၂၀၁၄ ခုနှစ်၊ ဧပြီလ (၂၁) ကား မြန်မာနိုင်ငံသူနိုင်ငံသားအမြောက်အများ စိတ်နှလုံးမသာမယာ ၀မ်းနည်းမဆုံး ကြေကွဲ မဆုံးဖြစ်ကြရသည့် နေ့။ မြန်မာ့ ဒီမိုကရေစီဘက်တော်သားတို့အတွက် ရှေ့ဆောင်လမ်းပြ ကြယ်တံခွန်ကြီးတစ်စင်း ကွယ်ပျောက် သည့်နေ့။ ထိုနေ့တွင် သတင်းစာဆရာကြီး ဟံသာဝတီ ဆရာဦးဝင်းတင် (သို့မဟုတ်) အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ထူထောင်ခဲ့သူ နိုင်ငံရေးသုခမိန်ကြီး ဦးဝင်းတင်အား ဒီမိုကရေစီ ဘက်တော်သား တို့ဆုံးရှုံး လိုက်ရသည့် နေ့ ဖြစ်ပေသည်။
ဆရာသည် စစ်အာဏာရှင်အမှောင်ခေတ်၏ “သခင်ကိုယ်တော်မှိုင်း” ဖြစ်သည်ဟု ယနေ့ခေတ် နိုင်ငံရေးအင်အားစုများက ယူဆကြသည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းခေတ်တွင် သခင်အောင်ဆန်းကို ဝေဖန်လမ်းပြနိုင်သူမှာ ဆရာကြီးမှိုင်းသာ ရှိသည်။ ယခု ခေတ်တွင်မူ နိုင်ငံကအားကိုးအားထားရသော ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဝေဖန်ရဲ အကြံပေးရဲသူမှာ ဆရာ ဦးဝင်းတင်တစ်ဦးသာ ရှိပေသည်။ ထို့ကြောင့် ဦးဝင်းတင်ကွယ်လွန်ခြင်းသည် အမှောင်ခေတ် နိုင်ငံရေးလောက၏ အလင်းလက်ဆုံး ကြယ်တာရာကြီး ကြွေကျသွားသကဲ့သို့ ယနေ့နိုင်ငံရေးအ၀န်းအ၀ိုင်းတွင် ခံစားနေကြရပေသည်။
ဆရာသည် သတင်းစာသမားပီပီ တိုင်းပြည်လူထုတွေ့ကြုံခံစားနေရသော ဒုက္ခဆင်းရဲတို့ကို နှလုံးရည်ဖြင့် ကယ်တင်ရန် ကြိုးစား အားထုတ်သူမျှသာဖြစ်သည်၊၊ ထို့ကြောင့်လည်း တိုင်းပြည့်ပြဿနာများကို အကြမ်းမဖက်သည့်နည်း (နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးသည့် နည်း) ဖြင့် အဖြေရှာလိုသူ ဒေါ်အောင်ဆန်းစုကြည်နှင့် လက်တွဲမိခြင်းဖြစ်ပေသည်၊၊ ထိုသို့သော နှလုံးရည်သမားတဦးကို ငြိုးသူ ရန်ဖက်သဖွယ် ဆယ်စုနှစ် နှစ်စုနီးပါး ထောင်းသွင်းအကျဉ်းချထားရက်သည့် စစ်ဗိုလ်ချုပ်ကြီးများ၏ ‘မျိုးချစ်စိတ်’ဆိုသည်မှာ အံ့စရာ ကောင်းလှပေ သည်၊၊ အကယ်သာ စစ်ဗိုလ်ချုပ်ကြီးများ တိုင်းပြည်နှင့် လူမျိုးကို အမှန်တကယ် ချစ်သည်ဆိုလျှင် ‘ပြည့်ဦးနှောက်’နှင့်တူသော သတင်းစာဆရာ စာရေးဆရာ ပညာရှင်များကို ဖမ်းဆီးထောင်ချမည့်အစား နေရာပေးရမည်၊ စကားပြောခွင့်ပေးရမည်ဖြစ်သည်၊၊
ဆရာသည် စာရေးဆရာ သတင်းစာဆရာအဖြစ် နှစ်ပေါင်း(၃၀)ကျော် တိုင်းပြည် နှင့် လူမျိုးကို အလုပ်အကျွေးပြုခဲ့သည်၊၊ သူ နေထိုင် ကျင်လည်ရာ လူမှုပတ်ဝန်းကျင်ရှိ မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်း လုပ်ဖေါ်ကိုင်ဖက်များကိုလည်း စိတ်စေတနာ ပြည့်ဝစွာ ကူညီထောက်ပံ့ လေ့ရှိသည်မှာ သူ၏ ထူးခြားထင်ရှားသည့် စရိုက်သဘာဝဖြစ်သည်၊၊ ထို့ကြောင့် ဆရာသည် လူချစ်လူခင် များသူ ဖြစ်သည်၊၊ ဆရာသည် သူ့ လူမှု ပတ်ဝန်းကျင်တွင် အကူအညီလိုနေသူ မည်သူ့ကို မဆို မျက်နှာစိမ်း မျက်နှာကျက်မရွေး ကူညီတတ်သူဖြစ်သည်၊၊ အထူးသဖြင့် သူအလုပ် လုပ်သည့် သတင်းစာ တိုက်မှ လုပ်ဖေါ်ကိုင်ဖက် အလုပ်သမားမိသားစုများ၏ စားဝတ်နေရေး အခက်အခဲများကို သူ့အိပ်ထဲမှ စိုက်ထုတ်ကူညီလေ့ရှိသည်၊၊ သူရရှိသည့်လစာ ဝင်ငွေကို သူ့အတွက်သုံးစွဲသည်က နည်း၍ အခြားလိုအပ်နေသူ မိတ်ဆွေများ လုပ်ဖေါ်ကိုင်ဖက်များအတွက် သုံးစွဲသည်က များပေသည်၊၊ ထို့ကြောင့် ဆရာဦးဝင်းတင် ၏ နေထိုင်စားသောက်မှု ဘ၀ပုံသဏ္ဍာန်ကို အာဏာရှင်ဘက်သားတို့က ‘ဘုံဝါဒ’သမား အဖြစ် ကင်ပွန်း တတ်ကြခြင်းဖြစ်သည်၊၊ ဆရာ့ကို ကွန်မြူနစ်ဟု တံဆိပ်ကပ်ကြခြင်းဖြစ်ပေသည်၊၊ ဗိုလ်အောင်ကြီးကပင်လျှင် ဆရာ့အား ကွန်မြူနစ်ဟု စွပ်စွဲခဲ့သည်ကို မှတ်မိကြမည်ထင်ပါသည်၊၊
အမှန်တွင်မူ ဆရာ့စိတ်နေစိတ်ထားမှာ သူတော်စင်တဦးကဲ့သို့ ဖြူစင်နေခြင်းသာဖြစ်သည်၊၊ ဆရာသည် သူ့တကိုယ်ရေ တကာယ အတွက် ခြိုးခြံစွာနေတတ်သူဖြစ်၍ အဝတ်အစား အသုံးအဆောင်မှ အစ ငွေကြေးအဆုံး အခြား လိုအပ်နေသူများကို ဝေမျှစွန့်ကြဲတတ်သည်မှာ ဝါသနာတခုလိုပင်ဖြစ်နေသည်၊၊ အလွန် ကျဉ်းကျပ်သည့် ထောင်ထဲမှာပင် ဆရာသည် သူ၏ထောင်ဝင်စာတွင် ပါရှိလာသော အသုံးအဆောင် အစား အသောက်များကို အခြားလိုအပ်နေသူများအား မျှဝေစွန့်ကြဲလေ့ရှိပေသည်၊၊ ရံဖန်ရံခါ သူ့အတွက် အမှန်တကယ်လိုအပ်သည့်အာဟာရဖြစ်မည့် အစားအသောက်နှင့် ဆေးဝါးများကိုပင် ဝေမျှတတ်သဖြင့် ဘေးမှ ရဲဘော်များက ဝင်ရောက်ဟန့်တားကြရသည်၊၊ သို့တိုင်အောင် ဆရာက အပြုံး မပျက်ဘဲ “ဝေလိုက်ပါဗျာ၊ ကျနော်လည်း နေကောင်း နေတာပဲ၊ အသည်းအသန်ကြီး ဖျားနာနေတာမှ မဟုတ်ဘဲ၊၊” ဟု ပြောတတ်သည်၊၊ နောက်ဆုံး ဆရာစိတ်ချမ်းသာအောင် သူပြောသည့် အတိုင်း ခွဲတမ်းချ ဝေမျှပေးရမြဲဖြစ်သည်၊၊
အမှန်ဆိုလျှင် ဆရာ့ ကျန်းမာရေးမှာ ဒေါင်ဒေါင်မည်မဟုတ်ပါ၊၊ အရိုးကျည်းပေါင်းတက်ရောဂါကြောင့် လည်ပင်းတွင် အမြဲတစေ ဒေါက်ချာ စွပ်ထားရသည်၊၊ နှလုံးရောဂါအတွက်လည်း အမြဲ ဆေးစားနေရသည်၊၊ ဆီးရောဂါ ခံစားနေရရုံမက အူကျဝေဒနာကိုလည်း အာဏာပိုင်များက လျစ်လျူ ပြုထား၍ လက်တဖက်နှင့် အမြဲ မ ထားရပါသည်၊၊ အကျဉ်းတိုက်ထဲတွင် နေရောင်၊ လေကောင်းလေသန့်၊ ရေကောင်းရေသန် မရသဖြင့် လည်း အာဟာရချို့တဲ့မှု ရှိပါသည်၊၊ အကျိုးဆက်မှာ ဆရာ့မျက်စေ့များ မှုန်ဝါးနေပြီး၊ အပေါ်သွားများ လုံးဝမရှိရှာတော့ပါ၊၊ အောက်သွားလည်း သွားလေးငါးချောင်းသာကျန်ပါတော့သည်၊၊ သို့တိုင်အောင် ဆရာသည် စားရေးသောက်ရေးနှင့် ပတ်သက်လာလျှင် ဘ၀တူရဲဘော်များအတွက်သာ ကြည့်၍ သူ့အတွက် စဉ်းစားလေ့မရှိပါ၊၊ စစ်အာဏာပိုင်များနှင့်ပတ်သက်လျှင်ကား သူ့ရပ်တည်ချက် ယုံကြည်ချက်တို့ကို မြူမှုံမျှပင် အပွန်းအပဲ့ ခံတတ်သူမဟုတ်ပါ၊၊ ဤသည်ပင် နိုင်ငံရေးအကျဉ်းသားများက ဆရာ့အပေါ် အထူးလေးစား ချစ်ခင်ရသည့် အကြောင်းဖြစ်ပါသည်၊၊
ထောင်ထဲတွင် ထောင်ဝင်စာ လုံးဝမလာနိုင်သူများ၊ နှစ်လ သုံးလကြာမှ တကြိမ်လာတတ်သူများ၊ ထောင်ဝင်စာလာသော်လည်း ချို့တဲ့သူများ စသည်တို့ကို ဆရာက အသေအချာမှတ်သားထားတတ်သည်၊၊ သူထောင်ဝင်စာတွေ့ပြီး ပြန်လာသည်နှင့် အဆင်သင့်သူ ရဲဘော် တဦးကို အကူအညီတောင်း၍ အစားအသောက်များကို ခွဲတမ်းချ အထုပ်ကလေးများ ထုပ်စေသည်၊၊ လူပုဂ္ဂိုလ်တဦးချင်းအတွက် လိုအပ်ချက်နှင့် ဆီလျော် အောင် ဟင်းလျာ မုန့်ပဲသွားရေစာ သစ်သီး ဆေးဝါးစသည်များကို အထုပ်ငယ်များထုပ်၍ မျှဝေပေးသည်၊၊ သူ့အတွက် အနည်းငယ်သာ ချန်ထားတတ်သည်၊၊ စစ်အာဏာရှင်၏ အကျဉ်းတိုက်ထဲ၌ ထိုကဲ့သို့ကိုယ့်အတ္တကို ချိုးနှိမ်ကာ ခြိုးခြိုးခြံခြံဝေမျှစားသောက်နိုင်ရေးကိစ္စသည် ပြောသလောက် လွယ်သည့် ကိစ္စမဟုတ်ပေ၊၊ အခက်အခဲ အကျပ်အတည်းကြီးလေ အတ္တစိတ်က ထိုးထွက်လာတတ်လေလေ ဖြစ်သည်၊၊ တိုက်ခန်း တခန်းထဲတွင် နှစ်ယောက်အတူ ပိတ်ထားခြင်းခံနေရသော်လည်း မိမိ၏ထောင်ဝင်စာရိက္ခာကို အခန်းဖေါ် နိုင်ငံရေးလုပ်ဖေါ်ကိုင်ဖက်ချင်း ဝေမျှ မကျွေး နိုင်သူများရှိခဲ့သည် ဟုဆိုလျှင် တချို့က ယုံချင်မှ ယုံပါလိမ့်မည်၊၊ ပို၍အံ့ဩစရာကောင်းသည်မှာ ‘ငပိကျော်တဇွန်း’ ‘ဆေးလိပ်တဖွာ’ ဝေမျှ မစားနိုင်များသူက နိုင်ငံရေး ဆွေးနွေးကြသောအခါ ‘ကိုယ်ကျိုးစွန့်ရေး’ ‘အနစ်နာခံရေး’ ရှိဖို့ ထပ်တလဲလဲ ပြောတတ်ကြပေသည်၊၊ ‘ငပိကျော်တဇွန်း’ ‘ဆေးလိပ်တဖွာ’ အတွက်နှင့် ကိုယ့် ရဲဘော်ကို သစ္စာဖေါက်ကာ အာဏာပိုင်၏ သတင်းပေးဖြစ်သွားကြသည်များပင်ရှိပေသည်၊၊ ထို့ကြောင့် ထောင်အတွင်း အခြေအနေ စရိုက်သဘာဝနှင့် အခက်အခဲများကို သိမှသာ ဆရာ ဦးဝင်းတင်၏ စိတ်နေစိတ်ထား မွန်မြတ်လှပုံကို သိနိုင်ပေမည်၊၊ ဆရာနှင့် အကျဉ်းတိုက် တခုထည်းတွင် အတူနေဖူးကြတော့မှ ဆရာ့ကို အာဏာပိုင်တို့က ဘာကြောင့် ကွန်မြူနစ်ဟု တံဆိပ်ကပ်ကြသည်ကို နားလည်လာရသည်၊၊ အမှန်တွင် ဆရာသည် လူသားဆန်လွန်းသော လူပီသလွန်းသော ပုဂ္ဂိုလ်တဦးဖြစ်သဖြင့် သူနှင့်ဆက်ဆံဖူးသူများက သူ့ကို ချစ်ခင်လေးစား သွားခြင်းဖြစ်ပေသည်၊၊ ထို့ကြောင့် လူအများ၏ လေးစားခြင်းမခံရသူ အာဏာရှင်တို့က ဆရာ့ကို လူအများအထင်အမြင်လွဲမှားအောင် ဝါဒဖြန့်ခဲ့ ကြပုံရပေသည်၊၊
လူတဦးကို လူအများက လေးစားချစ်ခင်သည်ဆိုခြင်းမှာ အကြောင်းမဲ့ဖြစ်နိုင်သည် မဟုတ်ပေ၊၊ ဆရာ ဦးဝင်းတင် ကဲ့သို့ တိုင်းပြည်လူထု ကပါ ချစ်ခင်လေးစားဖို့ဆိုသည်က ပို၍ပင်မလွယ်ပါ၊၊ လူထု၏ချစ်ခင်လေးစားမှုကို ငွေပေးဝယ်၍ ရနိုင်သည်မဟုတ်သကဲ့သို့၊ သေနတ်နှင့်ချိန်၍ လေးစားခိုင်းသော်လည်း မရနိုင်ပါ၊၊ ဤသည်မှာ လူတဦး၏ တသက်တာ နေထိုင်စားသောက်မှုနှင့်တကွ ကိုယ်ကျင့်သီလတို့နှင့်ပါ သက်ဆိုင်သည့် ကိစ္စ ဟု ဆိုရပေမည်၊၊
ဆရာ့ နောက်ကြောင်းကို တစေ့တစောင်းမျှ လေ့လာကြည့်လျှင် လူထုကဘာကြောင့် ဆရာ့အား လေးစားကြသည်ကို နားလည် သဘောပေါက်နိုင်လိမ့်မည်ထင်ပါသည်၊၊ ဆရာဦးဝင်းတင်၏ ဇာတိမှာ ပဲခူးတိုင်း ကြို့ပင်ကောက်မြို့ဖြစ်သည်၊၊ အဖ ဦးပုနှင့် အမိ ဒေါ်အမာ တို့မှ ၁၉၃၀ ပြည့် မတ်လ ၁၂ ရက် နေ့တွင်မွေးဖွားခဲ့၍ ကွယ်လွန်ချိန်တွင် အသက် (၈၅) နှစ်အတွင်း၌ ဖြစ်သည်၊၊ ဆရာသည် ငယ်စဉ်ကပင် စာဖတ်ဝါသနာ ထုံခဲ့သူဖြစ်သည့်အလျောက် စာပေဗဟုသုတကြွယ်ဝ သူဖြစ်သည်၊၊ အသက်(၂၀)အရွယ် တက္ကသိုလ်တက်နေစဉ်မှာပင် တဖက်၌ သတင်းထောက် တပိုင်းလုပ်နေခဲ့ပြီဖြစ်သည်၊၊ ဆရာသည် ၁၉၅၃ ခုနှစ် (၂၃) နှစ်အရွယ်တွင် အင်္ဂလိပ်စာပေ၊ ခေတ်သစ်ရာဇဝင်နှင့် နိုင်ငံရေးသိပ္ပံဘာသာတွဲဖြင့် ရန်ကုန် တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရခဲ့သည်။ အသက် (၁၃) နှစ်အရွယ် ၁၉၄၃ ခုနှစ်တွင် ‘အကျိုးဆောင်’ဂျာနယ်တွင် ဝင်ရောက်လုပ်ကိုင် ခဲ့ဖူးသည်၊၊ စာပေဗိမာန်၌လည်း လက်ထောက်အယ်ဒီတာအဖြစ် ၁၉၅၀ မှ ၁၉၅၄ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့သေးသည်။
ဝိဇ္ဇာဘွဲ့ ရသည့် ၁၉၅၃ ခုနှစ်တွင် Agence France-Press (AFP) နိုင်ငံခြားသတင်းဋ္ဌာနတွင် ညပိုင်း အယ်ဒီတာအဖြစ် ဝင်ရောက် လုပ်ကိုင်နေပြီဖြစ်သည်။ ဆရာသည် သူစိတ်အားထက်သန်သည့် သတင်းစာပညာနှင့် စာရေးခြင်းကိစ္စ၌သာ အာရုံစူးစိုက်၍ ကြိုးစား အလုပ် လုပ်ခဲ့သည်၊၊ အသက် (၂၀) အရွယ်မျှနှင့် စာပေဗိမာန်တွင် လက်ထောက်အယ်ဒီတာဖြစ်နေပြီ၊ (၂၃)နှစ်တွင် (AFP) နိုင်ငံခြားသတင်း ဋ္ဌာနတွင် ညပိုင်း အယ်ဒီတာဖြစ်နေပြီ ဆိုသည်ကို ကြည့်လျှင် ဆရာ၏ ပညာထူးချွန်မှုကို သိနိုင်ပေသည်၊၊
ထို့ကြောင်ပင် ၁၉၅၄ မှ ၁၉၅၇ ထိ နယ်သာလန်(ဟော်လန်)နိုင်ငံ၊ အမ်စတာဒမ်မြို့၊ ဂျမ်ဘာတန် (Jamဘမေအသည) စာအုပ်ထုတ်ဝေရေး ကုမ္ပဏီတွင် စာအုပ်ထုတ်ဝေမှုပညာနှင့် စာနယ်ဇင်းပညာဆည်းပူးခွင့်ရရှိခဲ့သည်၊၊ ဂျမ်ဘာတန်မှာပင် ပညာဆည်းပူးရင်း မြန်မာဘာသာပြန် စာအုပ်စာတမ်းများထုတ်ဝေရေးတွင် အကြံပေးအယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုသို့ မအားလပ်သည့် ကြားမှပင် မြန်မာနိုင်ငံသတင်းများ စုဆောင်း၍ ကိုယ်တိုင်ဘာသာပြန် တည်းဖြတ် လက်နှိပ်စက်ရိုက်၍ “ဒို့ပြည်သတင်း”ဆိုသည့် သတင်းစာ စောင်ရေ(၅၀၀) ခန့်ကို ကိုယ့်အိပ်ထဲမှ ငွေကြေးစိုက်ထုတ်ကာ ထုတ်ဝေခဲ့သည်၊၊ ထိုသတင်းစာကို ကမ္ဘာတဝှမ်းရှိ ပြည်ပရောက်မြန်မာများထံ စာတိုက်မှအခမဲ့ပေးပို့ဖြန့်ဝေသည့်အလုပ်ကို ၁၉၅၇ ခုနှစ်၊ ဧပြီလ မြန်မာနိုင်ငံပြန်လာသည့်အချိန် အထိ လုပ်ဆောင်ခဲ့သည်။ တော်ရုံတန်ရုံ ဇွဲလုံ့လနှင့် ပညာလည်းသင် အလုပ်လည်း လုပ် တဖက်တွင်လည်း စေတနာ့ဝန်ထမ်း သတင်းစာထုတ် စသည်တို့ကို တပြိုင်နက်လုပ်နိုင်မည်မဟုတ်ပေ၊၊ ယနေ့ခေတ်လူငယ်များ အတုယူဖွယ်ဖြစ် သည်၊၊
၁၉၅၇ ခုနှစ်ကြေးမုံသတင်းစာ စတင်ထူထောင်စဉ်ကလည်း ကြေးမုံဦးသောင်း(အောင်ဗလ) နှင့်အတူပါဝင်ခဲ့ပြီး ကြေးမုံသတင်းစာ ဦးစီးအယ်ဒီတာ အဖြစ်တာဝန်ယူခဲ့သည်၊၊ ကြေးမုံသတင်းစာ ချိတ်ပိတ်ခံရပြီးနောက်၊ ၁၉၆၉ ခုနှစ်မှ ၁၉၇၈ ခုနှစ်ထိ မန္တလေး ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ်ဖြစ်ခဲ့သည်။ ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ်ဘ၀တွင် ဥရောပနှင့် အာရှနိုင်ငံများစွာသို့ သတင်းစာဆရာ တယောက်အဖြစ် လေ့လာရေးခရီးဆန့်ခဲ့သည်။ ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ်အဖြစ်တာဝန်ယူစဉ် မြန်မာစာပေ လှုပ်ရှားမှုအတွက် အရေးပါသော “မန္တလေး စနေစာဖတ်ဝိုင်း” ကို ဦးဆောင်ကျင်းပခဲ့သူတဦးလည်းဖြစ်ခဲ့သည်။ ထို စနေစာပေဝိုင်းတွင် လူထုဦးလှ လူထုဒေါ်အမာ သမိုင်းပညာရှင် ဒေါက်တာ သန်းထွန်း မောင်သာနိုး မောင်စွမ်းရည် တင်မိုး ကြည်အောင် ကိုလေး(အင်းဝဂုဏ်ရည်) အစရှိသော ထင်ရှားသည့် စာပေကဗျာပညာရှင်များ တက်ရောက် စာတမ်းဖတ်ဆွေးနွေးခဲ့ကြသဖြင့် မဆလအာဏာရှင်တို့၏ မျက်မာန်ရှခြင်းခံခဲ့ရပေသည်၊၊ ၁၉၇၈ ခုနှစ်၌ မဆလအစိုးရက ဟံသာဝတီ သတင်းစာကို ပိတ်ပင် ဖျက်သိမ်း လိုက်ပြီး၊ ဦးဝင်းတင်ကိုလည်း ရာထူးမှထုတ်ပယ်ခဲ့သည်။
သို့သော် ဆရာသည် ထိုအချိန်မှစ၍ စာပိုရေးနိုင်ခဲ့သည်၊၊ ‘ပေါ်သစ်’ ကလောင်အမည်ဖြင့် စာပေပန်းချီသဘင်ဂီတစသည်တို့ နှင့်ပတ်သတ်၍ ဆောင်းပါး၊ စာတမ်းနှင့် ဝေဖန် အကဲဖြတ်ချက်များကို ရေးသားခဲ့သည်။ မဂ္ဂဇင်း ဂျာနယ်များတွင် ကိုယ်တိုင်ရေးဆောင်းပါများ၊ ဘာသာပြန်ဆောင်းပါးများအဆက်မပြတ်ရေးခဲ့သည်၊၊ ဆရာ ဦးဝင်းတင်၏ ထင်ရှားသော ဘာသာပြန်စာအုပ်များမှာ ‘ကွိ’(Queed)၊ ‘ဥတ္တရအလင်း’(The Northern Star) တို့ဖြစ်သည်၊၊ ‘ကမ္ဘာနီတွင်တဒင်္ဂ’ ဆိုသည့် ခရီးသွားမှတ်တမ်းစာအုပ်ကိုလည်းရေးသားခဲ့သည်။ ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ်ဘ၀တွင် ဥရောပတိုက်သို့ မြန်မာယဉ်ကျေးမှုအက အဖွဲ့နှင့်လိုက်ပါခဲ့စဉ်က အတွေ့အကြုံများကို သတင်းစာများတွင် အခန်းဆက် ဆောင်းပါး များရေးခဲ့သည်၊၊ ယင်းဆောင်ပါးများကို စုစည်း၍ ‘ခြေမှာစကား လက်ဖျားကဗျာ’ဟု စာအုပ်တအုပ်ထုတ်ဝေခဲ့သည်၊၊
ရှစ်လေးလုံးအရေးတော်ပုံအတွင်း စာပေ အနုပညာရှင်ပေါင်းစုံတို့ လက်မှတ်ထိုးထုတ်ပြန်သည့် ကြေညာချက် ထွက်ပေါ်လာရေးအတွက် ဆရာဦးဝင်းတင် ကမကထပြု၍ ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ စာနယ်ဇင်းသမဂ္ဂဖွဲ့စည်း လှုပ်ရှားကြသည့် အခါ ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ သည်။ ကျောင်းသားသမဂ္ဂမှ ထုတ်ဝေခဲ့သည့် “သမဂ္ဂသတင်းစာ” တွင်လည်း တက်ကြွစွာ ပါဝင်ရေးသားခဲ့သည်။ “ဆန္ဒဖေါ်သံ သတင်းစာ”ကို ၁၉၈၈ခုနှစ် ဩဂုတ်လ(၃၀) တွင် ကိုယ်တိုင်ဦးစီး ထုတ်ဝေခဲ့သည်။ စစ်အာဏာသိမ်းပြီးနောက် စက်တင်ဘာလ (၂၄) ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စတင်ဖွဲ့စည်းသည့်အခါ ဒေါ်အောင်ဆန်းစုကြည်၏အစုအဖွဲ့မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ်တာဝန်ယူခဲ့သည်။ ၁၉၈၈ ခုနှစ် ဒီဇင်ဘာလတွင် အဖွဲ့ချုပ်မှ ဦးအောင်ကြီး နှုတ်ထွက်ခဲ့ရပြီးနောက် ပြန်လည်ဖွဲ့စည်းခဲ့သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီတွင် ‘အတွင်းရေးမှုး’ အဖြစ် ဆောင်ရွက်ခဲ့သည်။
စစ်အစိုးရ၏ ပြည်ထဲရေးနှင့်သာသနာရေး ဝန်ကြီးဋ္ဌာနမှ ၁၉၈၉ ခုနှစ် ဇွန်လ (၆)ရက်နေ့တွင် နိုင်ငံရေးပါတီများ ၏ လွတ်လပ်စွာ ရေးသားထုတ်ဖေါ် စည်းရုံးခွင့်ကို ပိတ်ပင်ချုပ်ချယ်ရန်ရည်ရွယ်၍ ကြေညာချက်အမှတ် (၃၈) ကို ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် အဖွဲ့ချုပ်မှဦးဆောင်၍ နိုင်ငံရေးပါတီများအနေဖြင့် ထိုအမိန့်ကိုဆန့်ကျင်ရန်ဆော်ဩခဲ့သည်၊၊ ထိုသို့ဆော်ဩရာ၌ သုံးစွဲခဲ့သည့် ‘အများပြည်သူ၊ သဘောမတူတဲ့၊ အမိန့်အာဏာဟူသမျှ၊ တာဝန်အရ ဖီဆန်ကြ’ ဟူသောဆောင်ပုဒ်ကို ဆရာဦးဝင်းတင်ရေးသားခဲ့သည်။
၁၉၈၈ ခုနှစ် အောက်တိုဘာလတွင် ပြစ်မှုမှ ရှောင်တိမ်းနေသည့်တရားခံ (အဖွဲ့ချုပ်လူငယ် စိုးသိမ်း) ၏ ဖခင်ထံ တယ်လီဖုန်း ဆက်သွယ်စကားပြောဆို၍ဟူသော အကြောင်းပြချက်ဖြင့် ၁၉၈၉ ခုနှစ် ဇူလိုင် (၄) ရက် နေ့တွင် ဆရာဦးဝင်းတင် ဖမ်းဆီးခံရသည်။ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ်ချမှတ်ခံရသည်။ လွတ်ရက် စေ့ခါနီးတွင် ဆရာဦးဝင်းတင်အား “လှိုင်းကြီးလေထန် ဖြစ်ရပ်မှန်” ဆိုသည့် စစ်အစိုးရ၏ ၀ါဒဖြန့်ချိရေး ပြပွဲကို စစ်ထောက်လှမ်းရေးက ပြသခဲ့သည်။ ထို့နောက် ဆရာ၏ ပြပွဲအပေါ်အမြင်ကို ရေးပေး ရန် တောင်းဆိုခဲ့သည်။ ပြပွဲရည်ရွယ်ချက်က ၁၉၈၈ လူထုအရေးပုံကို အကြမ်းဖက် အဖျက်လုပ်ရပ်အဖြစ် ပုံဖေါ်ခြင်း ဖြစ်သည်ဟု ဆရာက ပြန်ပြောပြသဖြင့် သိရသည်။ ဆရာက ဖူးစကက် ၂၅ မျက်နှာ သူ့အမြင်ကို ရေးပေးခဲ့သည်ဟု ဆိုသည်။ ပြပွဲကျင်းပသည့် အင်ဗွိုင်းခမ်းမ အ၀င်ဝတွင် တပ်မတော်သာအမိ၊ တပ်မတော်သာ အဖ ဆိုသော ဆောင်ပုဒ်နဖူးစည်းမှစ၍ ဝေဖန်ခဲ့သည်။ ပြည်သူသာအမိ ပြည်သူသာအဖ သာဖြစ်ရမည်ဟု ဆရာက ပြင်းတန်သော စကားဝေါဟာရများသုံးကာ ဝေဖန်ခဲ့ကြောင်း ပြောပြ သည်။ ဆရာ့အား ၎င်းပြပွဲကို ပြသခဲ့သည့် ရည်ရွယ်ချက်မှာ နိုင်ငံရေးကိုစွန့်၍ စစ်အုပ်စုနှင့်လက်တွဲရန် စစ်ထောက်လှမ်းရေးမှ ဗိုလ်မှူးချုပ်သန်းထွန်းက စည်းရုံးခြင်းဖြစ်သည်။ ဆရာက ‘စစ်လွှမ်းမိုးရေးဒဿန’ကို သူအသက်ရှင်နေသရွေ့ တိုက်ဖျက်မည်ဟု တုန်ပြန်ခဲ့သည်။ ထို့ကြောင့် ၁၉၉၂ နှစ် ဇွန်လတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အများပြည်သူ ဆူပူအုံကြွအောင် လုပ်ဆောင်ရာတွင် နောက်ကွယ်မှ ကြိုးကိုင် အားပေးခဲ့သည်ဟု စွပ်စွဲကာ အင်းစိန် ထောင်ထဲမှာပင် ထောင်ဒဏ် (၁၁) နှစ် ထပ်မံ ချမှတ်ခံရသည်။
ဆရာ ဦးဝင်းတင်အား ၁၉၈၉ ခု ဇူလိုင်လ (၄) ရက်နေ့ဖမ်းဆီးချိန်မှ စ၍ အင်းစိန်ထောင် အထူးတိုက်ဝင်းအတွင်းထားရှိ၍ ပတ်ဝန်းကျင် နှင့် လုံးဝ အဆက်အသွယ်ဖြတ်တောက်ထားခဲ့သည်။ ၁၉၉၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဆရာ ဦးဝင်းတင်အား အထူးတိုက်မှ ( ၃ ) တိုက်သို့ ပြောင်းရွှေ့ ထားခဲ့သည်။ အကျဉ်းထောင်အတွင်း အာဏာပိုင်များ၏ မတရားပြုမှုများကို ဆန့်ကျင်တိုက်ပွဲဆင်ရာတွင် ဦးဆောင်ခဲ့သည်။ ထောင်တွင်းနိုင်ငံရေး အကျဉ်းသားအခွင့်အရေးအတွက် တိုက်ပွဲဝင်ရင်း သတင်းစဉ်တခုကို တိုက်ဝင်းအတွင်း ထုတ်ဝေနိုင်ခဲ့သည်။ ၁၉၉၄ ခုနှစ် တွင် Suu-Slorc Dialogue “တွေ့ဆုံဆွေးနွေးအဖြေရှာရေးလမ်းစဉ်” ကို ရေးသားခဲ့သည်။ ‘ဒေါ်အောင်ဆန်းစုကြည်အားပြန်လွှတ်ပေးရန်’ ‘အမျိုးသား ညီလာခံ ဖျက်သိမ်းပေးရန်’ ‘စစ်မှန်သော တွေ့ဆုံဆွေးနွေးမှုများစတင်ရန်’ သဘောထားစာတမ်းကို ရေးသားဖြန့်ဝေခဲ့သည်။ ထိုနောက် သုံးပွင့်ဆိုင်ဆွေးနွေးပွဲ စတင်ရန်၊ ဒေါ်အောင်ဆန်းစုကြည်၊ န၀တ၊ လူမျိုးစုခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှသာလျှင် မြန်မာနိုင်ငံလက်ငင်းကြုံတွေ့နေရသော ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း နိုင်ငံရေးပေါ်လစီတရပ်ချမှတ် ထုတ်ပြန်ကြေညာခဲ့သည်။
၁၉၉၅ ခုနှစ် ဩဂုတ်လတွင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာပြီးနောက် စစ်မှန်သော တွေ့ဆုံဆွေးနွေးပွဲများ အရိပ်အယောင် မတွေ့ရသဖြင့် “Appeal to the world” ကမ္ဘာကြီးသို့ ပန်ကြားချက်တစောင်ကို ရေးသား၍ ဘ၀တူထောင်ကျနိုင်ငံရေးရဲဘော်များ၏ အကူအညီဖြင့် ထောင်ပြင်ပသို့ ရောက်ရှိပြန့်နှန့် အောင်လုပ်ဆောင်ခဲ့နိုင်သည်။ ထိုစာတွင် စစ်အစိုးရ၏ လုပ်ရပ်များသည် ရိုးသားမှန်ကန်မှုမရှိသဖြင့် နိုင်ငံတကာမှ စစ်အာဏာရှင် နအဖအား ဝိုင်ဝန်းအရေးယူပေးပါရန် တောင်းဆိုခဲ့သည်။ ထို့နောက် ရက်ပိုင်းအတွင်း “Appeal to the Public” ကမ္ဘာ့ပြည်သူများသို့ ပန်ကြားချက်ကို ရေးသားဖြန့်ဝေခဲ့သည်။ ယင်း “ပန်ကြားချက်” တွင် စစ်အာဏာရှင်တို့သည် ကမ္ဘာ့ပြည်သူများ အား အထပ်ထပ်အဖန်ဖန် လိမ်လည်လှည့်ဖြှားနေသည်ကို ဒဏ်ခတ်သောအားဖြင့် နည်းမျိုးစုံဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်ကြပါရန် တိုက်တွန်း ထားသည်။
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာပြီးနောက် ဇူလိုင်လအတွင်းမှာပင် ‘ထောင်တွင်းလူ့အခွင့်အရေး ချိုးဖေါက်မှု အစီရင်ခံစာ’ ကို မြန်မာနိုင်ငံလူ့အခွင့်အရေးစောင့်ကြည့်သူ ‘မစ္စတာ ယိုဇိုယိုကိုတာ’မှတဆင့် ကုလသမဂ္ဂရွှေ ရတုညီလာခံသို့ ရောက်ရှိအောင် စုပေါင်းဆောင်ရွက် ကြရာတွင် ဆရာဦးဝင်းတင်ဦးဆောင်ခဲ့သည်၊၊ ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အတုအယောင် အမျိုးသားညီလာခံမှ နှုတ်ထွက် သင့်ကြောင်း အကြံပြုချက်ကို ထောင်တွင်းနိုင်ငံရေးအကျဉ်းသားများ စုပေါင်း လက်မှတ်ရေးထိုး၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ထံပေးပို့နိုင်ခဲ့သည်၊၊ ထို့ပြင် လက်ငင်း အရေးအကြီးဆုံး လုပ်ငန်းစဉ် (၂) ခုကို အကောင်အထည် ဖေါ်ရန်လိုအပ်ကြောင်း အကြံပြုတိုက်တွန်းခဲ့သည်။ ယင်း လုပ်ငန်းစဉ် (၂)ရပ်မှာ ပါတီပြုပြင်ရေး (Party Reform) နှင့် ညီလာခံ ပြုပြင်ပြောင်းလဲရေး (NC Reform) တို့ဖြစ်သည်။ ဆရာ ဦးဝင်းတင်သည် ထောင်တွင်း၌ ‘ထ’လေးလုံးပေါ်လစီကို ချမှတ်လမ်းညွှန်မှု ပေးခဲ့ပေသည်။ “ထူထောင်ရမယ်၊ ထိန်းသိမ်းရမယ်၊ ထိုင်မနေနဲ့၊ ထိတွေ့ရမယ်” ဆိုသည့် ပေါ်လစီဖြစ်သည်။ ယင်းပေါ်လစီက ထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများ စိတ်ဓါတ် မကျရေး၊ စစ်ထောက်လှမ်းရေး၏ ဦးနှောက်ခဝါချမှုမခံရရေး၊ မိမိ၏ အတွေးအခေါ်အသိအမြင် ပိုမို အားကောင်း တိုးတက်လာ အောင် ကြိုးပမ်းအားထုတ်ရေး၊ အကျဉ်းသားအခွင့်အရေးများ ပိုမိုရရှိရေးအတွက် အာဏာပိုင်တို့၏ဖိနှိပ်မှုများကို ငုံ့မခံရေး၊ အခွင့်အရေးများ အတွက် ညီညီညွတ်ညွတ် တိုက်ပွဲဝင်ရေးများကို လမ်းညွှန်ပေးနိုင်ခဲ့သည်၊၊
၁၉၉၅ ဇူလိုင်လလယ်တွင် ထောင်တွင်းနိုင်ငံရေးအဖွဲ့အစည်း အင်အားစုအသီးသီးပါဝင်စုစည်းသော ထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ထောင်တွင်းဖိနှိပ်ညှင်းပန်းမှုများ၊ ရဲဘက်စခန်းများ၏ ငရဲခန်းများ၊ လက်ရှိမြန်မာနိုင်ငံ အခြေအနေ တို့ ပါဝင်သော (၈၃) မျက်နှာပါ စာတမ်း ‘ထောင်တွင်းလူ့အခွင့်အရေးချိုးဖေါက်မှုအစီရင်ခံစာ’ကို အပြင်သို့ခိုးထုတ်နိုင်ခဲ့သည်၊၊ တိုက်ဆိုင်စွာပင် ဒေါ်စုကလည်း ဇူလိုင်(၁၀) တွင် နေအိမ်အကျယ်ချုပ်မှလွတ်မြောက်လာချိန်ဖြစ်သည်၊၊ နောက်တိုက်ဆိုင်မှုတခုမှာ ထိုစဉ်က မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေး စောင့်ကြည့်သူ ကုလသမဂ္ဂသံတမန် မစ္စတာယိုဇိုယိုကိုတာလည်း မရှေးမနှောင်းမှပင် ရန်ကုန်သို့ရောက်လာချိန်ဖြစ်သည်၊၊ ဤသို့ဖြင့် အစီရင်ခံစာမှာ ချောမောစွာပင် မစ္စတာ ယိုဇိုယိုကိုတာ၏ လက်သို့ ရောက်သွားခဲ့ကြောင်း သတင်းကြားခဲ့ရပါသည်၊၊ ထို့ပြင်တဆက်တည်းမှာပင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အားကျင်းပဆဲ အမျိုးသားညီလာခံမှ နှုတ်ထွက်သင့်ကြောင်း ထောင်တွင်းနိုင်ငံရေးအင်အားစုများက စုပေါင်း လက်မှတ်ရေးထိုး ကာ ဒေါ်အောင်ဆန်းစုကြည်ထံပေးပို့နိုင်ခဲ့ကြပါသည်၊၊ ဤကဲ့သို့ထောင်တွင်း၌ နိုင်ငံရေးအကျဉ်းသားများ ညီညီညွတ်ညွတ် စိတ်ဓါတ်မကျဘဲ နိုင်ငံရေးတာဝန်များကိုဆက်လက်ထမ်းဆောင်နိုင်ခြင်းမှာ ဦးဝင်းတင် ကဲ့သို့သော ခေါင်းဆောင်ကောင်း တယောက်၏ ဦးဆောင်လမ်းညွှန်မှု ရှိနေ သောကြောင့်ဆိုသည်မှာ အလွန်ထင်ရှားပါသည်၊၊
၁၉၉၅ ခုနှစ် နိုဝင်ဘာလတွင် ထို (၈၃) မျက်နှာပါစာတမ်း ‘ထောင်တွင်းလူ့အခွင့်အရေးချိုးဖေါက်မှုအစီရင်ခံစာ’ ကုလသမဂ္ဂသို့ ရောက်ရှိသွားခြင်းနှင့်စပ်လျဉ်း၍ အာဏာပိုင်များ အကြီးအကျယ်ဒေါသပေါက်ကွဲကာ၊ (၄) တိုက် မှ နိုင်ငံရေး အကျဉ်းသားတဦး ဖြစ်သူ တပ်ကြပ်ကြီးဟောင်း တင်ဝင်းအား စစ်ထောက်လှမ်းရေးမှ သွေးဆောင်စည်းရုံး၍ တိုက်ဝင်းအတွင်းရှိ လှုပ်ရှားမှုများကို စစ်ဆေးမေးမြန်းခဲ့သည်၊၊ တင်ဝင်း ကသူ့အား စစ်ထောက်လှမ်းရေးက ပြန်လွှတ်ပေးမည်ဟူသော မက်လုံးကြောင့် သစ္စာဖေါက်ခဲ့ သည်၊၊ ဤသို့ဖြင့် နိုင်ငံရေးအကျဉ်းသားများထားရာ တိုက်ဝင်းအတွင်း ရှိ လျှို့ဝှက်ချက်များ ပေါက်ကြားကာ ရေဒီယို အပါအဝင် စာရွက်စာတမ်းများ သိမ်းဆည်းခံခဲ့ရပါသည်၊၊ ‘အမျိုးသားနေ့စိန်ရတုသဘင် အထိမ်းအမှတ် လက်ရေးစာစောင်’ နှင့် ဖုန်းမော် အထိမ်းအမှတ် ‘သွေးသစ်လှိုင်း’စာစောင်၊ အပတ်စဉ် လက်ရေးသတင်းစာစောင်များလည်း သိမ်းဆည်းခံရပါသည်၊၊ နိုင်ငံရေးအကျဉ်းသား (၆၃) ယောက်ကို ထောင်ထဲမှာပင် စစ်ထောက်လှမ်းရေးက ထပ်မံဖမ်းဆီး တိုက်ပိတ်လိုက်ပါသည်၊၊
သို့ဖြင့် ဆရာဦးဝင်းတင်အပါအဝင် ကျနော်တို့ နိုင်ငံရေးအကျဉ်းသား (၈) ယောက်ကို နာမည်ကျော် စစ်ခွေးတိုက်တွင် တိုက်ပိတ် လိုက်ပါသည်၊၊ စစ်ခွေးတိုက် (၁) ခန်းတွင် ဒေါက်တာမြင့်နိုင် (ကန့်ဘလူ လွှတ်တော် ကိုယ်စားလှယ်)၊ (၂) ခန်းတွင် စာရေးသူ၊ (၃) ခန်းတွင် ဒေါက်တာ ဇော်မြင့်မောင် (အမရပူရလွှတ်တော် ကိုယ်စားလှယ်) (၄) ခန်းတွင် မျိုးမြင့်ညိမ်း၊ (၅) ခန်းတွင် ဒေါက်တာ ခင်ဇော်ဝင်း၊ (၇) ခန်းတွင် ဦးနိုင်းနိုင်း( ပုဇွန်တောင် လွှတ်တော် ကိုယ်စားလှယ်)၊ အခန်း(၈)တွင် ဦးထွန်းဝင်း (မင်းဗျားစီးနင်းတိုက်ခိုက်မှု) နှင့် အခန်း(၁၀)တွင် ဆရာဦးဝင်းတင် ဖြစ်ပါသည်၊၊ စစ်ခွေးတိုက်တခုလုံးတွင် ကျနော်တို့ရှစ်ယောက်သာရှိပါသည်၊၊ သမံတလင်းပေါ်တွင် အိပ်ကြရပြီး သောက်ရေအိုးနှင့်တကွ မည်သည့် အသုံးအဆောင်မျှ မပေးပါ၊၊ အဆိုးဆုံးကိစ္စမှာ အိမ်သာသွားရန် ဘာမျှစီစဉ်မပေးခြင်းဖြစ်သည်၊၊ သီတင်းတပတ်မျှလည်း ရေချိုးခွင့်မပေးဘဲ ထားခဲ့သည်၊၊ ကျနော်တို့က ကိုယ့်အတွက်ထက် ဆရာဦးဝင်းတင်အတွက် ပို၍ စိုးရိမ်ခဲ့ကြသည်၊၊ ဆရာသည် ထိုစဉ်က အူကျဝေဒနာ ခွဲစိပ်ကုသမှု ခံယူထားရသည်မှာ မကြာသေး၊၊ ထို့ကြောင့် ဤမျှဆိုးရွားလှသော ညှင်းပမ်းနှိပ်စက်မှုဒဏ်ကြောင့် ဆရာ့ကျန်းမာရေးပိုမိုဆိုးရွားသွားမည်ကို အားလုံးကစိုးရိမ်ခဲ့ကြသည်၊၊ သို့သော် ဆရာကား အပြုံးမပျက်၊ အခြားသူများကိုပင် စိတ်ဓါတ်မကျရန် အားပေးနေခဲ့ပေသည်၊၊
၁၉၉၆ မတ်လ(၁၂)ရက်တွင် ဆရာ့ (၆၆)နှစ်မြောက်မွေးနေ့ပွဲကို ထိုစစ်ခွေးတိုက်မှာပင် ကျနော်တို့ဆင်နွဲခဲ့ကြသည်ကို သတိရနေမိသည်၊၊ကျနော်တို့အားလုံးက သီချင်းဖြင့်၎င်း ကဗျာဖြင့်၎င်း ဆရာ့ မွေးနေ့ကို ဂုဏ်ပြုရွတ်ဆိုခဲ့ကြသည်၊၊ ဆရာကလည်း သူ့ဘ၀ ဖြတ်သန်းမှု အတွေ့အကြုံအချို့ကို ပြန်ပြောင်းပြောပြခဲ့သည်၊၊ ဆရာက လူ့ဘ၀ဆိုသည်မှာ စိန်ခေါ်မှုများကို ရင်ဆိုင်ခြင်းဖြစ်ကြောင်း၊ စိန်ခေါ်မှုကို ရင်မဆိုင်လို၍ ထွက်ပြေးပါက ဘ၀ရှုံးသမားအဖြစ် နိဂုံးချုပ်ရရုံသာရှိကြောင်း၊ ထို့ကြောင့် စိန်ခေါ်မှုမှန်သမျှကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရန် ပြင်ဆင်ထားခြင်းသည် အောင်မြင် ခြင်း၏ အကြောင်းဖြစ်သည်ဟု ကျနော် တို့ကို အားတက်ဖွယ်ရာစကားများ ပြောကြားခဲ့သည်၊၊
စစ်ခွေးတိုက်တွင် ဆရာနှင့် အတူနေရစဉ်က – “မြန်မာပြည်မှာ နိုင်ငံရေး လုပ်တော့မယ်ဆိုကတည်းက စစ်အာဏာရှင်တွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာ ကျနော်တို့ ကြိုတင် တွက်ဆ ထားရမယ်၊၊ အာဏာရှင်ကို ပလင်ပေါ်ကဆွဲချတဲ့အခါ အဆင်မသင့်ရင် အသက်တောင် ပေးချင် ပေးရလိမ့်မယ်ဆိုတာလည်း ကျနော်တို့ မြင်ထားဖို့လိုပါတယ်၊၊ ကျနော်တို့ခေတ်မှာ ကျနော်တို့တာဝန်မကျေရင် နောက်လာမယ့် မျိုးဆက်တွေက ကျနော်တို့ကို အပြစ်တင် စရာဖြစ်လိမ့်မယ်၊၊ အနည်းဆုံး နောက်တက်လာမယ့် လူငယ်မျိုးဆက်ကို လွတ်လပ်ရေးနဲ့ တရားမျှတရေးအတွက် ဘယ်လမ်းကိုလျှောက်ရမယ် ဆိုတာ လောက်တော့ စံနမူနာပြနိုင်ရမယ်၊၊ ကျနော်တို့ကိုယ်တိုင် အလံမလှဲစတမ်း စွန့်လွှတ်စွန့်စားပြနိုင်မှ နောက်လူငယ် မျိုးဆက်ကလည်း ဒီအလံကိုဆက်လက်စွဲကိုင်ချီတက်ကြမှာဖြစ်တယ်၊၊ ဒါကြောင့် ကျနော်တို့ အနေနဲ့စစ်လွှမ်းမိုးရေး ဒဿနကို အမြစ်ကလှန်နိုင်ဖို့ ဒီပွဲမှာ အလံ မလှဲစတမ်း ယုံကြည်ချက်ကို မြဲမြဲဆုပ်ကိုင်ထားကြဖို့လိုပါတယ်၊၊”- ဟု ဆရာပြောခဲ့ဖူးသော စကားရပ်ကို ယခု ပြန်လည် စဉ်းစားကြည့်သောအခါ ဆရာကိုယ်တိုင်က စိန်ခေါ်မှုများအတွက် အသင့်ပြင်ဆင်ထားပုံကို တွေ့ရသည်၊၊
“အာဏာရှင်ကို ပလင်ပေါ်ကဆွဲချတဲ့အခါ အဆင်မသင့်ရင် အသက်တောင် ပေးချင် ပေးရလိမ့်မယ်ဆိုတာလည်း ကျနော်တို့ မြင်ထားဖို့ပါတယ်၊၊” ဆိုသော ဆရာ့စကားမှာ အမြင့်ဆုံးသောစိန်ခေါ်မှုကြီးမှုကို ရင်ဆိုင်ရန် ဆရာ့အနေနှင့် အသင့်ပြင်ဆင်ထားပြီးဖြစ်သည်ကို ခံစားသိရှိ နိုင်သည်၊၊ ထို့ပြင် ဆရာ၏ “ထူထောင်ရမယ်၊ ထိန်းသိမ်းရမယ်၊ ထိုင်မနေနဲ့၊ ထိတွေ့ရမယ်” ဆိုသည့် လမ်းညွှန်ချက်မှာလည်း စိန်ခေါ်မှုများကို ရင်ဆိုင် အနိုင်ယူနိုင်ရေးအတွက် ပြင်ဆင်ခိုင်းခြင်းဖြစ်သည်ကို တွေ့နိုင်သည်၊၊ ဆရာဦးဝင်းတင်သည် ကျန်းမာရေးအခြေအနေ အလွန်စိုးရိမ်စရာ အခြေအနေ၌ပင်၊ သူ့၏ ရဲရင့်ပြတ်သားသော စိန်ခေါ်မှုများဖြင့် မျိုးဆက်သစ်တို့ကို လမ်းပြခဲ့သည်၊၊ ဆရာသည် အကျဉ်းထောင်တွင်း၌ အထီးကျန်ဘ၀ကို (၁၉) နှစ်ကျော် ဖြတ်သန်းရင်း စစ်အာဏာရှင်တို့၏ စိန်ခေါ်မှုကို ရင်ဆိုင်အံတု ပြခဲ့သည်၊၊ ထောင်မှ ပြန်လွတ်ပြီးနောက်တွင်လည်း အပြာရောင် အကျဉ်းသားဝတ်စုံကို သေသည့်တိုင် ၀တ်ဆင်ခြင်းဖြင့် မြန်မာနိုင်ငံ စနစ်ဆိုးအောက်မှ မလွတ်မြောက်သေးကြောင်း လူထုအား သတိပေးနှိုးဆော်သွားခဲ့သည်။
မျိုးဆက်သစ်တို့အနေဖြင့် ဆရာဦးဝင်းတင်ကို အားကျအတုယူရင်း မြန်မာနိုင်ငံ စစ်လွှမ်းမိုးမှု အရိပ်မည်း အောက်မှ လွတ်မြောက်ရေးအတွက် ပေါ်ပေါက်လာမည့် စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်အံတုရန် ပြင်ဆင်ကြရပေဦးမည်၊၊ ဆရာမျှော်မှန်းခဲ့သော စစ်အာဏာရှင်စနစ်အမြစ်ဖြုတ်ရေး တိုက်ပွဲအသစ်၊ စိန်ခေါ်မှုအသစ်တို့ကို ရင်ဆိုင် အနိုင်ယူရေး အတွက် မျိုးဆက်သစ်တို့ဆက်လက် ပြင်ဆင်ကြရပေဦးမည်၊၊ စိန်ခေါ်မှုများကို ရင်ဆိုင်ရဲသည့် ဆရာဦးဝင်းတင်စိတ်ဓါတ် အဓွန့်ရှည်ပါစေ။
(ဆရာ ဦးဝင်းတင် (ဟံသာဝတီ) အား ဤဆောင်းပါးဖြင့် ဦးညွှတ်ဂုဏ်ပြုလိုက်ပါသည်။)
Comments
Post a Comment