ခုဆိုရင် အစိုးရငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး ကော်မတီ UPWC နဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေ စုဖွဲ့ထားတဲ့ တစ်နိုင်ငံလုံးအဆင့် အပစ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT တို့ ရန်ကုန်မှာ ခုနှစ်ကြိမ်မြောက်အဖြစ် တွေ့ဆုံဆွေးနွေးနေကြပါပြီ။ ဒီဆွေးနွေးပွဲ မတိုင်ခင်က နေပြည်တော်မှာ ကေအိုင်အို ဗဟိုအဆင့် ခေါင်းဆောင်တွေနဲ့ သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်၊ ဒုသမ္မတတို့ သီးခြားစီ တွေ့ဆုံဆွေးနွေးတာလည်း ရှိခဲ့ပါတယ်။
ဒီလိုတွေ့ဆုံနိုင်မှုကြောင့် အခု စတင်နေပြီဖြစ်တဲ့ ဆွေးနွေးပွဲကနေတစ်ဆင့် တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ်ကြီးတစ်ခုကို အပြီးသတ် သဘောတူညီမှုရကြတော့မလားဆိုပြီး မျှော်လင့်စရာတွေ ဖြစ်ပေါ်လာကြပါတယ်။ ဒီတစ်ခေါက် ဆွေးနွေးပွဲကနေ အပစ်ရပ်စာချုပ်ကို
အပြီးသတ်သဘောတူညီမှု ရနိုင်ပါ့မလားဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။
အခု ဆွေးနွေးပွဲမစခင် အစိုးရနဲ့ လက်နက်ကိုင်တိုင်းရင်းသားတွေအကြား ဆက်ဆံရေး အခြေအနေကတော့ အကောင်းချည်း မဟုတ်ပါဘူး။ တိုင်းရင်းသားတွေရဲ့ NCCT အဖွဲ့ဝင် ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့နဲ့ အစိုးရတပ် ရှမ်း ပြည်နယ် လောက်ကိုင်ဘက်မှာ တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ပြီး အစိုးရတပ်ဖွဲ့ အထိအခိုက်အကျအဆုံး အလွန် များနေပါတယ်။
ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလည်း ပျက်သလောက် ဖြစ်သွားပြီး တိုက်ပွဲကြောင့် နေရပ် စွန့်ခွာသွားသူတွေ မပြန်နိုင်ကြသေးပါဘူး။ တိုက်ပွဲတွေမှာ အစိုးရဘက်က လေကြောင်းပစ်ကူတွေပေး၊ အမြှောက်ဆန်တွေ တစ်ဘက်တရုတ် နိုင်ငံထဲကျပြီး တရုတ်နိုင်ငံသားတွေ သေကြေ၊ ဒဏ်ရာရ၊ တရုတ်အစိုးရနဲ့ စစ်ဘက်က ကန့်ကွက်မှုတွေရှိနေပြီး မြန်မာ နယ်စပ်ဘက်ကို စစ်တပ်တွေအလုံးအရင်းနဲ့ တပ်ဖြန့်ချထားတာ၊ ဂျက်တိုက်လေယာဉ်တွေက နယ်စပ်လုံခြုံရေး တာဝန် ယူတာတွေ လုပ်လာပါတယ်။ ဒီကိစ္စ တရုတ်-မြန်မာ နှစ်နိုင်ငံ တာဝန်ရှိသူတွေ ပူးပေါင်းဖြေရှင်းနေရဆဲလည်း ဖြစ်ပါတယ်။
ပိုဆိုးတာက ကိုးကန့်တပ်ဖွဲ့ဘက်က ပလောင်အဖွဲ့၊ ရခိုင်တပ်ဖွဲ့တွေ ကူညီတိုက်ခိုက်ပေးနေတယ်လို့ သက်ဆိုင် ရာတွေက အတိအလင်း ပြောဆိုထားတဲ့တိုင် ဒီ တိုက်ပွဲမှာ ကချင်တပ်တွေ၊ ရှမ်းတပ်တွေလည်း ပါနေတယ်၊ ၀ တပ်ဖွဲ့တွေ မိုင်းလား တပ်ဖွဲ့တွေလည်း ကူညီ ပံ့ပိုးနေတယ်လို့ တပ်မတော်ဘက်က စွပ်စွဲထားပြီး အဲဒီ အတွက် တာဝန်ယူရမယ်လို့ ရာဇသံပေးထားတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။
ဒီပြဿနာရှေ့ပိုင်းမှာဆိုရင် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ ဌာနချုပ်လိုင်ဇာက ဗိုလ်သင်တန်းကျောင်းကို တပ်မတော်ဘက်က လက်နက်ကြီးနဲ့ပစ်လို့ တိုင်းရင်းသားဗိုလ်လောင်း ၂၀ ကျော် သေဆုံးခဲ့တဲ့ကိစ္စ အစိုးရဘက်နဲ့ ကေအိုင်အို၊ တိုင်းရင်းသားတွေ ဘက် တွေ့ဆုံဆွေးနွေးတာမျိုး မလုပ်ရသေးပါဘူး။ ဒါ့အပြင် ဖားကန့်ဘက်မှာ အစိုးရ ရဲတပ်ဖွဲ့ဝင် တချို့ကို ကေအိုင်အေတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဖြစ်ပေါ်လာတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီးတော့လည်း နှစ်ဘက် အပြေအလည်ဆွေးနွေးတာ မရှိသေးပါဘူး။
ဒါတင်မက ရှမ်းပြည်နယ်ထဲမှာ အသတ်ခံရတဲ့ ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့က ဆရာမ နှစ်ယောက် သေဆုံးမှု တရားခံ အစစ်အမှန် မဖော်ထုတ်နိုင်သေးပါဘူး။ ပြောရရင် အခု တွေ့ဆုံဆွေးနွေးပွဲ စသာ စရတယ်၊ ကောင်းမွန်တဲ့ ရေခံ မြေခံ အကြောင်းအရာတွေ ရှိမနေပါဘူး။
ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်က ပြည်ထောင်စုနေ့ သဘောတူညီချက် တစ်ခု လက်မှတ်ရေးထိုးရအောင်ဆိုပြီး အစိုးရနဲ့ တိုင်းရင်းသားတွေရဲ့ တပ်ပေါင်းစု UNFC နှစ်ဘက် အပြန်အလှန် အဆိုပြုမှု နှစ်ခု ရှိခဲ့ပါတယ်။ UNFC ရဲ့ အဆိုပြုချက်ကို အစိုးရဘက်က လက်မခံခဲ့သလို အစိုးရဘက်က အဆိုပြုချက်ကို လက်မှတ်ရေးထိုးသူတွေကလည်း ကရင်နဲ့ ရှမ်း စုစုပေါင်း ( ) ဖွဲ့ပဲရှိခဲ့ပါတယ်။ နှစ်ဘက်စလုံးရဲ့ အဆိုပြုချက် မအောင်မြင်ပါဘူး။
ပြောရရင် အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေ နိုင်ငံရေးနဲ့ပတ်သက်ပြီး တွေးပုံမြင်ပုံမတူသလို၊ သဘော ထားချင်းလည်း မနီးစပ်သေးပါဘူး။ အဲလို အခြေအနေအောက်မှာ ခုလို ခုနစ်ကြိမ်မြောက် ဆွေးနွေးပွဲ ကျင်းပရတာပါ။
လက်ရှိအခြေအနေ အစိုးရဘက်မှာရော လက်နက်ကိုင် တိုင်းရင်းသားတွေဘက် အထူးသဖြင့် UNFC ခေါင်းဆောင်ဖြစ် တဲ့ ကေအိုင်အိုနှစ်ဘက်စလုံးအပေါ်မှာ ဖိအားတွေရှိနေပါတယ်။ အစိုးရဘက်ကလည်း နှစ်နဲ့ချီ ကြိုးစားတာတောင် ငြိမ်းချမ်းရေး တည်ဆောက်ရေးရဲ့ ပထမအဆင့် တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ်လက်မှတ်ရေးထိုးရေး အ ကောင်အထည် မပေါ်နိုင်သေးတဲ့အပေါ် ပြည်တွင်းပြည်ပ ဖိအားရှိနေပြီး ကေအိုင်အိုဘက်ကိုလည်း အလားတူ နိုင်ငံတကာ ဖိအားပေးမှု ရှိနေပါတယ်။
ဒီအခါ ကေအိုင်အိုအနေနဲ့ နိုင်ငံတကာမှာ ငြိမ်းချမ်းရေးကို မလိုလားတဲ့၊ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ် လက်မှတ် မထိုးလိုသူဆိုတဲ့ ပုံရိပ်မျိုး မပေါ်လွင်ရလေအောင်၊ ပုံရိပ်ကောင်းရအောင် သမ္မတ၊ တပ်ချုပ် အပါအ၀င် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတာ ဖြစ်နိုင်ပါတယ်။ တစ်ဘက်မှာလည်း အစိုးရနည်းတူ ငြိမ်းချမ်းရေးကို လိုလားတဲ့စကား၊ ချိုသော စကားတွေကို ပြောဆိုရာမှာ ကျွမ်းကျင်လာပါတယ်။
သမ္မတ အပါအ၀င် အစိုးရဘက်က ပြည်ထောင်စုက ခွဲမထွက်ရေး၊ တို့တာဝန် အရေးသုံးပါး မထိခိုက်ရေးကလွဲရင် နိုင်ငံရေး ဆွေးနွေးပွဲမှာ ဘာမဆို ဆွေးနွေးနိုင်တယ်ဆိုပြီး လမ်းဖွင့်ပေးထားတယ်လို့ ဆိုပါတယ်။
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး လက်ခံတယ်၊ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လက်ခံတယ်ဆိုပြီး သမ္မတကိုယ်တိုင် ပြောဆိုထားပြီးလည်း ဖြစ်ပါတယ်။
အစိုးရဘက်က လိုလားချက်ကတော့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ်ကြီးကို လက်မှတ်ထိုးကြပါ။ ပြီးရင် ကြိုက်ရာ ဆွေးနွေးနိုင်တယ်။ ဆိုတာမျိုး ဖြစ်ပါတယ်။ ဒါကြောင့်လည်း လက်ရှိ တိုင်းရင်းသား အဖွဲ့တွေရဲ့ ခေါင်းဆောင် လိုဖြစ်နေတဲ့ ကေအိုင်အို ဘက်က ပြည်ထောင်စုက ခွဲမထွက်ပါဘူး။ ပြည်ထောင်စုထဲမှာ ဘယ်လို နေထိုင်ကြမလဲဆိုတာ ကိုပဲ ဆွေးနွေးချင်ပါတယ် ဆိုတာမျိုး၊ တိုင်းပြည်မှာ တပ်မတော် တစ်ခုတည်းရှိရမယ်၊ ကာကွယ်ရေး ဦးစီးချုပ် တစ်ယောက်တည်းပဲ ရှိရမယ်ဆိုတာကို လက်ခံတယ်။
ပြည်ထောင်စုတပ်မတော် ဘယ်လို ဖွဲ့စည်းမလဲဆိုတာကိုပဲ ဆွေးနွေးချင်ပါတယ် ဆိုတာမျိုး တူညီသောစကားနဲ့ ချိုချိုသာသာ တုံ့ပြန်လာတာ ဖြစ်ပါတယ်။
ဖက်ဒရယ်ကို လက်ခံထားပါတယ် ဆိုတဲ့၊ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အသိအမှတ်ပြုပါတယ် ဆိုတဲ့၊ ဒီမိုကရေစီ စနစ်ကို သွားပါ့မယ်လို့ ပြည်သူတွေကို ကတိပေးထားတဲ့ အစိုးရ၊ တပ်မတော်နဲ့ လွှတ်တော် ဘက်ကတော့ အဲဒီ ပြောစကားတွေနဲ့ တူညီတဲ့ လုပ်ကိုင် ဆောင်ရွက် သက်သေပြတာမျိုးတော့ မယ်မယ်ရရ မမြင်ကြရပါဘူး။
အထူးသဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးလိုကိစ္စမျိုးမှာ ဖြစ်ပါတယ်။
လက်ရှိ ပြည်တွင်းမှာ ကျောင်းသားတွေနဲ့ လေးပွင့်ဆိုင်ဆိုပြီး တွေ့ဆုံဆွေးနွေး၊ နောက်ပိုင်း ကတိကိုဖျက်၊ လွှတ်တော်ကလည်း ပညာပြ၊ နောက်ဆုံး ကျောင်းသားတွေကို အကြမ်းဖက်၊ ရိုက်နှက်၊ ဖမ်းဆီးဖြိုခွဲပြလိုက်တာမျိုးကလည်း တိုင်းရင်းသားတွေကို မယုံကြည်မှု တိုးပွားစေပါတယ်။ သံသယ ဖြစ်စေပါတယ်။
ဒါကြောင့် နေပြည်တော်မှာ ကေအိုင်အိုအဖွဲ့က အမြဲတမ်းမှန်ကန်တဲ့ စကားလုံးတွေနဲ့ ချိုသာပြတဲ့တိုင် ခုတစ်ခေါက် တွေ့ဆုံဆွေးနွေးလိုက်ရုံနဲ့ တစ်တိုင်းပြည်လုံး အပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်မယ် ဆိုတာကတော့ စိတ်ကူးယဉ်လွန်းရာ ကျပါတယ်။
အစိုးရဘက်က ဖွဲ့စည်းပုံပြင်ရေးအပါအ၀င် တိုင်းရင်းသား တန်းတူရေးကို အသိအမှတ်ပြုတဲ့၊ ငြိမ်းချမ်းရေးကို တကယ်လိုလားကြောင်း သက်သေပြတဲ့ လုပ်ကိုင် အကောင်အထည် ဖော်မှုတွေ ရှိလာမှသာ အပစ်ရပ်စာချုပ်၊ အဲဒီကမှ တဆင့် နိုင်ငံရေးဆွေးနွေးပွဲ၊ နောက်ဆုံး ငြိမ်းချမ်းရေးဆိုတာ အကောင်အထည်ပေါ်လာနိုင်မှာ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်
Comments
Post a Comment