် မစစ်ဆေးဘူး၊ မှားယွင်းမှုတွေ မပြင်ဆင်ဘူး၊ သေဆုံးပြီးသူတွေ၊ မဲစာရင်းမှာ မပါဝင်သင့် သူတွေကို မဖယ်ထုတ်ဘူး၊ ဒါ့အပြင် မဲစာရင်းမှာ ကိုယ့်အမည် မပါတာကို ထည့်သွင်းခြင်း မရှိဘဲ နှုတ်ဆိတ်နေမယ် ဆိုရင် ဒီအချက်တွေက ရွေးကောက်ပွဲ မသမာမှု လုပ်လိုသူတွေ အကြိုက် ဖြစ်လာနိုင်ပါတယ်။


■ ဘယ်လိုနည်းတွေ သုံးတတ်လဲ
ဒီမိုကရေစီ အာဏာရှင် နိုင်ငံတွေမှာတော့ အာဏာကို ချုပ်ကိုင်ထားဖို့ ရွေးကောက်ပွဲ မသမာတဲ့ နည်းလမ်းကို အမြဲသုံးပါတယ်။
အနီးစပ်ဆုံး အဖြစ် ကမ္ဘောဒီးယား နိုင်ငံကို ကြည့်နိုင်ပါတယ်။
အထူးသဖြင့် ဒီမိုကရေစီ အာဏာရှင်တွေ လုပ်လေ့ရှိတဲ့ မသမာမှုတွေက ထပ်တူကျလေ့ ရှိပါတယ်။
ပထမ အချက်က ရွေးကောက်ပွဲမှာ မဲညစ်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်တယ်။ ဒုတိယ တစ်ချက်က ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို အပေါ်ယံလောက်ပဲ လုပ်ပြပြီး အဓိက ကျတာတွေကို ညှိနှိုင်း ဆွေးနွေးမှု မရှိပါဘူး။ တတိယ အချက်က နိုင်ငံပိုင် မီဒီယာတွေကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် တရားရုံးရေး ဆိုင်ရာတွေမှာ ကိုယ့်လူတွေကိုပဲ နေရာပေးထားပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကိစ္စ အငြင်းပွားမှုတွေ ရှိလာရင် ကိုယ်လူ့တွေနဲ့ပဲ ထိန်းချုပ်လေ့ ရှိပါတယ်။ မဲလိမ်တဲ့ အခါမှာလည်း ရွေးကောက်ပွဲ တစ်ခုလုံးကို ထိန်းချုပ်ပြီး အမှန်တကယ် အနိုင်ရတယ်လို့ ထင်အောင် လုပ်လေ့ ရှိပါတယ်။ အကြမ်းဖက်မှုတွေကို ရှောင်ရှားတဲ့ ပုံစံ ပြပြီး၊ ပြည်သူတွေနဲ့ စကားပြောတယ်။ ပြီးတဲ့အခါ နောက်ကြောင်း ပြန်လှည့်မကြည့်နဲ့လို့လည်း ပြောလေ့ ရှိပါတယ်။
ဒေသတွင်း ကမ္ဘောဒီးယားမှာတော့ မဲဆန္ဒရှင်စာရင်း မတည်မငြိမ်ဖြစ်အောင် လုပ်လေ့ ရှိပါတယ်။ ခန့်မှန်း လူဦးရေ စာရင်းနဲ့ပဲ မဲဆန္ဒရှင် စာရင်းကို ပြုစုလေ့ ရှိပါတယ်။ နိုင်ငံသား မဟုတ်သူတွေကို မဲဆန္ဒရှင် စာရင်းသွင်းပြီး မဲပေးခိုင်းလေ့ ရှိပါတယ်။
မဲပေးရာမှာလည်း ဖျက်မရတဲ့ မင်ကို သုံးတယ်လို့ ထင်အောင် လုပ်ထားပါတယ်။ လက်တွေ့မှာတော့ သူတို့ အသုံးပြုခဲ့တဲ့ မင်တွေဟာ မိနစ်ပိုင်းအတွင်း အရောင်ပြယ် ပယ်မဲဖြစ်အောင် လုပ်လို့ရသလို မဲပေးသူတွေကို တစ်ကြိမ်ထက်မက မဲပေးနိုင်အောင် လုပ်ခဲ့ပါတယ်။
ဒီလို နည်းတွေနဲ့ပဲ ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆန်က ရွေးကောက်ပွဲမှာ အနိုင်ယူပြီး အာဏာကို ကာလရှည်ကြာ ရယူခဲ့ပါတယ်။
၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ ရွေးကောက်ပွဲမှာ မဲပေးပုံ နည်းစနစ်ပိုင်း ပြောင်းထားပါတယ်။ အရင် ရွေးကောက်ပွဲတွေမှာ ကိုယ်ရွေးချယ်တဲ့ ကိုယ်စားလှယ်လောင်းဘေးမှာ အမှန်ခြစ် အမှတ်အသားကို ရေးခြစ် ဆန္ဒပြုရပါတယ်။ အခု ဒီလို မဟုတ်တော့ပါဘူး။
ကြိုတင်မဲ ပေးသူတွေကိုတော့ အမှန်ခြစ် အမှတ်အသား ရေးခြစ်စေပေမဲ့ ရွေးကောက်ပွဲနေ့မှာ ကိုယ်တိုင် မဲပေးသူတွေက အမှန်ခြစ် အမှတ်အသားပါတဲ့ လေဆာတံဆိပ်တုံး ရိုက်နှိပ်ပြီး ဆန္ဒပြုရမှာ ဖြစ်ပါတယ်။ အဲဒီ လေဆာတံဆိပ်တုံးမှာ အသုံးပြုမယ့် မင်အရေအသွေးကို မသိရသေးပါဘူး။
ကမ္ဘောဒီးယားမှာ သုံးခဲ့သလို မိနစ်ပိုင်းအတွင်း အရောင်ပြယ်တဲ့ မင်တွေ သုံးခဲ့မယ် ဆိုရင် ပယ်မဲ အရေအတွက် ပိုများနိုင်သလို တစ်ကြိမ်ထက်မက မဲပေးရသူတွေလည်း ရှိပါတယ်။
နောက်ထပ် အရေးကြီးတာက မှတ်ပုံတင်ပြစရာ မလိုဘဲ မေးပေးခွင့် ပြုထားတာမို့ အကြောင်းအမျိုးမျိုးကြောင့် မဲပေးပိုင်ခွင့်ဆုံးရှုံးရသူတွေရဲ့ ဆန္ဒမဲလက်မှတ်တွေမှာ အလွယ်တကူ တံဆိပ်တုံးရိုက်နှိပ်လို့ရတဲ့ အခြေအနေတွေ ဖြစ်လာနိုင်ပါတယ်။
အဲဒီကတစ်ဆင့် သန်းနဲ့ချီရှိတဲ့ မဲမသမာမှုတွေ ဖြစ်လာနိုင်ပါတယ်။
ဒီလိုမဖြစ်အောင် နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေကပဲ တားဆီးနိုင်မှာ ဖြစ်ပါတယ်။
အထူးသဖြင့် နိုင်ငံအနှံ့ မဲရုံတွေမှာ ဒေသဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးအဖွဲ့ဝင်တွေရဲ့ သြဇာလွှမ်းမိုးမှု၊ ချုပ်ကိုင်မှုနည်းအောင် ရွေးကောက်ပွဲကော်မရှင်က နည်းဥပဒေမှာ အတိအကျ ပြဋ္ဌာန်းသတ်မှတ်ပြီး တားဆီးထားရပါမယ်။


■ စောင့်ကြည့်ရမည့် ကိစ္စများ
ရွေးကောက်ပွဲအကြို အခြေခံမဲစာရင်းမှာ အမှားအယွင်းတွေ ရှိသင့်တာထက် ပိုများနေတာက ရွေးကောက်ပွဲကာလမှာ ပိုပြီး သတိထား စောင့်ကြည့်ရမလို ဖြစ်လာပါတယ်။
ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင် အထွေထွေအုပ်ချုပ်ရေးမှူးအဖွဲ့ဝင်တွေ၊ အစိုးရအဖွဲ့ဝင်တွေ အားလုံးကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုရင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးဟာ ဒုတိယဗိုလ်ချုပ်မှူးကြီးဟောင်း ဖြစ်ပါတယ်။
နောက်ပြီး ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေထဲက ဦးမြင့်နိုင်ဟာ ဒုတိယရှေ့နေချုပ်ဟောင်းတစ်ဦး ဖြစ်ပါတယ်။ ဦးအောင်မြင့်က တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူပါ။ ဒေါ်မြင့်ကြည်က မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ အခုလက်ရှိ အာဏာရပါတီ ပြည်ခိုင်ဖြိုး ပါတီမှာ သင်တန်းမှူး၊ အကြံပေးတာဝန်တွေ ထမ်းဆောင်ဖူးပါတယ်။
ဦးဝင်းကြည်ကလည်း ရေဆင်းတက္ကသိုလ် ပါမောက္ခချုပ် ဟောင်းတစ်ဦးဖြစ်ပါတယ်။ ဦးညွန့်တင်က ပြည်နယ်တရားသူကြီး တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဦးဝင်းကိုက တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဦးတင်ထွန်းက ကာကွယ်ရေးဝန်ကြီးဌာနမှာ ရုံးအဖွဲ့မှူး တာဝန်ထမ်းဆောင်ခဲ့ဖူးသူတစ်ဦး ဖြစ်ပါတယ်။
ဒါကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဗဟိုအဖွဲ့မှာ တပ်မတော်နဲ့ ပတ်သက်နေသူတွေ၊ အာဏာရပြည်ခိုင်ဖြိုးပါတီနဲ့ ဆက်နွှယ်နေသူတွေပဲ အများဆုံးနေရာယူထားပြီး အများစုက အထက်အောက် အမိန့်နာခံမှုဝန်းကျင်က ဆင်းသက်လာသူတွေ ဖြစ်ပါတယ်။
ကော်မရှင် အဖွဲ့ခွဲတွေမှာလည်း ဒီအတိုင်းပါပဲ။ အဖွဲ့ခွဲတွေ ရဲ့ အဓိက တာဝန်ကို တပ်မတော်က ပြောင်းရွေ့လာသူတွေပဲ တာဝန်ပေးထားပါတယ်။ ကော်မရှင်အဖွဲ့ခွဲတွေအတွက် စုစုပေါင်း ၀န်ထမ်း ၁၄၁၁ ဦးထဲမှာ တပ်မတော်က ပြောင်းရွေ့လာသူ ၁၂၄ ဦး ရှိပြီး သူတို့တွေက အဓိက တာဝန်တွေကို ယူထားပါတယ်။
နောက်တစ်ချက်က ကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်မယ့် ဒေသဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးမှူးတွေထဲမှာ အများစုက တပ်မတော်အရာရှိဟောင်းတွေဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနနဲ့ တပ်မတော်က သူတို့နောက်မှာ ရှိနေကြပါတယ်။
တစ်ဖက်မှာလည်း တပ်မတော်ဟာ ပြည်ခိုင်ဖြိုးပါတီနဲ့ သဘောထား၊ ခံယူချက်တူတယ်လို့ ပြောထားတာဖြစ်လို့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ဘယ်လောက်အထိ သမာသမတ်ကျမလဲဆိုတာ မျက်ခြေမပြတ် စောင့်ကြည့်ရမလို ဖြစ်နေပါတယ်။


■ အစိုးရပိုင်း၏ လှုပ်ရှားမှု
မဲဆန္ဒနယ်တွေ၊ နယ်မြေအလိုက် မဲဆန္ဒရှင်စာရင်းတွေ အတိအကျ ထွက်မလာသေးပေမဲ့ အစိုးရပိုင်းက လှုပ်ရှားမှုသတင်းတွေ ဆက်တိုက်ထွက်ပေါ်နေပါတယ်။
အထူးသဖြင့် သမ္မတရုံး ပြည်ထောင်စုဝန်ကြီးတွေ၊ အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတွေရဲ့ လှုပ်ရှားမှုက သူတို့ ဘယ်ဒေသတွေကို ဦးတည်နေသလဲဆိုတာ ထင်ရှားစေပါတယ်။
သူတို့အနေနဲ့ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တွေကို ပစ်မှတ်ထားဖို့ ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။
အတည်မပြုနိုင်သေးတဲ့ သတင်းတစ်ရပ်အရဆိုရင် သမ္မတရုံး ၀န်ကြီးတစ်ချို့က ကယားပြည်နယ် ရှားတောနဲ့ ဘောလခဲဒေသတွေမှာ ၀င်ပြိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
သန်းခေါင်စာရင်း ရလာဒ်အရဆိုရင် ရှားတောမှာ စုစုပေါင်း လူဦးရေ ၆၀၀၀ ကျော်ပဲရှိပါတယ်။ ဘောလခဲမှာ လူဦးရေ ၈၀၀၀ ကျော်ပဲ ရှိပါတယ်။ မဲပေးနိုင်သူ အရေအတွက်က အဲဒီထက်နည်းပါတယ်။ ရှားတောမှာ မဲပေးပိုင်ခွင့်ရှိသူအရေအတွက် ၃၈၀၀ ကျော်ပဲ ရှိပါတယ်။ နောက်ပြီး အဲဒီဒေသနှစ်ခုလုံး တပ်နယ်မြေ ဖြစ်နေပါတယ်။
၂၀၁၀ ပြည့်နှစ်တုန်းက မြို့ကြီးတွေမှာ ၀င်ပြိုင်ပြီး အနိုင်ရခဲ့သူတွေက၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ လူဦးရေနည်းပြီး တပ်နယ်မြေဖြစ်တဲ့ ဒေသတွေမှာ ၀င်ပြိုင် ပြီး အရွေးခံဖို့ စဉ်းစားထားတာဟာ သူတို့အနေနဲ့ လာမယ့် ရွေးကောက်ပွဲမှာ မဖြစ်ဖြစ်တဲ့ နည်းနဲ့ အနိုင်ရဖို့ ကြိုတင်ပြင်ဆင်ထားတဲ့ ခြေလှမ်းတွေလို့ နိုင်ငံရေးအကဲခတ်တွေက ယူဆထားပါတယ်။


■ သံသယ ဖြစ်စရာတွေ ရှိလာမယ်
အခြေခံမဲစာရင်း မှားယွင်းမှု အများဆုံးဖြစ်နေတာက ရန်ကုန်၊ မန္တလေး မြို့ကြီးတွေထက် နယ်စွန်နယ်ဖျား ဒေသတွေ၊ အထူးသဖြင့် အစိုးရပိုင်းက ထိန်းချုပ်နိုင်တဲ့ဒေသတွေမှာ အများဆုံးဖြစ်နေပါတယ်။
သူတို့ ပစ်မှတ်ထားတဲ့ ဒေသတွေကို ကြည့်ရင်လည်း ဒီအချက်ကို တွေ့နိုင်ပါတယ်။
ဒါပေမဲ့ အခု မဲစာရင်းမှားယွင်းမှုတွေအပါအ၀င် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ပြည်နယ်နဲ့ တိုင်းဒေသကြီး ခြောက်ခုကို ပစ်မှတ်ထားလုပ်ဆောင်နေတဲ့ ပြည်ထောင်စုဝန်ကြီးတွေရဲ့ ခရီးစဉ်တွေ၊ ပြည်နယ်ဖွံ့ဖြိုးမှုခေါင်းစဉ်နဲ့ သူတို့သုံးစွဲနေတဲ့ ငွေကြေးတွေကို မီဒီယာတွေက စောင့်ကြည့်နေပါတယ်။
တကယ်လို့ ရွေးကောက်ပွဲမှာ မသမာမှုတွေ ရှိလာပြီဆိုရင်တော့ ဒါတွေဟာ စွပ်စွဲစရာဖြစ်လာတော့ မှာပါ။
ရွေးကောက်ပွဲနဲ့ ပတ်သက်ရင်တော့ မဲစာရင်းပြုစုမှု၊ မဲပေးတဲ့နေ့၊ မဲရလာဒ်ထုတ်ပြန်ချက် ဒီသုံးချက်စလုံးက အရေးကြီးပါတယ်။
ပထမအဆင့်အနေနဲ့ မဲစာရင်းက အရေးကြီးဆုံးပါပဲ။ မဲစာရင်းမှားယွင်းမှုက မဲညစ်ဖို့အတွက် လုပ်နိုင်ခြေရှိတဲ့ သံသယတစ်ခု ဖြစ်ပါတယ်။
အကယ်၍ ရွေးကောက်ပွဲမှာ မျှတမှုမရှိခဲ့ဘူးဆိုရင် မြန်မာနိုင်ငံရဲ့အခြေအနေဟာ သုညကို ထပ်ညွှန်းတင်လိုက်သလိုပဲ ဖြစ်သွားပါလိမ့်မယ်။ ဒါ့အပြင် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့ ဒဏ်ခတ်မှုတွေလည်း တကျော့ပြန်လာပါလိမ့်မယ်။
ဒီအတွက် ပြည်သူလူထုကလည်း မှန်ကန်မျှတတဲ့ ရွေးကောက်ပွဲရလာဒ်ကိုပဲ လိုချင်ကြပါတယ်။
အခုအချိန်မှာ အခြေခံမဲစာရင်းမှားယွင်းမှုနဲ့ ပတ်သက်ပြီး အချိန်မီ ပြင်ဆင်နိုင်ဖို့ ရွေးကောက်ပွဲကော်မရှင်က ပူးပေါင်းဆောင်ရွက်နေတာ၊ အချို့သော နည်းဥပဒေတွေကို ပြင်ဆင်ပေးနေတာတွေဟာ ကောင်းတဲ့အခြေအနေ ဖြစ်ပါတယ်။ ဒါမျိုးတွေကို ဆက်တိုက် လုပ်ကိုင်သွားမယ်ဆိုရင်တော့ မဲစာရင်းဟာ သတ်မှတ်ထားတဲ့အချိန်အတွင်း အထိုက်အလျောက် မှန်သွားနိုင်ပါတယ်။
ဒါပေမဲ့ အခုလက်ရှိ ဖြစ်ခဲ့တဲ့ မှားယွင်းမှု၊ အားနည်းချက်တွေက ရွေးကောက်ပွဲ မသမာမှု လုပ်မလားဆိုတဲ့ သံသယကို ဖြေဖျောက်နိုင်ခြင်း မရှိသေးပါဘူး။
ဖြစ်နေတဲ့ သံသယတွေကို ဖြေပျောက်ပေးနိုင်ဖို့အတွက် မဲစာရင်းမှားယွင်းမှုတွေကို ပြင်ဆင်ရာမှာ အပြုသဘော ပူးပေါင်းဆောင်ရွက်မယ်၊ မှန်ကန်တဲ့ အမည်စာရင်းတွေ ပါဝင်ဖို့ ပြုပြင်စရာရှိတာတွေကို ပြုပြင်မယ်၊ တစ်ဖက်မှာလည်း ဒေသဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေးမှူး အာဏာပိုင်တွေရဲ့ သြဇာလွှမ်းမိုးမှုတွေကို လျှော့ချဖို့ လုပ်ပေးနိုင်ခဲ့မယ်ဆိုရင် ရွေးကောက်ပွဲ လွတ်လပ်မျှတဖို့ ပထမဆုံးခြေလှမ်း စတင်နိုင်မှာ ဖြစ်ပါတယ်။
ဒီလိုမဟုတ်ဘဲ အမှားအယွင်းတွေ၊ အားနည်းချက်တွေ ဆက်ဖြစ်နေမယ်ဆိုရင်တော့ သံသယဖြစ်စရာတွေ ရှိလာမှာပဲ ဖြစ်ပါတယ်။

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video