လာမယ့် မေလ ၁ ရက်နေ့ကျရင် 'ဝ' ပြည်သွေးစည်းညီညွတ်ရေးပါတီ ထိန်းချုပ်ထားတဲ့ ပန်ဆန်းမှာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်တွေရဲ့ အစည်းအဝေးကြီး တစ်ခု ကျင်းပပါတော့မယ်။ သိပ်မကြာသေးခင်တုန်းက အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသား ကိုယ်စားလှယ်တွေ စုဖွဲ့ထားတဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ဟာ အပစ်ရပ် စာချုပ်မှာ ထည့်သွင်းမယ့် အချက်အလက်တွေနဲ့ ပတ်သက်ပြီး ကနဦး သဘောတူညီချက်ရ၊ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။
ဒီလို လက်မှတ်ရေးထိုးနိုင်တာနဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန် အပါအဝင် အစိုးရဘက်က အောင်မြင်မှု တစ်ခုလို သတ်မှတ်ပြီး၊ သိပ်မကြာခင် တစ်တိုင်းပြည်လုံးဆိုင်ရာ
အပစ်ရပ် စာချုပ်ကြီး လက်မှတ်ရေးထိုးနိုင်တော့မယ်လို့ ပြောဆို မျှော်လင့်နေတာ တွေ့ရပါတယ်။ဒါပေမယ့်လည်း လက်နက်ကိုင် တိုင်းရင်းသားတွေဘက်ကတော့ အဲလို အားတက်ဖွယ်ရာ စကားမျိုး ပြောဆိုတာ မကြားမသိကြရပါဘူး။ လာမယ့် ပန်ဆန်း ညီလာခံမှာ တိုင်းရင်းသားတွေ အနေနဲ့ အပစ်ရပ် စာချုပ်မူကြမ်းကို သဘောတူတဲ့ အဆင့်ရောက်သည်အထိ ဆွေးနွေးနိုင်ကြမလား၊ ဒါမှမဟုတ် ဘာတွေများ ဆက်ဖြစ်နိုင်မလဲ၊ ငြိမ်းချမ်းရေးအတွက် အစိုးရနဲ့ တပ်မတော်ဘက်က ဘာတွေ လုပ်ကိုင်ပေးနိုင်ဦးမလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။ လက်နက်ကိုင် တိုင်းရင်းသားတွေရဲ့ အစည်းအဝေးပွဲကြီး လုပ်မယ်လို့ နေရာသတ်မှတ်၊ ရက် သတ်မှတ်ပြီး ဖြစ်ပေမယ့် ဒီကနေ့ အချိန်ထိ ဘယ်လို အစည်းအဝေးပွဲ ပုံစံမျိုး ဖြစ်မလဲ ဆိုတာ မသိနိုင်ကြသေးပါဘူး။ အဓိကကတော့ အစည်းအဝေးကို တာဝန်ယူကျင်းပမယ့် ၀ တပ်ဖွဲ့ဘက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁၂) ဖွဲ့ကိုပဲ ဖိတ်ကြားထားတာရယ်၊ အစိုးရနဲ့ တပ်မတော်ဘက်ကလည်း အဲဒီ အစည်းအဝေးကြီးမှာ ကိုးကန့်တပ်ဖွဲ့၊ တအောင်းပလောင် တပ်ဖွဲ့၊ ရခိုင်တပ်ဖွဲ့တွေကို ဖိတ်ကြားခြင်း မပြုဖို့ တောင်းဆိုမှုတွေ ရှိနေလို့ပဲ ဖြစ်ပါတယ်။ လက်ရှိ အစိုးရနဲ့ အပစ်ရပ်ကိစ္စ ဆွေးနွေးနေတဲ့ NCCT ကတော့ သူတို့ အဖွဲ့ဝင် (၁၆) ဖွဲ့စလုံးကို ဖိတ်ကြားပေးဖို့ 'ဝ' တပ်ဖွဲ့ဆီ ပန်ကြားထားတယ်လို့လည်း သိရပါတယ်။ ဒါကြောင့် 'ဝ' တပ်ဖွဲ အစည်းအဝေး ကျင်းပရေး ကော်မတီဟာ ဘယ်အဖွဲ့တွေကို ဖိတ်ကြားရမလဲ ဆိုတာ ပြန်လည် ညှိနှိုင်းနေရဆဲ အခြေအနေ ရောက်နေပါတယ်။ တကယ်လို့သာ ဒီ အစည်းအဝေးကြီးမှာ NCCT အဖွဲ့ဝင်တွေ မစုံလင်ခဲ့ဖူးဆိုရင် နောက်တစ်ကြိမ် အစည်းအဝေး တစ်ခု ထပ် လုပ်ဖို့ ပြင်ဆင်ရမှာ ဖြစ်တဲ့အကြောင်း ကေအိုင်အို အဖွဲ့ တာဝန်ရှိသူတွေကရော၊ ကေအဲန်ယူ တာဝန်ရှိသူတွေကပါ ပြောဆိုထားပြီးလည်း ဖြစ်ပါတယ်။ ဒါဆိုရင် သမ္မတ နဲ့ အစိုးရဘက်က မျှော်မှန်းနေတဲ့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ် လက်မှတ်ရေးထိုးနိုင်ရေး ဆိုတာ အချိန်ကာလ တစ်ခု နောက်ဆုတ်သွားမယ့် သဘော ဖြစ်သွားနိုင်ပါတယ်။ ဒီထက် အရေးကြီးတာ တစ်ခုက လက်ရှိ ပန်ဆန်းမှာ တိုင်းရင်းသားတွေ အစည်းအဝေး ကျင်းပဖို့ ပြင်ဆင်နေချိန်ဟာ အရင် လိုင်ဇာညီလာခံ၊ လော်ခီးလာ ညီလာခံ ကျင်းပခဲ့တဲ့ အခြေအနေမျိုးနဲ့ မတူပဲ အစိုးရနဲ့ တပ်မတော်ဘက်က တင်းမာမှု ဖော်ပြနေချိန်၊ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ကလည်း အစိုးရနဲ့ တပ်မတော်အပေါ် ယုံကြည်မှု အားနည်းနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ အရင် လိုင်ဇာ ညီလာခံ၊ လော်ခီးလာ ညီလာခံ လုပ်ခဲ့စဉ်တုန်းကတော့ အစည်းအဝေး ကျင်းပနိုင်ရေး အစိုးရအနေနဲ့ အဖက်ဖက်က အကူအညီ ပေးခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ မြန်မာပြည် တောင်ခြမ်း၊ အရှေ့ခြမ်း၊ မြောက်ခြမ်းတွေဆီမှာ တကွဲတပြား အခြေစိုက်ထားတဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေအနေနဲ့ ညီလာခံ တစ်ခု ကျင်းပဖို့ ဆိုတာ မလွယ်ကူပါဘူး။ အရင်ခေတ်ကဆို တောတောင်လျှိုမြောင် ဖြတ်သန်းပြီး လနဲ့ချီ သွားကြ၊ လာကြပါမှ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ တွေ့ဆုံ အစည်းအဝေး လုပ်နိုင်ကြတာမျိုးပါ။ အိမ်နီးချင်း နိုင်ငံ နယ်မြေတွေကို အသုံးပြုပြီး သွားလာကြမယ် ဆိုရင်လည်း ပုန်းလျှိုးကွယ်လျှိုး သွားလာကြရတာမျိုးပါ။ ပြီးခဲ့တဲ့ လိုင်ဇာညီလာခံ၊ လော်ခီးလာ ညီလာခံတုန်းကတော့ အဲဒီ ပြသနာ ပြေလည်အောင်၊ တောင်ပိုင်းက လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်တွေ မြောက်ပိုင်းသွားနိုင်အောင်၊ မြောက်ပိုင်းက လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေ တောင်ပိုင်း ဆင်းနိုင်အောင် အစိုးရက သူ့နယ်မြေထဲကနေ ကူညီပို့ဆောင်ပေးမှုတွေ လုပ်ပေးခဲ့ပါတယ်။ အခုဆွေးနွေးပွဲမှာတော့ အဲဒီအချိန်တုန်းကနဲ့ ခြားနားပြီး ဟိုအဖွဲ့မဖိတ်နဲ့၊ ဒီအဖွဲ့ မခေါ်နဲ့ ဆိုပြီး ဖိအားပေးမှုတွေ လုပ်နေလေတော့ အစည်းအဝေး ကြံ့ကြာမှုတွေကိုပဲ ဖြစ်စေမှာပါ။ တိုင်းရင်းသားတွေ ဘက်ကတော့ သူတို့ စုံညီ အစည်းအဝေး ကျင်းပလို့ မပြီးမချင်း အပစ်ရပ် စာချုပ်ဆိုင်ရာ ကိစ္စ ဘာမှ အဖြေပေးမှာ မဟုတ်လို့ပဲ ဖြစ်ပါတယ်။ နောက်ပြသနာ တစ်ခုက ကိုးကန့်ဒေသမှာ အစိုးရတပ်ဘက်က အကြီးအကျယ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ကိစ္စပါ။ ဒီ့အရင် ရှေ့ပိုင်းတုန်းကလည်း သစ်မှောင်ခို ဖမ်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကေအိုင်အေ နယ်မြေထဲ လေကြောင်းတိုက်ခိုက်မှုတွေတောင် လုပ်ခဲ့ပါသေးတယ်။ ပြောရရင် အစိုးရနဲ့ တပ်မတော်ရဲ့ အဲဒီ လုပ်ရပ်တွေဟာ ကျင်းပတော့မယ့် လက်နက်ကိုင် တိုင်းရင်းသား အစည်းအဝေးကနေ ငြိမ်းချမ်းရေးအတွက် ရလာဒ်ကောင်းတွေ ထွက်ပေါ်လာအောင် အကူအညီ အပံ့အပိုးဖြစ်စေမယ့် ကိစ္စမျိုးတွေတော့ မဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အစိုးရဘက်ကတော့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ် စာချုပ် လက်မှတ်ရေးထိုးမယ့် ဆန္ဒပြင်းပြနေတာကတော့ ပေါ်လွင်ပါတယ်။ ဒီအတွက် အပစ်ရပ် စာချုပ် လက်မှတ်ရေးထိုးတာကို သီးသန့်ကိစ္စတစ်ခုအနေနဲ့ မစဉ်းစားပဲ လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့ အကောင်အထည် ဖော်နေတဲ့ ယုံကြည်မှုတည်ဆောက်ရေးရဲ့ ကဏ္ဍတစ်ခုအဖြစ်၊ ငြိမ်းချမ်းရေး ဖြစ်စဉ်ကြီးတစ်ခုလုံးရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ်၊ တိုင်းပြည် စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးတကြီး ဖြစ်သန်းရမယ့် မှတ်တိုင်တစ်ခုအဖြစ် ဆက်စပ် စဉ်းစား လုပ်ကိုင်ဖို့ လိုပါတယ်။ ဒီအတွက် ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားကြောင်း စိတ်ကောင်းစေတနာ ပြဖို့ လိုပါတယ်။ အရင်တုန်းကလို တိုင်းရင်းသား ညီလာခံကြီးတစ်ခု ကျင်းပနိုင်အောင်၊ အဖက်ဖက်က အကူအညီပေးတာ၊ ထိုးစစ်တွေရပ်၊ သေနတ်သံ တိတ်ဆိတ်အောင် လုပ်တာ၊ ဖွဲ့စည်းပုံကြီး တစ်ခုလုံးကို မပြင်နိုင်သေးသည့်တိုင် တိုင်းရင်းသား တန်းတူရေးကို အကြမ်းဖျဉ်းလောက်ဖြစ်ဖြစ် အာမခံနိုင်မယ့်၊ အရေးကြီးတဲ့ အပိုင်းတွေကို ပြင်ဆင်ပြတာမျိုး လုပ်ဖို့ လိုပါတယ်။ ဒါမှသာ တိုင်းရင်းသား ပြည်သူတွေနဲ့ မြန်မာနိုင်ငံ အကျိုးစီးပွားကို လိုလားတဲ့ နိုင်ငံတကာ မိတ်ဆွေတွေ လိုလား တောင့်တ နေတဲ့ တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေး၊ အဲဒီကမှ တဆင့် စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဆိုတာမျိုး ပေါ်ပေါက်လာမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်
Comments
Post a Comment