လာမယ့် မတ်လ ၃ဝ ရက်နေ့ဆိုရင် ပထမအဆင့် မဲဆန္ဒရှင်စာရင်းကောက်ယူထားတဲ့ ရန်ကုန်တိုင်းအတွင်းက မြို့နယ် ၁ဝ မြို့နယ်ရဲ့ မဲပေးပိုင်ခွင့်ရှိသူ စာရင်းကို ကြေညာပေးတော့မယ်လို့ တိုင်းရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက အရပ်ဘက်အဖွဲ့အစည်းတွေကို အသိပေးပါတယ်။ ၂ဝ၁၄ ခုနှစ်၊ နိုဝင်ဘာက စကောက်ယူထားတဲ့ အဲဒီ မဲစာရင်းတွေကို သက်ဆိုင်ရာ မဲရုံအသီးသီးမှာ မတ် ၃ဝ ရက်နေ့ကနေ ဧပြီ ၁၂ ရက်နေ့ထိ နှစ်ပတ်တာ ကပ်ထားပေးမှာဖြစ်ပြီး အဲဒီ မဲဆန္ဒရှင်စာရင်းကို ပြည်သူတွေကြည့်ကြဖို့ အရပ်ဘက် အဖွဲ့အစည်းတွေက နှိုးဆော်လုပ်ကိုင် ဆောင်ရွက်နိုင်တယ်လို့ ဆော်သြထားပါတယ်။
အကြမ်းဖျင်း ထုတ်ပြန်ကြေညာထားတဲ့ အဲဒီ
မဲစာရင်း ဘာထူးခြားချက်တွေ ရှိနေသလဲ၊ ပါတီတွေ၊ ရွေးကောက်ပွဲစောင့်ကြည့်သူတွေက ဘာလုပ်နိုင်မလဲ၊ နောက်ပိုင်း တကယ့်မဲဆန္ဒရှင် စာရင်း အစစ်ကြေညာတဲ့အခါ ဘယ်လို အခက်အခဲတွေ ကြုံရနိုင်မလဲဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။ ပထမ အဆင့်ကြေညာမယ့်အထဲမှာ ဆိပ်ကမ်း၊ ဒဂုံ၊ လသာ၊ ဆိပ်ကြီးခနောင်တို၊ ဒေါပုံ၊ လမ်းမတော်၊ ဗိုလ်တထောင်၊ ကမာရွတ်၊ ကျောက်တံတား၊ ပုဇွန်တောင်မြို့နယ်တွေပါဝင်ပြီး မဲဆန္ဒရှင် စုစုပေါင်း နှစ်သိန်းခွဲ နီးပါးရဲ့ နာမည်တွေ ပါဝင်မှာပါ။ လက်ရှိ ၂ဝ၁၄ နှစ်ကုန်ခါနီး ကောက်ခံထားတယ် ဆိုတဲ့ အဲဒီ (၁ဝ) မြို့နယ် မဲဆန္ဒရှင် စာရင်းကို ကြည့်လိုက်တဲ့အခါ ၂ဝ၁ဝ ရွေးကောက်ပွဲကာလက မဲပေးပိုင်ခွင့် ရှိသူစာရင်းထက် သိသိသာသာကြီး နည်းနေတာ တွေ့ကြရပါတယ်။ ဥပမာအားဖြင့် ၂ဝ၁ဝ တုန်းက ဒေါပုံမြို့နယ်မှာ မဲပေးပိုင်ခွင့်ရှိသူ ငါးသောင်းသုံးထောင်ကျော် ရှိပေမယ့် လက်ရှိ ပြုစုထားတဲ့ စာရင်းမှာတော့ သုံးသောင်းနှစ်ထောင်ကျော်ပဲ ရှိပါတယ်။ အလားတူ ပုဇွန်တောင်မြို့နယ်မှာ ၂ဝ၁ဝ က မဲဆန္ဒရှင် သုံးသောင်းခုနှစ်ထောင်နီးပါး ရှိခဲ့ပေမယ့် လက်ရှိ စာရင်း မှာတော့ နှစ်သောင်းနှစ်ထောင်ကျော်ပဲ ရှိနေတာပါ။ ဆယ်မြို့နယ်စလုံးကို လေ့လာကြည့်ရင် ၂ဝ၁ဝ တုန်းက မဲဆန္ဒရှင်စာရင်း သုံးသိန်းနီးပါး ရှိခဲ့ပြီး အခု စာရင်းမှာတော့ နှစ်သိန်းငါးသောင်း နီးပါးပဲရှိတာ တွေ့ရပါတယ်။ မဲဆန္ဒရှင် ငါးသောင်းလောက် လျော့နည်းနေတာ တွေ့ကြရပါတယ်။ လေး-ငါးနှစ်အတွင်း မဲဆန္ဒရှင် စာရင်း လျော့ကျသွားတာကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါဆို ဘာကြောင့် အဲဒီလို ဖြစ်ရတာလဲ ဆက်လေ့လာကြည့်ရအောင်ပါ။ တကယ်ဆိုရင် ၂ဝ၁ဝ တုန်းကလည်း စစ်အစိုးရက ခန့်အပ်ထားတဲ့ ဒီရွေးကောက်ပွဲ ကော်မရှင်ကပဲ မဲစာရင်းပြုစုခဲ့တာပါ။ အဲဒီ အချိန်တုန်းကလည်း အကြောင်းအမျိုးမျိုးကြောင့် မဲဆန္ဒရှင် စာရင်းထဲမပါလို့ မဲပေးခွင့်မရခဲ့သူ အများကြီးရှိခဲ့ပါတယ်။ အဲဒီအချိန်က မဲစာရင်း မှန်မမှန်ကို နိုင်ငံရေးပါတီတွေကရော၊ လေ့လာစောင့်ကြည့်သူတွေကပါ ဘယ်သူမှ တိုက်ဆိုင်စစ်ဆေးနိုင်ခြင်း မရှိခဲ့ပါဘူး။ အကြောင်းကတော့ တိုက်ဆိုင်စစ်ဆေးလို့ မရအောင် ကော်မရှင်က ညစ်ထားလို့ ဖြစ်ပါတယ်။ မဲစာရင်း တိုက်ဆိုင်စစ်ဆေးလိုသူတွေဟာ မဲရုံကနေ မဲစာရင်းကို မိတ္တူကူးရမှာဖြစ်ပြီး မိတ္တူကူးခ တစ်ရွက်ကို ကျပ် ၂ဝဝ၊ လူနာမည် တစ်ခုကို ငွေ ၁ဝ ကျပ် ကုန်ကျမယ့် သဘော ဖြစ်ပါတယ်။ ဒီအတွက် မဲဆန္ဒရှင်စာရင်းကူးမယ့် လွှတ်တော်အမတ်တစ်ယောက်ဟာ သူ့မဲဆန္ဒနယ်မြေမှာ မဲဆန္ဒရှင်ငါးသောင်းရှိတယ်ဆိုရင် မိတ္တူကူးခ ကျပ် ငါးသိန်းကုန်မှာဖြစ်ပြီး မဲဆန္ဒရှင် တစ်သိန်းဆိုရင် ကျပ်ဆယ်သိန်း ကုန်ကျမယ်လို့ သတ်မှတ်ထားတာပါ။ ဒါကြောင့် အဲဒီအချိန်က ဘယ် အမတ်ကမှ မဲဆန္ဒရှင်စာရင်း မိတ္တူမကူးခဲ့သလို တကယ် မှန်မမှန် တိုက်ဆိုင်စစ်ဆေးတယ် ဆိုတာ ကိုလည်း မကြား မသိကြရပါဘူး။ အခု လာမယ့်ရွေးကောက် ပွဲမှာတော့ မဲဆန္ဒရှင်စာရင်းကို လွယ်လွယ်ကူကူ မိတ္တူကူးခွင့်ပေးမယ်လို့တော့ ဆိုထားပါတယ်။ နိုင်ငံရေးပါတီတွေ လေ့လာ စောင့်ကြည့်သူတွေ မဲဆန္ဒရှင်စာရင်း မှန်မမှန် တိုက်ဆိုင်စစ်ဆေးနိုင်မလား၊ မမှန်တာတွေကို ပြင်ဆင်နိုင်မလား ဆက်လေ့လာကြည့်ကြရအောင်ပါ။ အခု ၁ဝ မြို့နယ်အတွက် မဲဆန္ဒရှင်စာရင်း ပြုစုထားတာဟာ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ နေရပ်လိပ်စာ အားလုံးကိုက်ညီပြီး အသက် ၁၈ နှစ်ပြည့်ပြီးသူတွေရဲ့ စာရင်းတွေကို ပြုစုထားတယ်လို့ ကော်မရှင်ဘက်က ဆိုပါတယ်။ ဒီစာရင်းတောင်မှ ၂ဝ၁ဝ နဲ့ နှိုင်းယှဉ်ရင် မဲဆန္ဒရှင် စာရင်း ငါးသောင်းလောက် နည်းနေပြီး အဲဒါဟာ မဲစာရင်း စုစုပေါင်းရဲ့ ရာခိုင်နှုန်း ၂ဝ ကျော်ရှိနေတာပါ။ ဒီနေရာမှာ သက်ဆိုင်ရာမြို့နယ်မှာ တကယ်နေထိုင်ပြီး အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်တစ်ခုခု မကိုက်ညီသူတွေ၊ တစ်ခုခု မရှိသူတွေကိုပါ မဲပေးခွင့်ရဖို့ လုပ်ကိုင်ဆောင်ရွက်မယ် ဆိုရင် လက်ရှိစာရင်း ထက် နောက်ထပ် လူအရည်အတွက် ၂၅ ရာခိုင်နှုန်း အထက် ပိုလာဖို့ ရှိနေပါတယ်။ ဒီထက် များချင်လည်း များနိုင်ပါတယ်။ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေ၊ လေ့လာစောင့်ကြည့်မယ့်အဖွဲ့တွေဟာ အဲဒီစာရင်းတွေ မှန်မမှန် တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးတာ၊ မဲစာရင်းမပါသူတွေကို စာရင်းပြုစုတာ၊ အဲဒီလူတွေ သူတို့ မဲစာရင်းပါဖို့ လုပ်ကိုင်ဆောင်ရွက်တာတွေကို အများကြီး ကူညီလုပ်ကိုင်ပေးကြရပါလိမ့်မယ်။ လွယ်ကူမယ့်ကိစ္စမျိုးတော့ မဟုတ်ပါဘူး။ အခုနှုန်းထားအတိုင်းဆိုရင် တစ်နိုင်ငံလုံးက မဲပေးပိုင်ခွင့်ရှိသူ စာရင်းရဲ့ ၂၅ ကနေ ၃ဝ ရာခိုင်နှုန်းလောက် မဲစာရင်းထဲပါမလာရင် သူတို့ကိုပါလာအောင် ဆောင်ရွက်ပေးရမယ့်ကိစ္စ ပိုပြီး ခက်ခဲနိုင်ပါတယ်။ အားလုံးပေါင်း လူဦးရေ လေးငါးသန်းလောက်တောင် ရှိကောင်းရှိနိုင်ပါတယ်။ သန်းနဲ့ချီရှိတဲ့ မဲဆန္ဒရှင်စာရင်း မှန်မမှန် တိုက်ဆိုင်စစ်ဆေးရမယ့်ကိစ္စ၊ အထက်မှာတင်ပြခဲ့တဲ့ လူလေးငါးသန်းလောက် မဲဆန္ဒရှင် စာရင်းထဲပါအောင် လုပ်ရမယ့်ကိစ္စ မလွယ်သလို ရွေးကောက်ပွဲ ကော်မရှင်ကပေးတဲ့အချိန် နည်းပါးနေတာ၊ လုပ်ထုံးလုပ်နည်း ခက်ခဲတာတွေကိုလည်း မလွဲမသွေ ကြုံကြရမှာဖြစ်ပါတယ်။ ပြည်သူလူထု ထောက်ခံမှုအများဆုံးရနေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အင်န်အယ်လ်ဒီ ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ခေါင်းဆောင် ပါတီပြောခွင့်ရ ဦးဉာဏ်ဝင်းကတော့ မဲဆန္ဒရှင်စာရင်း ပြုစုတာ ပါတီတွေနဲ့ ကော်မရှင်ပေါင်းလုပ်ရမယ်၊ အခုချိန်ထိ အဲဒီကိစ္စ ကော်မရှင် ဘက်က ဘာမှ မပြောလို့ သူတို့လည်း ဘာမှမသိရသေးဘူးဆိုပြီး ဗီအိုအေ မေးမြန်းခန်းမှာ ဖြေသွားပါတယ်။ အခုဆိုရင် ပါတီတွေမသိဘဲ ရှေ့ပြေး ၁ဝ မြို့နယ် မဲဆန္ဒရှင်စာရင်း ထွက်လာပါပြီ။ အဲဒီစာရင်းကို ပြည်သူတွေကို သွားကြည့်ခိုင်းပြီး ဘာဆက်လုပ်ရမှာလဲ၊ ဘယ်သူမှ မသိနိုင် သေးပါဘူး။ မဲဆန္ဒရှင်စာရင်း အများအပြား ကွာဟနေရင် ဘယ်လိုလုပ်ကြမလဲ ဘယ်သူ့မှာမှ အဖြေမရှိသေးပါဘူး။ ဒါကြောင့် ရွေးကောက်ပွဲဝင်ပြိုင်မယ့် ပါတီတွေနဲ့ စောင့်ကြည့်မယ် ဆိုတဲ့ အဖွဲ့တွေ အိပ်ငိုက်မနေကြတော့ဘဲ ၂ဝ၁၅ ရွေးကောက်ပွဲအတွက် နိုးနိုးကြားကြားရှိကြဖို့ လိုနေပြီ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်

Comments
Post a Comment