ဇန္ဒ၀ါရီ ၁
နှစ်ကုန်ခါနီးအချိန်က ရင်ထဲကို မီးတောက်များပစ်ထည့်သွား၏။ ကမ္ဘာမကြေသီချင်းက ကျွန်တော်တို့ ဆိုလို့မဆုံးသည့် သီချင်းသံလား။ နှစ် ဟောင်းကို သွေးနှင့်ကြွေစေပြီး နှစ်သစ်ကို သွေးနှင့် ဝေစေမှာလား။ ကျည်ဆံကတော့ အကျဉ်းတန်စွာ ၂၀၁၄ ကို ဖောက်ထွက်သွားခဲ့ပြီ။
အိပ်ရေးပျက်သည်အထိ အကြမ်းဖက်သတင်းများက လူတိုင်းကို နှောင့်ယှက်နေ၏။ ဘူဒိုဇာပုံရိပ်များ၊ ၀ါရင်းတုတ်များ၊ လှံ၊ လေးခွ၊ သေနတ် နှင့် ဓားကအစ အနုမြူဗုံးကလည်း
မျက်ခုံးတလှုပ်လှုပ်။ နောက်ကျောမလုံသည်စိတ်နှင့် လူသည်လည်း သံသယများ ဖွံ့ထွားလာခဲ့ပုံ။ လုံခြုံမှုမရှိသည့် စိုးရိမ်စိတ်တွေနှင့် အိပ်ရေးပျက်သူများ နှစ်ကုန်ခါနီးမှာ ပိုများလာသည်ထင်မိ၏။
ပြဿနာပေါင်းသောင်းခြောက်ထောက်နှင့် အမယ်ဘုတ်ချည်ခင်ကြီးက ရှုပ်ထွေးမက ရှုပ်ထွေးလျှက်။ ဖြစ်ချင်ရာဖြစ် မောင်ဘချစ်ဟု ခေါ်ရ မည်လားမသိ။ တာဝန်ရှိသူများကလည်း ဖြစ်ချင်ရာဖြစ်ဟု ပစ်ထားသလိုပင်။ တာဝန်များ ပျက်ကွက်နေကြ၏။ သို့တည်းဟုတ် တာဝန် မကျေဟု အမည်တပ်ရမည်လား။ ထိုသူများက မည်သို့ပင် တာဝန်များပျက်ကွက်စေကာမူ အိတ်ဖောင်းဖို့လမ်းကြောင်းအတွက်မူကား ကြိုး စားနိုးကြားကြ၏။ စာချင်းရာစားမည့်ပါးစပ်ကြီးပမာ အပူစာလား၊ အအေးစာလားမခွဲခြားတော့။ ထိုပါးစပ်လိုလူများက ရှိသမျှအကုန် မြိုပွဲ ဆင်နေ၏။
အကြောင်းမလှသည့် အနာဂတ်က ယခင်အတိုင်းလဲလျောင်းနေပါသည်။ နှိုးမည့်သူမရှိသောကြောင့် သူအိပ်ကောင်းနေပုံပင်။ သူ့ကြောင့် ကျွန်တော်တို့မှာ အကြောင်းမလှသည့် အနာဂတ်ကြီးနှင့် တောက်လျှောက်ပတ်သက်နေရ၏။ မျက်ရည်ကျမဆုံးသည့် ဇာတ်လမ်းတွဲကြီးက မပြီးစီးသေး။ ထိုင်ကြည့်လိုက်၊ ထကြည့်လိုက်ဖြင့် ကျွန်တော်တို့သာ ငုတ်တုပ်မေ့နေရပေသည်။
အမှောင်က မိုးကုပ်စက်ဝိုင်းအထိ ရှည်လျားနေပေ၏။ အလင်းရောင်ငတ်နေသည့် မျက်လုံးများသည် နှစ်ချီသည်အထိ ငတ်မြဲ၊ ငတ်ဆဲ။ အလင်းကိုစောင့်စားနေသည့် မျက်လုံးပိုင်ရှင်များသာ သားစဉ်မြေးဆက် သေဆုံးသွားကြသည်။ အလင်းရောင်မူကား ခဏလေးဖြစ်ဖြစ် တောင် အရောင်မပြခဲ့။ အမှောင်များသာ အချိန်ကြာလာသည်နှင့်အမျှ ပို၍နက်လာပေသည်။
ခေတ်သစ်နယ်ချဲ့တွေနှင့် ခေတ်သစ်အလိုတော်ရိတွေကြောင့် လူ့ငရဲက လူ့ဘုံ၌ဖြစ်တည်လာ၏။ စည်းကျော်လာသည့်ဧည့်သည်များက အိမ်ရှင်တွေကို အိမ်ထဲမှ နှင်ထုတ်ဖို့ကြံစည်နေကြ၏။ တစ်စတစ်စနှင့် အိမ်ရှင်များက ဧည့်ဆိုးများကြောင့် အိမ်ခြေယာမဲ့အဖြစ်သို့ ရွေ့လျား လို့။ ဧည့်ဆိုးများက ကောက်ကျစ်ဗိုလ်ကျကာ အိမ်ပိုင်ယာပိုင်များဖြစ်သွားကြ၏။
မြေနိမ့်ရာ လှံတဆုံးစိုက်ဝင်သည့်အကြောင်းတွေက ရေး၍မဆုံး။ မျိုးဆက်သစ်များ ပိုလီယိုဖြစ်သည်အထိ လုပ်ကြံခံနေရဆဲ။ အပြောက မိုးပေါ်တက်ရန် လှေကားများချပေးနေပါသည်ဟူ၍။ တကယ်တမ်းချပေးသည့်လှေကားက အောက်လှေကားဖြစ်သည့်အတွက် တဖြည်း ဖြည်း တွင်းကနက်နက်လာ၏။ အဆင့်များကလည်း တဖြည်းဖြည်းအောက်သို့။
အမှန်ကိုလှည့်ဖြားလေ့ရှိသည့်သတင်းစာက ပြည်သူ့ဘဏ္ဍာနှင့် လည်ပတ်နေတုန်း။ လုပ်နေကြ လှည့်စားမူများက ရင်ခုန်စရာမရှိ။ အမှန်ကို ဖော်ပြသည့်သတင်းစာများစွာကို မကျော်နိုင်။ ဖတ်သူများကလည်း နလိန်ပိန်းတုံးများမဟုတ်ကြ။ သို့သော်လည်း အိပ်ချင်ယောင်ဆောင်သော ထိုသတင်းစာများက နိုးရခက်လှ၏။ ပြည်သူ့အတွက်ဝန်ဆောင်မှုစစ်စစ်ကိုသာ အလိုရှိကြောင်း အိပ်ချင်ယောင်ဆောင်နေသူများ သိစေချင်၏။
လူမှန်နေရာမှန်မဖြစ်သေးသည့်လောကကြီးက ကမောက်ကမ။ အလိမ်အညာ၊ အဖုံးအဖိတွေနှင့် မိမိ၏ညံ့ဖျင်းမှုကို ၀န်မခံချင်သူများက လုပ်ပိုင်ခွင့်အလုံးအရင်းနှင့် နေရာယူလျှက်။ အပုပ်နံ့တွေသာ ဟုန်းဟုန်းကျော်သွားသည်။ ဘို့တစ်ဘို့ကောင်းစားရေးနှင့် သူတို့ရေးသည့် သမိုင်းက မလှမပ။
အခြေအနေရဆိုပြီး အဆိုးကို တွန်းချသည့်လက်၊ အဆင်းကို ဘီးတပ်ပေးသည့်လက်များနှင့် ကျွန်တော်တို့က ဓားစာခံများသဖွယ်။ နေမြင့် တိုင်း အပူပိုလာသလိုခံစားရ၏။ လုပ်ရပ်၊ အကျင့်ဆိုးများနှင့် လူများကြောင့် ကျွန်တော်တို့၏ သွေးများဆူပွက်သည်မှာလည်း ရေနွေးပူ အလား။ ထိုသူများကတော့ ဆင်ခြင်မှုမရှိ၊ ဆင်ခြေဆင်လက်များသာရှိ၏။
စားဝတ်နေရေးမအေးသည့်ဂယက်နှင့် လှိုင်းလုံးကြီးများက ဆန္ဒပြပွဲများဆီသို့ ဦးတည်၏။ အလိုမကျမှု၏ အော်သံများဟု အမည်တပ်ရမည်။ ထိုအော်သံများ ဘယ်လောက်အော်အော် အဆင်ပြေသွားသည်ဟု မကြားရ။ အဆင်မပြေမှုများသာ ရေကြီးရေလျှံကြားရသည်။
သမာသမတ်ကျကျ ဥပဒေကြီးတောင်မှ တချို့လူတွေ၏လုပ်ရပ်များကြောင့် အရောင်အမျိုးမျိုးအဆိုးခံရ၏။ ရောင်စုံဥပဒေ၊ မျက်နှာများသည် ဥပဒေအဖြစ် ဥပဒေက တရားမျှတမှုအောက် လျော့ကျသွား၏။ ဥပဒေ၏ အားကိုးရာမရသော မျက်နှာမွဲများမူကား နစ်သထက်နစ်လာသည့် နွံပမာ။
“လူနပ်ချမ်းသာ” ဟူသော ဆိုရိုးစကားပြောင်းသွား၏။ ထိုစကားနှင့် ဖျံသမားများက နေရာအနှံ ငွေပင်လယ်ကျယ်ကြီးတွင် ပျော်ရွှင်စားကူး ခတ်နေကြ၏။ ငါးများစွာလည်း စိတ်ကြိုက်ဖမ်းစားနိုင်သေး၏။ ထိုဖျံများသည် အကုသိုလ်များနှင့် တဖြည်းဖြည်းဝဖြီးလာပြီး သဘာဝငါးများမျိုးတုဉ်းသွားသကဲ့သို့။ စိတ်ပျက်စရာမြင်ကွင်းပင်။
ထိုစိတ်ပျက်စရာမြင်ကွင်းထဲမှ သားစားကြူးသော အမြန်လမ်းလည်းပါ၏။ အမြန်လမ်းဆိုသည့်အတိုင်း သေလမ်းကို အမြန်ရွေးပေးနေ သည်လားမသိ။ စိတ်မကောင်းစရာ၊ ၀မ်းနည်းစရာ ယဉ်မတော်တဆမှုများ မကြားချင်မှအဆုံး။ ချို့ယွင်းချက်ကို ရှာဖွေမှုက နောက်ကျနေ သည်လားမသိ။ ဆိုးဝါးမှုက တဖြည်းဖြည်းအလောင်းတွေပုံထပ်သွားစေ၏။
ရောက်လာသည့် နှစ်သစ်သည် မည်သည့်ပုံစံရှိမည်နည်း။ တံခါးကို အချိန်က ဖွင့်ချလိုက်သည်။ အဆိုးလား၊ အကောင်းလား။ နှစ်ဟောင်းက အဆိုးမှန်သမျှကို နှစ်သစ်က တံခါးပိတ်ထားလို့ရရင်ကောင်းမည်။ ဖြစ်နိုင်ရင် ရောက်ရှိနေသည့်နှစ်သစ်ကို မီးမကူးစေချင်ပါ။ နှစ်သစ်သည် သစ်လွင်တောက်ပသောအနာဂတ်များကို သယ်ဆောင်လာလျှင်ကောင်းမည်။ သို့သော် လည်ပင်းရှည်ခဲ့ရသည့် နှစ်ပေါင်းများစွာအတွက် စိုးရိမ်နေမိဆဲ။ သို့သော်လည်း မကြိုမဖြစ် ကြိုနေရသည်သာ။ လာခြင်းကောင်းပါစေ နှစ်သစ်ရေ။
စေပိုင်ထွဋ် (ပုသိမ်)

Comments
Post a Comment