Skip to main content

ဒေါ်ခင်ဝင်း သတင်းမှတ်တမ်းအကျဉ်း ၂၂၊၁၂၊၂၀၁၄ - ၀၁၊၀၁၊၂၀၁၅

လက်ပံတောင်းတောင် ပြဿနာ ဘယ်သူ့မှာ တာဝန်ရှိသလဲ နားဆင်ရန်


 

လက်ပံတောင်းမှာ ပုဒ်မ ၁၄၄ သက်တမ်းတိုးမြှင့်ဇန္ဒ၀ါရီ ၂


စစ်ကိုင်းတိုင်း ဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အတွင်း ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ အမိန့်ကို နောက်ထပ် သက်တမ်း ၂ လ တိုးမြှင့် ထုတ်ပြန်လိုက်ပါ တယ်။

ပုဒ်မ ၁၄၄ ကို ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဖေဖော်ဝါရီလကုန်အထိ ၂ လ သက်တမ်းတိုးလိုက်တာဖြစ်တယ်လို့ ယင်းမာပင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့်က ပြောပါတယ်။

"ပုဒ်မ ၁၄၄ က သက်တမ်းရှိတယ်လေ၊ နှစ်လတစ်ကြိမ်၊ အဲ့ဒါကို သက်တမ်းပြန်တိုးတာပါ၊ နယ်နိမိတ်သတ်မှတ်ထားတာ ရှိပါတယ်ခင်ဗျ"

နောက်ထပ်၂ လပြည့်တဲ့အခါ ပုဒ်မ ၁၄၄ ကို ထပ်မံထုတ်ပြန်မှာ ဖြစ်တယ်လို့လည်း ဦးဇော်မျိုးညွန့်က ဆိုပါတယ်။

ပုဒ်မ ၁၄၄ သတ်မှတ်ထားတဲ့ဧရိယာမှာ မိုးကြိုးပြင်ကျေးရွာအုပ်စု၊ ဖောင်းကတာကျေးရွာအုပ်စု၊ လက်ပံတောင်း တောင်ကြီး၊ ၀က်မှေးရွာ၊ ဆည်တည်းရွာနဲ့ တုံရွာတွေ ပါဝင်ပြီး အဲဒီနေရာတွေမှာ ၀င်ထွက်သွားလာတာတွေ မလုပ်ဖို့နဲ့ တားမြစ်ချက်ကို ချိုးဖောက်ရင် တရားဥပဒေအရ အရေးယူသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းဧရိယာအတွင်းမှာပါတဲ့ နေရာတွေကို ဖြတ်သန်းသွားလာခြင်းမပြုဖို့ ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် ဇူလိုင်လကစလို့ ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf


လက်ပံတောင်းတောင် အရေး ရင်အေးဖွယ် မရှိပြီ

မကြာမီက မီဒီယာသတင်းစဉ်တခုမှာ “ဝမ်ပေါင်သည် လူထုအခြေပြု၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးကိုတာဝန်ယူ လုပ်ဆောင်လျက်ရှိ” ဆိုတဲ့ ခေါင်းစီးနဲ့ ဆောင်းပါးလိုလို၊ ကြော်ငြာချက်လိုလို ဒီဇင်ဘာ ၄ ရက်နေ့က ပါရှိလာတယ်။ မုံရွာသား စာပေသမားတယောက်အနေနဲ့ မေးစရာမေးခွန်းတွေ ပေါ်ထွက်လာတာက ဘယ်လို လူတန်းစားတွေကို အခြေပြုပြီး လုပ်ဆောင်ပေးနေပါသလဲ။ ဒေသဖွံ့ဖြိုးရေးတွေ တိုးတက်အောင်တာဝန်ယူ လုပ်ဆောင်ပေးနေတယ်ဆိုတာမှာ ဒီနေရာက မုံရွာမြို့ကြီးနဲ့ ချင်းတွင်းမြစ်ခြားပြီး
တမိုင်ပျော့ပျော့သာဝေးတဲ့ နေရာဖြစ်တယ်။ အဲဒီနေရာက ယခင် ကာလတွေမှာ အညာဒေသရဲ့ သဘာဝ စိမ်းလန်းစိုပြေ ရာသီဥတုအခြေအနေကို ပြုပြင်ထိန်းသိမ်းပေးခဲ့တဲ့ ပတ်ဝန်းကျင်ဒေသကြီး၊ အခုတော့ ကန္တာရလွင်ပြင်ကြီးဖြစ်နေပါ ပကောလား။
အောက်ချင်းတွင်းခရိုင် မုံရွာမြို့ကြီးဆိုတာက စစ်ကိုင်းတိုင်းဒေသကြီးရဲ့ တိုးတက်ဖွံ့ဖြိုးမှု အရှိဆုံးနဲ့ လူဦးရေ ထူထပ်မှု အရှိဆုံးဒေသကြီး တခုဖြစ်တယ်။ အထက်ချင်းတွင်းခရိုင် ချင်းတွင်းမြစ်တကြောက မြို့အားလုံးနဲ့ ချင်းပြည်နယ်၊ မကွေးတိုင်းမြောက်ဖျား ယောနယ်ဒေသ၊ နာဂပြည်နယ်၊ အိန္ဒိယ နိုင်ငံရှိ မိုးရေး၊ အင်ဖာမြို့များသို့ သွားရာ အားလုံးသော ခရီးစဉ်များက မုံရွာမြို့ကြီးကို ကျော်ဖြတ်ပြီးမှ ရေလမ်း၊ ကုန်းလမ်းတို့နဲ့ သွားရောက်ကြရတယ်။ ရေချို ချင်းတွင်းမြစ်ကြီးကလည်း မြန်မာပြည် မြောက်ဖျားဒေသ၊ နာဂပြည်နယ်က အခြေခံခဲ့ပြီး တောင်ဘက်ဆီ အစဉ်တစိုက် စီးဆင်းလာလိုက်တာ မုံရွာမြို့ကြီးရဲ့ အနောက်ဖက်က ကပ်ပြီးအောက်ပြည် အောက်ရပ်ဆီ ဆက်လက်စီးဆင်းသွားတယ်။ ပခုက္ကူ၊ မြင်းခြံအနီးရောက်မှ ဧရာဝတီမြစ်ကြီးနဲ့ ဆက်သွယ် ပေါင်းဆုံပြီး စီးဆင်းသွားပြန်တယ်။ ဒီနောက်မှာတော့ ဧရာဝတီမြစ်ကြီးအသွင် ရေလွှာချင်း ပေါင်းဆုံစီးဆင်းသွားတာ မန္တလေးတိုင်း၊ မကွေးတိုင်း စတဲ့မြန်မာပြည် အလယ်ပိုင်းက မြစ်ကမ်းမှာ တည်ရှိတဲ့ မြို့အသီးသီးကို ကျော်ဖြတ်ပြီး ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့ဆီ ဆက်လက် စီးဆင်းသွားပြန်တယ်။ အဲဒီမှာလည်း ဧရာဝတီမြစ် နံဘေးမှာ လူနေထူထပ်တဲ့ မြို့ကြီးတွေ တည်ရှိနေကြတယ်။ နောက်ဆုံးမှ ဘင်္ဂလား ပင်လယ်အော်ထဲကို ဧရာဝတီမြစ်ကြီး ခရီးဆုံး ရောက်ရှိသွားခြင်း ဖြစ်တယ်။
ပြောချင်တာက မြန်မာပြည် မြောက်ဖျားပိုင်းဆီက အသီးသီး စီးဆင်းလာကြတဲ့ ချင်းတွင်းနဲ့ ဧရာဝတီ ရေချိုမြစ်ကြီးတွေက အထက်ပိုင်းမှာ စည်းမဲ့ကမ်းမဲ့ ရွှေကျင်ရာမှာ အသုံးပြုတဲ့ ပြဒါးနဲ့ ဆိုင်ယာနိုက်အဆိပ်တွေ သင့်ခဲ့ကြပြီ၊ ချင်းတွင်းမြစ်ကြီးရဲ့ အထက်ချင်းတွင်း တလျှောက်က မြစ်ကမ်းနှစ်ဖက်မှာ ထင်တိုင်းတူးဆွ ဖြိုဖျက်ခဲ့ကြတော့ မြစ်ကမ်းနံဘေးတွေလည်း ပျက်စီး၊ မူလကကြည်လင် သန့်ရှင်းတဲ့ ရေချိုရေကြည် ရေသန့်ကနေ ကော်ဖီရောင်၊ အညိုရောင် ရွှံ့ရေတွေအဖြစ် ပြောင်းလဲသွားခဲ့ပြီ။ ပြဒါးနဲ့ ဆိုင်ယာနိုက်တွေ ပျော်ဝင်နေတဲ့ အဆိပ်သင့်ရေတွေအဖြစ် ပြောင်းလဲသွားခဲ့ပြီ။ မြစ်တွင်းမှာ ကျက်စားတဲ့ ငါးမျိုးစိတ်တွေ တခြားသတ္တဝါတွေ တနေ့တခြား လျော့ပါးလာနေပြီး အဲဒီအဆိပ်သင့် ငါးတွေကို မြစ်ကမ်းနေမြို့နေ လူထုက စားသုံးတော့ ကျန်းမာရေးထိခိုက်ပြီး သက်တမ်းပြည့်မနေရဘဲ ဘဝဆုံးရှုံးကြရပြီ။
ဒီလို ချင်းတွင်းမြစ်တကြောက အဆိပ်သင့်မြစ်ရေတွေက အောက်ချင်းတွင်းခရိုင် မုံရွာမြို့ကြီးဆီ ရောက်လာပြန်တော့ မုံရွာမြို့နဲ့ အလုံမြို့ကြားက ချင်းတွင်းမြစ် အနောက်ဖက်ကမ်းမှာ ယမားတခု ရှိတယ်။ အဲဒီယမားက ကြေးစင်တောင်နဲ့ စံပယ်တောင်အနီးက ကပ်လျက် ချင်းတွင်းမြစ်အတွင်းဆီ မိုးကာလမှာ ယမားရေတွေ ကမ်းလုံးပြည့် ဆက်သွယ် စီးဆင်းနေခြင်း ဖြစ်တယ်။ ယခုတော့ အဲဒီ ကြေးစင်တောင်၊ စံပယ်တောင်တို့ကလည်း တောင်ပြား တောင်ချိုင့်ကြီးတွေ ဖြစ်သွားခဲ့ပါပြီ။ ယခင်က မုံရွာဖက်ကမ်းက ကြည့်ရင် ထန်းတောကြီးတွေက မြစ်ကမ်းအနီးမှာ အနားသတ်ပြီး မှိုင်းပြာ ညိုမှောင်နေတဲ့ စံပယ်တောင်၊ ကြေးနီတောင်တို့က ယခင် ဒီဒေသတကြောမှာ သဘာဝပတ်ဝန်းကျင် စိမ်းလမ်းစိုပြေမှု အင်အားပြရာ ဒေသကောင်းတခု ဖြစ်ခဲ့တယ်။
ပထမဦးဆုံး အရိပ်အာဝါသအားလုံး၊ ပတ်ဝန်းကျင်မှာ လေထု၊ ရေထု၊ မြေထု အားလုံး ဂေဟ စနစ်ပျက်သုန်းသွားတဲ့ အကြောင်းက စက်ယန္တရားကြီးတွေရဲ့ ဒဏ်ရာဒဏ်ချက်၊ မဆင်မခြင် တာဝန်ရှိသူတို့ရဲ့ လုပ်ဆောင်ချက်တို့နဲ့ နိစ္စဓူဝ ဒုတ္တာမြေသားကို ဆာလဖျူရစ် အက်ဆစ်ရည် ဂါလံပေါင်းများစွာနဲ့ ဖျော်ထုတ်ရယူခဲ့ပြီး အညစ်အကြေးအဖြစ် ပြောင်းလဲသွားတဲ့ အက်ဆစ်ရေတွေက ဒီပတ်ဝန်းကျင်ဒေသက မြေတကြောမှာ အောင်းဝင်သွားတယ်။ ယမား ရေစီးကြောင်းတွေက ဖြစ်စေ၊ ချင်းတွင်းမြစ် အတွင်းကို အညစ်အကြေး ရေတွေအဖြစ် ရောက်ရှိသွားတယ်။ မူလကတည်းက ချင်းတွင်း မြစ်ကြောတလျှောက် ပျော်ဝင်လာတဲ့ ပြဒါးနဲ့ ဆိုင်ယာနိုက် အဆိပ်သင့်ရေတွေထဲမှာ ထပ်ဆင့်ပြီး စံပယ်တောင်၊ ကြေးနီတောင်ဖက်က အက်ဆစ်ရေတွေ ပျော်ဝင်ပါလာပြန်တော့ ချင်းတွင်းရေချို၊ ရေသန့်ဟာ ဘယ်လိုနည်းနဲ့မှ ဒေသခံ လူထုအတွက် အကျိုးမဖြစ်စေတော့ဘဲ လူတွေကို အန္တရာယ်ကြီးမားစွာ အဖြစ်ဆုံး ဖန်တီးပေးသလို ဖြစ်သွားတယ်။
အခုလက်ရှိ ပြဿနာတွေက ကြေးစင်တောင်၊ စံပယ်တောင်တို့ထက် အရွယ်အစားကြီးမားတဲ့ လက်ပံတောင်း တောင်ကြီး ကမ္ဘာလောကကြီးထဲက လုံးဝ ပျောက်ကွယ်သွားရတော့မှာမို့ ဒေသခံတို့ရဲ့ ရင်ထဲမှာ တမြေ့မြေ့ လောင်ကျွမ်းပြီး ခံစားနေကြရတယ်။ အခုတော့ ဝမ်ပေါင်က ဒေသဖွံ့ဖြိုးရေးအတွက်ဆိုပြီး အသံကောင်းဟစ် ပြောဆိုလာခဲ့တယ်။ မုံရွာသားဖြစ်တဲ့ စာရေးသူက ကြေးနီစီမံကိန်းဒေသအတွင်းက ပြည်သူအများစုအတွက် ဘယ်လိုဆောင်ရွက်ပေးပြီး ဒေသအတွက် ဘယ်လို လူနေမှု မြင့်မားတိုးတက်အောင် လုပ်ဆောင် ပေးနေတယ်ဆိုတဲ့ ကိစ္စမှာ လက်တွေ့ခံစားနေရသူတွေရဲ့အပြောနဲ့ ကြေငြာချက်တွေက ကွာခြား လွန်းနေတော့ မေးစရာမေးခွန်းတွေ အတွေးပေါ်လာခဲ့မိတယ်။
ဒီအထဲမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌဖြစ် တာဝန်ပေးအပ်ထားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ စကားကိုပါ ထည့်သွင်းကိုးကား ရေးသားထားပြန်တော့ ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့တာက ဒေသလည်းဖွံ့ဖြိုးပြီး နိုင်ငံတော်အတွက်လည်း အကျိုးရှိမည့် လုပ်ငန်းဆိုလျှင် ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက်သင့်ကြောင်း ချွင်းချက်စကားနဲ့ ပြောဆိုခဲ့တာဖြစ်တယ်။
အဲဒီလိုပြောခဲ့တဲ့ သူ့စကားထဲမှာ ဒေသဖွံ့ဖြိုးတိုးတက်မှု မရှိရင် လုံးဝမလုပ်ပါနဲ့လို့ ဆိုလိုတာကိုလည်း ဒေသခံပြည်သူတွေ နားလည်ထားပြီးဖြစ်တော့ လိုရာဆွဲပြီး မြန်မာပြည်သူတွေ နဝေတိမ်တောင် ထင်ယောင်ထင်မှားဖြစ်အောင် ဝမ်ပေါင်နဲ့ ဦးပိုင်တို့ဘက်က လုပ်ချလိုက်ပြန်ပြီလို့ ငြီးတွားနေမိတယ်။
ကျနော်တို့က မုံရွာသားတွေဆိုတော့ မုံရွာဒေသအကြောင်း ကောင်းကောင်းသိတယ်။ တခြားသော မြန်မာပြည်သားတွေထက် ဒေသအကြောင်း အဆိုးအကောင်းကိုလည်း ပိုမိုသိတယ်။ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်နဲ့ ဒေသခံတွေအတွက် ကမ္ဘာတည်သရွေ့ ကောင်းမလား (တသက်လုံး ကောင်းမလား) ဆိုတဲ့ မေးခွန်းကို ကျနော်တို့က တခြားလူတွေထက်ပိုပြီး တွေးခဲ့ကြတယ်။ ပြီးတော့ ရင်မအေးလည်း ဖြစ်ခဲ့ကြတယ်။ ဘာကြောင့်ဆိုရင် တိုင်းပြည်အကျိုးရှိဖို့ မပြောနဲ့၊ ဒေသကြီးတခုလုံးနဲ့ ဒေသခံ သက်ရှိသက်မဲ့ သဘာဝပတ်ဝန်း ကျင်လောကကြီးပါ ထာဝစဉ် တိမ်မြှုပ်ပျောက်ကွယ်သွားပြီး ကမ္ဘာလောကကြီးထဲက လက်ပံတောင်းတောင်၊ ကြေးနီတောင်နဲ့ စံပယ်တောင်တို့ကို လုံးဝ (လုံးဝ) ထုတ်ပယ်ပစ်လိုက်မဲ့ စီမံကိန်းကြီး တရပ်ဖြစ်နေတာမို့ ဒေသခံတွေက ခံစားနာကျည်းမှု အပြည့်နဲ့ ဆက်လက် ဟန့်တားကန့်ကွက်နေကြတာ ဖြစ်တယ်။
ဒီနေရာမှာ မုံရွာခရိုင် ချင်းတွင်းမြစ် အနောက်ဖက်ကမ်းက လက်ပံတောင်းတောင်ဒေသ ကွက်ကွက်ကလေးသာ ထိခိုက်နစ်နာ ဆုံးရှုံးသွားမှာ မဟုတ်ဘဲ ချင်းတွင်းမြစ်တဝှမ်းလုံး (အထက်ချင်းတွင်း၊ အောက်ချင်းတွင်း မြို့ကြီးများ အပါအဝင်) ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး မြောက်ဖျားယောဒေသ အားလုံးပါ ထိခိုက်နစ်နာဆုံးရှုံးသွားမှာ ဖြစ်တယ်။ မီဒီယာထဲမှာ ဖော်ပြထားတဲ့ ဦးပိုင်နဲ့ ဝမ်ပေါင်တို့ရဲ့ နှစ်သိမ့်လှည့်စားတဲ့ စကားနဲ့ရေးသားထားတဲ့ ပျားရည်နဲ့ ဝမ်းချတဲ့စကားတွေဟာ တကယ်တော့ မမှန်ကန်ဘဲ ရေရှည်တွေးမထားတဲ့ အနေအထားမှာ ရှိတယ်။
သူတို့ဆိုချင်တာက တချို့သောဒေသခံတွေကို သူတို့ပေးလိုတဲ့ ငွေကြေးအတိုင်း ပေးချေခဲ့ပြီး ဒေသပေါက်ဈေးနဲ့ မြေယာနဲ့ထန်းပင် အပါအဝင် အပင်ကြီးတွေရဲ့ ပျက်စီးမှုတွေကို အကြေအလည် ပေးချေခဲ့ခြင်း မဟုတ်ကြောင်း အဝေးနေ မြန်မာပြည်သူတွေ သိရှိထားဖို့ အရေးကြီးတယ်။ အဲဒီဒေသမှာ သောက်သုံးရေတွေကလည်း အက်စစ် အဆိပ်သင့်ရေတွေ ဖြစ်သွားတော့ ဒီရေတွေကို သောက်နေကြရပြီး တချို့နေရာတွေမှာဆို ရေတွင်းရေကန်တွေလည်း ရေမထွက်တော့။ ဒေသခံပြည်သူတွေ ရှုရှိုက်သည့် လေ၊ သောက်သုံးသည့်ရေတွေအားလုံး အက်စစ်တွေ ပျံ့နှောပါဝင်နေတော့ အဆိပ်ကျွေး သတ်နေသလိုတောင် အဖြစ်ဆိုးတွေ ကြုံတွေ့စေတာ မြန်မာပြည်သူတွေ နက်နက်နဲနဲ မြင်စေချင်တယ်။ ဒီမြေဒီဒေသ ဒီပတ်ဝန်းကျင်မှာ သဘာဝသစ်ပင်တွေလည်း မရှင်သန်နိုင်တော့ဘူး၊ သဘာဝ ကျေးငှက် တိရိစ္ဆာန်တွေလည်း ပြောင်းရွှေ့ကုန်ကြပြီး နောင်တချိန်မှာ တဖြည်းဖြည်း ကျန်းမာရေး အခြေအနေ ယုတ်လျှော့လာတာကြောင့် ဒေသခံတွေလည်း တခြားတနေရာဆီ ပြောင်းရွှေ့ ကြတော့မယ်။ နောင်ခါကာလ ဒီဒေသမှာ အထူးသဖြင့် ချင်းတွင်းမြစ်ဝှမ်း အလယ်ပိုင်း၊ ကြေးနီစီမံကိန်း ကပ်ဆိုးကြီးကြောင့် ဒေသခံပြည်သူတွေရှိမှ ရှိပါဦးမလား။ သက်တမ်းစေ့ နေနိုင်ဖို့ဆိုတာ လုံးဝခက်ခဲသွားပြီ။ အခုမုံရွာဒေသ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက မြန်မာတပြည်လုံး အကျိုးရှိဖို့ မဆိုထားနဲ့ လက်ပံတောင်းတောင် ဒေသကွက်ကွက်ကလေးက နေထိုင်ကြတဲ့ ပြည်သူများအတွက်ပင် မနေသင့် မနေထိုက်တဲ့ အဆိပ်သင့် နေရာဖြစ်နေပြီး သဘာဝပတ်ဝန်းကျင်ရဲ့ ဂေဟစနစ်လည်း ပျက်စီးသွားခဲ့ပြီ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားကို အကြောင်းပြပြီး အချွန်နဲ့မကာ ဒေသတခုလုံးကို အက်စစ်အဆိပ်ရေတွေ တိုက်ကျွေးနေတယ်လို့သာ ထင်မြင်ယူဆမိတယ်။
ဦးပိုင်ကုမ္ပဏီနဲ့ ဝမ်ပေါင်ကုမ္ပဏီဟာ စပယ်တောင်နဲ့ ကြေးစင်တောင်ကနေ ကြေးနီထုတ်လုပ်ခဲ့ပြီး ဂေဟစနစ်လည်း လုံးဝပျက်စီးသွားခဲ့ပြီး ဖြစ်တယ်။ ဒီထက် ပိုမိုကြီးမားကျယ်ဝန်းတဲ့ လက်ပံတောင်းတောင်ကတော့ လူနေဒေသ ကျေးရွာများနဲ့လည်း တဆက်တစပ်တည်း ရှိနေခြင်းနဲ့ ထင်ရှားကျော်ကြားတဲ့ ဖိုဝင်းတောင်နဲ့လည်း တကြောတည်း ရှိနေတယ်။
အခုကတည်းက စည်းမဲ့ကမ်းမဲ့ မြေစာတွေ ပုံချင်ရာပုံ၊ စွန့်ပစ်နေကြတာကြောင့် တယ်ပင်ခံရွာ (စီမံချက်နယ် မြေကင်းလွတ်ဒေသ) အနီးအထိ မြေစာတွေပုံထားကြောင်း သိရှိရတယ်။ လယ်တီ ဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့ရာ အေးငြိမ်းသာယာလှတဲ့ ကျောင်းသင်္ခမ်း ဓမ္မရိပ်သာနဲ့ စေတီကိုလည်း ယခုအခါ နေရာပြောင်းရွှေ့သွားခဲ့ပြီ။ အာဏာပိုင် အဖွဲ့အစည်းနဲ့ ဝမ်ပေါင်၊ ဦးပိုင်တို့က ကျောင်းအသစ်၊ နေရာအသစ်တွေခင်းပြီး အဆောက်အအုံ ရုပ်ဝတ္ထု အသစ်တွေ ဖန်တီးပေးနိုင်ခြင်းကို ဒေသရဲ့ တိုးတက်ရာအဖြစ် စီစဉ်ပေးနိုင်တယ်လို့ ယူဆထားကြပုံရပြီး မီဒီယာကနေ ပျားရည်နဲ့ ဝမ်းချလိုက်တာပါပဲ။
မုံရွာဒေသခံ အသက်အရွယ် ဂုဏ်သိက္ခာကြီးမားပြီး ပညာဂုဏ်ရည်မြင့်မားတဲ့ ပညာရှင်တွေ အမြင်က မုံရွာမြို့ကြီး အပါအဝင်၊ ဒေသတကြောက သဘာဝပတ်ဝန်းကျင် ဂေဟစနစ်အားလုံးကို လေ့လာသုံးသပ်ပြီး မြန်မာပြည် အလယ်ပိုင်း၊ အရေးကိစ္စ (အထူးသဖြင့်) ပထမဦးဆုံး မုံရွာဒေသရဲ့ သဘာဝပတ်ဝန်းကျင် လုံးဝပျက်သုန်းခြင်း၊ မုံရွာမြို့ကြီးရဲ့ အနောက်ဖက်က အထင်ကရ တောင်ကြီးသုံးလုံး ကမ္ဘာလောကအတွင်းက လုံးဝပျောက်ကွယ်သွားခြင်း၊ ရေချိုမြစ် ချင်းတွင်း ရေကြည်ရေသန့်ကနေ အဆိပ်သင့် အက်စစ်ရေ၊ ရေညံ့၊ ရေဆိုးတွေအဖြစ် သုံးစွဲ သောက်သုံးမရ ဖြစ်နေတဲ့ အခြေအနေတို့ ပေါ်ပေါက်တော့မယ်လို့ မြင်ကြပါတယ်။ ဒါသာမက အက်စစ်မြေအဖြစ် ပြောင်းလဲသွားတဲ့ဒေသမှာ စားသုံးသစ်ပင် သီးနှံအားလုံး စိုက်ပျိုးရန် ခက်ခဲသွားတဲ့ အနေအထားသို့ ပြောင်းလဲသွားခြင်း၊ ချင်းတွင်းမြစ်အတွင်း ကျက်စားသည့် ရေနေသတ္တဝါများ သေကြေပျက်စီးသွားခြင်း၊ အမျိုးအမည်မသိ ဝေဒနာများ၊ အက်စစ်သင့်ရေ၊ အက်စစ်သင့်လေ၊ အက်စစ်သင့်မြေတွင် ရေရှည်နေထိုင်၍ မရတော့သည့်ဘဝ အခြေအနေများအဖြစ် ပြောင်းလဲသွားခြင်းတို့အား အဓိပ္ပါယ်ရှိရှိ ဆန္ဒဖွင့် ပြောဆိုလျက် ရှိကြသော်လည်း မိမိတို့လုပ်ဆောင်လိုလျှင် နောက်သို့မဆုတ် ဆင်ခြင်တုံတရားကင်းမဲ့သည့် စိတ်ဓာတ်နဲ့ လုပ်ဆောင်တတ်သူများကြောင့် မုံရွာမြို့ကြီး အပါအဝင် သဘာဝပတ်ဝန်းကျင် အားလုံး နှစ်အနည်းငယ်အတွင်း (နှစ် ၃၀ အတွင်း) လုံးဝ ပျက်သုန်းကြရတော့မှာ ဖြစ်ပါတယ်။
ဒီလိုတင်ပြတဲ့ အကြောင်းရပ်တွေက အဓိပ္ပါယ်မဲ့စွာ ရေးသားချက်များ မဟုတ်ဘဲ ကျနော်တို့ မုံရွာဒေသမှာ လက်ရှိ အနေအထားမှာလည်း ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ဂေဟစနစ် သဘာဝပတ်ဝန်းကျင်ရဲ့ အလှတရားတွေလုံးဝ ပျက်သုန်းခဲ့ရပြီ။ လောလောဆယ် ကြေးစင်တောင်၊ စံပယ်တောင်တွေ နေရာမှာ မြေပြန့် မြေချိုင့်တွေ ဖြစ်နေပြီး အပင်ကြီးငယ်တွေ လုံးဝ မတွေ့ရတော့။ မူလ သဘာဝသစ်ပင်တွေနဲ့ စိမ်းစိုခဲ့တဲ့ အေးချမ်းသာယာတဲ့ အရပ်ဟာ ယခု နွေရာသီ ပြင်းထန်တဲ့ နေပူရှိန်အောက်မှာ ကန္တာရဖြစ်သွားခဲ့ပြီ။
ယခုအခါ စတင်ဖြိုဖျက်နေပြီဖြစ်တဲ့ လက်ပံတောင်းတောင်ဒေသက ဆားလင်းကြီး၊ ပခုက္ကူ၊ ယင်းမာပင်၊ ပုလဲ၊ ဂန့်ဂေါ၊ ယောဒေသနဲ့ ချင်းပြည်နယ်သွားတဲ့ ကားလမ်းနှစ်သွယ်နဲ့ အနီးဆုံး ချင်းတွင်းမြစ်နဲ့ တမိုင်ပျော့ပျော့သာ ဝေးပြီး မိုးကာလ ရေဝင်ဒေသတွေ ဖြစ်တယ်။ စောစောကတင်ပြခဲ့သလို အကြမ်းဖျင်းအားဖြင့် ဒုတ္ထာမြေ (ကြေးနီ ပါဝင်သည့်မြေ) ကို အက်စစ်ရည်နဲ့တနေ့ အက်စစ်ဂါလံ ထောင်ချီသုံးခဲ့ရင် တလအတွင်း အက်စစ်ဂါလံ သောင်းချီသွားမယ်။ တနှစ်မှာ အက်စစ်ဂါလံပေါင်း သိန်းချီသွားပြီ ဖြစ်တယ်။ တနှစ်အတွင်း အက်စစ်ဂါလံ သိန်းချီသွားရင် ဆယ်နှစ်မှာ ဂါလံပေါင်း မည်မျှဆိုတာ သာမန်ပုဂ္ဂိုလ်ပင် တွက်ချက်နိုင်ပါတယ်။ ဒီဒေသမှာ အက်စစ်မြေ၊ အက်စစ်ရေ၊ အက်စစ်ပျံ့နှောတဲ့ လေတွေအဖြစ် ပြောင်းလဲမသွားရင် ဘယ်ဒေသက ပြောင်းလဲသွားမှာလဲ။
အာဏာပိုင် အဖွဲ့အစည်းကပုဂ္ဂိုလ်တွေ လေးလေးနက်နက် စဉ်းစားကြည့်ပါ။ အဆိပ်အန္တရာယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဝန်းခြံအတွင်းက နေအိမ်တလုံးမှာ ဘယ်သူသွားပြီး နေနိုင်မလဲ။ ကိုယ်ချင်းစာတရားနဲ့ လူသားပီပီ တွေးကြည့်လိုက်ပါ။ စက္ကူငွေသားကို သိန်းထောင်ချီပေးပြီး လူသားတယောက်ကို နေခိုင်းကြည့်ပါ။ သူ့အသက်ရှင်သန်ရေးက အဓိကလား၊ စက္ကူငွေသားနဲ့ ပြင်ပ ပသာဒက အဓိကလားအဖြေက ရှင်းလင်း သိသာလှပါတယ်။
အခုတော့ ဝမ်ပေါင်ကုမ္ပဏီရဲ့ကြေညာချက်က ဒေသကြီးကောင်းမွန်အောင် လမ်းပန်းလျှပ်စစ် အဆောက်အဦး၊ စာသင်ကျောင်း၊ တိုက်နယ်ဆေးရုံတွေ တည်ထောင်ပေးခြင်းကိုပဲ ဒေသခံတွေအတွက် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေကြောင်း ဆိုခဲ့တယ်။ မုံရွာမြို့ကြီးနဲ့ ဒေသခံ ပြည်သူတွေက ဒီတည်ဆောက်ပေးထားတဲ့ ကန္တာရထဲက အဆောက်အဦးတွေနဲ့ မုံရွာဒေသရဲ့ သဘာဝ ပတ်ဝန်းကျင်အလှထဲက ပျောက်ကွယ်သွားပြီဖြစ်တဲ့ စပယ်တောင်၊ ကြေးစင်တောင်နဲ့ လုံးဝပျောက် ကွယ်သွားတော့မယ့် လက်ပံတောင်းတောင်၊ အက်စစ် အဆိပ်သင့် ချင်းတွင်းမြစ်ရေ၊ အဆိပ်သင့်ဒေသမြေ၊ ယခင်က ရာသီဥတုထိန်းသိမ်းတဲ့ ရေမြေတောတောင် သစ်ပင်ကြီးတွေနဲ့ တန်ဖိုးတွက် ချိန်ခွင်လျှာ ချိန်စက်ကြည့်ရင် မြန်မာ့မူရင်းဒေသ၊ မြန်မာပြည်ချင်းတွင်း မြစ်ဝှမ်း အလယ်ပိုင်းဒေသကြီး ပျက်သုန်းသွားမည့် ကြီးမားတဲ့ ဆုံးရှုံးမှုက များလွန်နေတော့ ဝမ်ပေါင်၊ ဦးပိုင်တို့ရဲ့ နှစ်သိမ့်မှုကို လုံးဝ (လုံးဝ) ကန့်ကွက် ပယ်ချသွားမှာဖြစ်ပါတယ်။ ဘယ်လိုပင် ဝါဒဖြန့်စေ၊ နာကြည်းရွံ့မုန်းမှုတွေကတော့ မုံရွာ ဒေသခံတို့ရဲ့ ရင်ထဲမှာ အစဉ်အမြဲရှိနေမှာဖြစ်တယ်။
ဧရာဝတီ
======


လက်ပံတောင်းတွင် သပိတ် စခန်းဖွင့် ၊ အခြေအနေ တင်းမာ
December 30, 2014
ဧရာဝတီ
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီး မြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ၀မ်ပေါင်ကုမ္ပဏီက မြေသိမ်း မှုများ လုပ်ဆောင်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ဒေသခံများက ကြေးနီစီမံကိန်းနှင့် နီးကပ်စွာ တည်ရှိနေသော ဆည်တည်းကျေးရွာ အနီးတွင် ထိုင်သပိတ် စခန်း ဖွင့် လှစ် လိုက်ပြီး အာဏာပိုင်များနှင့် အခြေအနေ တင်းမာလျက် ရှိ ကြောင်း သတင်းရရှိသည်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအတွင်း လုံခြုံရေး တာဝန်ယူထားသည့် ရဲတပ်ဖွဲ့ဝင်များက ထိုင်သပိတ် ဆန္ဒပြ နေသည့် ဒေသခံ ရွာသူရွာသားများ ကို လူစုခွဲရန်အတွက် လော်စပီကာများဖြင့် အော်ပြီး သတိပေး ခဲ့သော်လည်း ရွာသား များက ထိုင်သပိတ်ဆက်လက် ဆန္ဒပြနေကြောင်း သိရှိရသည်။
“ဒီနေရာက ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ နေရာဖြစ်တယ်။ ဒီနေရာမှာ လူစုလူဝေး မလုပ်ဖို့နဲ့ လူစုမြန်မြန်ခွဲဖို့ ဆိုပြီးတော့ လုံခြုံ ရေး ယူထားတဲ့ သူတွေက လော်နဲ့အော်တာတော့ ကြားရတယ်။ ရွာသားတွေကတော့ နောက်မဆုတ်ကြဘူး။ လုံထိန်း တွေ ကတော့ မနေ့က ရွာသားတွေ ဖြုတ်ထားတဲ့ ခြံစည်းရိုးတွေကို ပြန်ပြင်ဆင်ဖို့ ကြိုးစားနေကြတယ်။ လုံခြုံရေး အင်အား လည်း နည်းနည်းပြန်များလာတယ်။ နောက်ပြီး အဲဒီအနီးအနားမှာ မီးသတ်ကားလည်း နှစ်စီးရှိတယ်” ဟု ဆည်တည်း ကျေးရွာမှ ဆရာတော်ဦးနန္ဒာစာရက မိန့်ဆိုသည်။
ဒေသခံများက ထိုင်သပိတ် ဆင်နွှဲပြီး တောင်းဆိုမှုများ ပြုလုပ်နေရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ စုံစမ်းကော်မရှင်က ထုတ်ပြန်ခဲ့သော လက်ပံတောင်းတောင် အစီရင်ခံစာတွင် ဖော်ပြထားသည့် လယ်ယာမြေ ဧက ၂၅၀၀ ဖော်ထုတ်ပေးရန် လည်း တောင်းဆိုကြကြောင်း သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့ရှိ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် လက်ပံတောင်းတောင် ပဋိပက္ခတွင် လူသေဆုံးမှုအထိ ဖြစ်ပွားခဲ့သည့် အခြေအနေကို အစိုးရပိုင်းက ထိရောက်စွာ အမြန် ဆုံး အရေးယူဆောင်ရွက်ရန် သတိပေးပြောဆိုသည်။
“လက်ပံတောင်းတောင် အရေးမှာ လူတယောက်ရဲ့ အသက် သေဆုံးသွားရတဲ့အတွက် အာဏာပိုင်တွေအနေနဲ့ ဒီကိစ္စကို မှန်မှန်ကန်ကန် ထိထိရောက်ရောက် အရေးယူကို ယူရမှာ။ ဒါလုပ်ကို လုပ်ရမှာ။ နိုင်ငံသားများရဲ့ အခွင့်အရေးကို ကာကွယ် သောအားဖြင့်ကို လုပ်ရမယ်။ အသက်ရှင်ခြင်းရဲ့ ပိုပြီး အရေးကြီးတဲ့ အခွင့်အရေး ရှိတော့မှာလား။ အာဏာပိုင် တွေဘက် ကတော့ မှန်မှန်ကန်ကန် တရားမျှမျှတတနဲ့ ခံခဲ့ရတဲ့သူတွေ ကျေနပ်အောင်လို့ လုပ်ကို လုပ်ပေးရမယ်။ ဒါဟာ တရား ဥပဒေ သဘောတရားအရ လုပ်ပေးရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ဒီဇင်ဘာလ ၂၂ ရက်နေ့က လက်ပံတောင်းတွင် ၀မ်ပေါင်ကုမ္ပဏီက လျော်ကြေး ရယူထားခြင်းမရှိသော လယ်မြေ များ ပေါ်တွင် ၀င်ရောက်၍ ခြံစည်းရိုး ခတ်ရာမှ ဒေသခံများနှင့် ပဋိပက္ခ ဖြစ်ပွားပြီး ရဲတပ်ဖွဲ့၏ ပစ်ခတ် အကြမ်းဖက်မှုကြောင့် ဒေသခံ ဒေါ်ခင်ဝင်း သေဆုံးခဲ့ပြီး လူ ၉ ဦးခန့် သေနတ်ထိမှန်၍ လူ ၄၀ နီးပါးခန့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
======


လက်ပံတောင်းတောင် ဒေသခံတွေ သပိတ်စခန်းဖွင့်
30.12.2014
VOA
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ မြန်မာ-ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်ထားတဲ့ သံဆူးကြိုးတွေကို ဖယ်ရှားပြီး ဒေသခံတွေက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဖျက်သိမ်းရေးနဲ့ သိမ်းဆည်းခံလယ်မြေတွေ ပြန်ရဖို့ ဆည်တဲရွာနားမှာ သပိတ်စခန်းဖွင့်လိုက်ပါတယ်။ တနင်္လာနေ့ညမှာတော့ လုံခြုံရေးအင်အားတိုးချဲ့ချထားကြောင်း ဒေသခံတွေက ဆိုပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်ထဲမှာ အကောင်အထည်ဖော်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ မြေယာလျော်ကြေး ယူမထားတဲ့ နေရာတွေကို မြန်မာ-ဝမ်ပေါင်ကုမ္ပဏီက ပြီးခဲ့တဲ့အပတ်က ရဲအင်အားသုံးပြီး အတင်းအကြပ် ခြံစည်းရိုးခတ်တဲ့အတွက် ဆန္ဒပြကြရာမှာ ပစ်ခတ်မှုအတွင်း ဒေသခံတဦး သေဆုံးခဲ့တဲ့အထိ အခြေအနေ တင်းမာခဲ့ပါတယ်။ တနင်္လာနေ့မှာတော့ ခြံစည်းရိုးတွေကိုချိုးဖျက်ပြီး လယ်မြေပြန်ရရေး သပိတ်စခန်းကိုဖွင့်ခဲ့ကြောင်း စန်းမြဝတီကျောင်းတိုက်ဆရာတော် ဦးအာလောက-က မိန့်ပါတယ်။
“နောက်ဆုံးအခြေအနေကတော့ ဒီရွာသူရွာသားတွေ၊ ဒီဒေသတဝိုက်ကလူတွေကတော့ သပိတ်စခန်းဖွင့်လိုက်တယ်ပေါ့နော်။ သပိတ်စခန်း ဖွင့်လိုက်တယ်ဆိုတာက အဓိကကတော့ ကိုယ့်လယ်ယာမြေကိုယ် ပြန်လည်ရရှိရေး၊ ဆည်တဲကျေးရွာရဲ့အရှေ့မြောက်ဘက်က မကျည်းပင်ကြီးနားမှာ သံဆူးကြိုးတွေက အဲဒီနေရာမှာ ဖျက်ထားတယ်။ အဲဒီဖျက်ထားတဲ့နေရာမှာပဲ သပိတ်စခန်းဖွင့်လိုက်တယ်ပေါ့နော်၊ ဦးပိုင်-ဝမ်ပေါင်ဘက်ကနေ တစုံတရာ အဖြေမရရှိသရွေ့ --- ဒီနေရာကနေပြီးတော့ ဆက်လက်တောင်းဆိုသွားမယ်ပေါ့….”
တနင်္လာနေ့ နေ့လည်ပိုင်းတုန်းကတော့ ခြံစည်းရိုးတွေဖျက်ချိန်မှာ အာဏာပိုင်တွေက သေနတ်ပစ်ဖောက်မှုတွေရှိခဲ့ပေမယ့် နောက်ထပ် ပစ်ခတ်မှု မရှိတော့ဘဲ ဖျက်ထားတဲ့ ခြံစည်းရိုးရှေ့မှာ ဖွင့်ထားတဲ့ သပိတ်စခန်းအနီးတဝိုက်ကို လုံခြုံရေးတိုးမြှင့်ချထားလိုက်ကြောင်း ဆရာတော်က ဆက်မိန့်ပါတယ်။
“တကယ့်တကယ် အသင့်အနေအထားကတော့ ရှိနေတယ်။ ထပ်ထပ်ပြီးတော့ တိုးရောက်လာတယ်။ နောက်တခုက ရဲကင်းတွေပေါ့နော်-အဲဒါတွေကို စနစ်တကျလာပြီးတော့ ထပ်ချထားတယ်။ မြေတွေညှိမယ်၊ မြေစာပုံကို ရှေ့ကနေ ကာလိုက်တယ်။ နောက်ကနေပြီး ကတုတ်ကျင်းပုံစံမျိုးလုပ်ထားတယ်။ တချို့ မြေစာပုံပေါ်မှာ တက်နေရာယူတယ်။ တချို့က ကတုတ်ကျင်းထဲမှာ ဝပ်နေတယ်။ အဲဒါမျိုးတွေ၊ ရဲတွေကတော့ သပိတ်စခန်းဖွင့်တဲ့နေရာနားမှာတော့ တော်တော်များတယ်ပေါ့။”
မိုးကြိုးပြင်၊ တုံရွာ၊ ဆည်တဲ-စတဲ့ ကျေးရွာတွေက တောင်သူတွေဟာ မြေယာလျော်ကြေးမယူထားတဲ့အတွက် သူတို့လယ်မြေတွေ ပြန်ရရေး တောင်းဆို နေတာပါ။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်တုန်းကလည်း သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ကြတဲ့ သံဃာအများစုပါတဲ့ အင်အား ၁၀၀ ကျော်ကို အာဏာပိုင်တွေက မီးလောင်ဗုံးသုံးပြီး ဖြိုခွဲခဲ့တာကြောင့် ပြင်းထန်တဲ့ဒဏ်ရာတွေ ရခဲ့ကြပါတယ်။ နှစ်နှစ်ကြာပြီးနောက် လက်ပံတောင်းတောင်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့က တောင်သူတစ်ဦး ပစ်သတ်ခံရပြီးနောက် လက်ပံတောင်းတောင်အရေး ဆန္ဒပြမှုတွေ တကြော့ပြန်ဖြစ်လာခဲ့ပါတယ်။ တနင်္လာနေ့မှာပဲ ရန်ကုန်မြို့က တက်ကြွလှုပ်ရှားသူ ရာဂဏန်းလောက်ဟာ မြို့တော်ခန်းမရှေ့ကနေ တရုတ်သံရုံးရှေ့ကို သွားရောက်ဆန္ဒပြဖို့ ကြိုးစားခဲ့ရာမှာ တရုတ်သံရုံးသံရုံးသွားရာလမ်းကို အာဏာပိုင်တွေက ပိတ်ဆို့ထားတဲ့အတွက် ညပိုင်းအထိ ရဲတွေနဲ့အခြေအနေတင်းမာခဲ့ရပုံကိုလည်း ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ပြောပြပါတယ်။
လက်ပံတောင်းကြေးနီစီမံကိန်းရပ်တန့်ရေး တရုတ်သံရုံးရှေ့ ဆန္ဒပြသူများ။ (ဒီဇင်ဘာ ၂၉၊ ၂၀၁၄)လက်ပံတောင်းကြေးနီစီမံကိန်းရပ်တန့်ရေး တရုတ်သံရုံးရှေ့ ဆန္ဒပြသူများ။ (ဒီဇင်ဘာ ၂၉၊ ၂၀၁၄)
“လုံခြုံရေးအရလိုအပ်လို့ ကာရံတားဆီးထားတဲ့အရာကို ချိုးဖျက်ပြီးဝင်လာတဲ့အတွက်ကြောင့် ကျနော်တို့မှာ အပြစ်ရှိတယ်လို့တော့ ပြောပါတယ်။ ကျနော်လည်း ပြန်မေးပါတယ်။ ဥပဒေအရ လုံခြုံရေးအတွက် ဘယ်သူ့ကိုလာ လုံခြုံရေးယူတာလဲဆိုတော့ - တရုတ်နိုင်ငံ သံရုံးတာဝန်ရှိတဲ့သူတွေအတွက် လုံခြုံရေးယူတာပါ-တဲ့။ အဲဒါဆိုရင်လို့- လူနှစ်ပြန်လောက်မတ်တဲ့ ဆယ့်ငါးပေလောက်မြင့်တဲ့ အုတ်တံတိုင်းကြီး ကာထားပြီးပြီပဲ-လို့၊ ကျနော်တို့ ရှေ့က ဖြတ်သန်းသွားတာ ဘာတွေ ကြီးကြပ်ရအောင် ကျနော်တို့ ဘာတွေပါလို့လဲ၊ တုတ်၊ ဓား၊ လက်နက် - ဘာပါလို့လဲလို့ ဆိုတော့ - ခင်ဗျားတို့က ပါးစပ်ပါတယ်-တဲ့။ ပါးစပ်ကိုကြောက်လို့ပေါ့နော်၊ လုံခြုံရေးယူထားတာပါလို့ ပြောပါတယ်။ တရားဝင် တရုတ်သံရုံးရှေ့ကို ဖြတ်သန်းဝင်ရောက်ခွင့်နဲ့ နှစ်မိနစ်စာ လွမ်းသူ့ပန်းခွေချခွင့်ပဲ တောင်းတာပါ။ အဲဒါ ဘယ်လိုမှမပေးတဲ့အတွက် နောက်ဆုံးတော့ လုံထိန်းတပ်ဖွဲ့တွေရဲ့ဒိုင်းတွေပေါ့- ကာပြီး တန်းစီရပ်နေတဲ့ရှေ့မှာပဲ ကျနော်တို့ လွမ်းသူ့ပန်းခွေချလိုက်ပါတယ်။ ချပြီးတော့ ကျနော်တို့ပြောချင်တဲ့ ဥပဒေစိုးမိုးမှုနဲ့ လူသတ်တရားခံကို အဓိကရုဏ်းနှိမ်နင်းရေးတပ်ဖွဲ့တွေရဲ့ လုပ်ထုံးလုပ်နည်းနဲ့မညီညွတ်ဘဲ လုပ်သွားခဲ့တာကိုလည်း ဖော်ထုတ်ဖြေရှင်းပေးဖို့ တောင်းဆိုပြီးတော့ ပြန်လာပါတယ်ဗျ။”
ကြေးနီစီမံကိန်းကို မြန်မာအစိုးရနဲ့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီ၊ တရုတ်ကုမ္ပဏီဖြစ်တဲ့ မြန်မာ-ဝမ်ပေါင်ကုမ္ပဏီတို့က ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဒေသခံတွေရဲ့ကျေးရွာတွေနဲ့ လယ်မြေတွေကို သိမ်းယူခဲ့တာကြောင့် ဒေသခံတွေက ကန့်ကွက်ဆန္ဒပြနေကြတာဖြစ်ပါတယ်ရှင်။



လူ့အခွင့်အရေး ကော်မရှင် ဆားလင်းကြီး ရောက်
31 December 2014

ဒီလ ၂၂ ရက်နေ့နဲ့ ၂၃ ရက်နေ့တွေမှာ ဖြစ်ပွားခဲ့တဲ့ လက်ပံတောင်းတောင် ပဋိပက္ခအတွင်း တောင်သူ ဒေါ်ခင်ဝင်း သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာ ရရှိမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး စုံစမ်းဖို့ အတွက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ၃ ဦး ဆားလင်းကြီးမြို့နယ်ကို ဒီနေ့ ရောက်ရှိလာပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရက ဖွဲ့စည်းထားတဲ့ လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်မှာ မပါဝင်ဘဲ လူ့အခွင့်အရေးကော်မရှင်က သီးသန့်စုံစမ်းမှုတွေ လုပ်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဒေါက်တာဉာဏ်ဇော်က ပြောပါတယ်။

"ကျနော်တို့က လုပ်ငန်းဆောင်ရွက်ဖို့ စီစဉ်နေတုန်းရှိသေးတယ်၊ ကျနော်တို့ အခုလက်ပံတောင်းတော့ ရောက်နေပြီ၊ အဖွဲ့တွေဖွဲ့ပြီးတော့ ကျနော်တို့ကော်မရှင်က သီးသန်းပဲစုံစမ်းနေပါတယ်"

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရကလည်း ပဋိပက္ခမှာ သေဆုံးခဲ့တဲ့ တောင်သူဒေါ်ခင်ဝင်းအမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောထားပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာအဖြစ် စီမံကိန်းအနီးက လယ်ယာမြေတွေကို ၀မ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်ရာမှာ လျော်ကြေးမယူထားတဲ့ လယ်ယာမြေတွေ ပါဝင်နေတဲ့အတွက် ဒေသခံတွေနဲ့ ကုမ္ပဏီဝန်ထမ်းတွေ၊ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေအကြား ပဋိပက္ခတွေဖြစ်ပွားခဲ့ပြီး ဒေါ်ခင်ဝင်း သေနတ်မှန်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းအနီးက လျော်ကြေးမယူထားတဲ့ လယ်ယာမြေတွေမှာ ခြံစည်းရိုးခတ်ထားတာကို ဖျက်ပေးဖို့နဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ပေးဖို့အတွက် ဆည်တည်းရွာမြောက်ဘက်က သပိတ်စခန်းမှာ ဆန္ဒပြနေသူတွေက ဒီနေ့ ကြေညာချက်ထုတ် တောင်းဆိုလိုက်ပါတယ်။

တောင်းဆိုချက်တွေရရှိတဲ့အထိ သပိတ်စခန်းကို ဖွင့်သွားမှာဖြစ်တယ်လို့ ဆည်တည်းကျေးရွာသူ မနွယ်နွယ်ဝင်း က ပြောပါတယ်။

"အဓိကကတော့ သိမ်းဆည်းခံရတဲ့ လယ်ယာမြေတွေ ပြန်ရရှိရေးရယ်၊ ပြီးတော့ ခတ်ထားတဲ့ ခြံစည်းရိုးတွေကို ပြန်ပြီးတော့ဖယ်ပေးဖို့ပေါ့၊ လုံးဝအကြမ်းဖက်မှု မပြုလုပ်ဖို့ပေါ့၊ သိမ်းဆည်းခံထားရသော လယ်ယာမြေများ ပြန်လည်ရရှိရေး တောင်သူများစခန်း ဆိုပြီးတော့ ကျမတို့ဖွင့်လိုက်တယ်"

ဒီဇင်ဘာလ ၂၂ ရက် နဲ့ ၂၃ ရက်နေ့မှာ ခြံစည်းရိုးခတ်ခံထားရတဲ့ ဆည်တည်းရွာ၊ တုံရွာနဲ့ မိုးကြိုးပြင်ရွာက ဒေသခံ ၁၀၀ ကျော်လောက်က ဆည်တည်းရွာမြောက်ဘက်မှာ ၂၉ ရက်နေ့ကစပြီး သပိတ်စခန်းဖွင့် ဆန္ဒပြနေကြတာဖြစ်ပါတယ်။ သပိတ်စခန်းဖွင့်ထားတဲ့နေရာဟာ ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ နယ်မြေဖြစ်တာကြောင့် သပိတ်စခန်းကို ဖျက်သိမ်းပေးဖို့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေက မနေ့က လိုက်လံသတိပေးခဲ့ပါတယ်။

လက်ပံတောင်းတောင် ပဋိပက္ခအတွင်း တောင်သူ ဒေါ်ခင်ဝင်း သေဆုံးမှုကို စုံစမ်းဖော်ထုတ်ပေးဖို့အတွက် ဒီနေ့ညနေက ရန်ကုန်မြို့ အင်းလျားကန်ဘောင်မှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ် ၃၀ လောက် လက်ကမ်းစာစောင်တွေ လိုက်လံဝေငှခဲ့သလို ငြိမ်းချမ်းရေးကဗျာတွေ ရွတ်ဆိုခဲ့ကြပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


အစိုးရ၏ သရုပ်မှန်ကို ဖော်ပြလိုက်သည့် လက်ပံတောင်း ပဋိပက္ခ
26 December 2014

““ကျွန်မလုံးဝ မကျေနပ်ဘူး၊ ကျေလည်း မကျေနပ်ဘူး””ဟု ငိုသံများကြားမှ အားတင်းရင်း ပြောနေသူမှာ လက်ပံတောင်းတောင် ပဋိပက္ခတွင် သေနတ် ကျည်ဆန် ဦးခေါင်းကို မှန်၍ သေဆုံးခဲ့ရသူ ဒေါ်ခင်ဝင်း၏ သမီး မ၀င်းခိုင်ဖြစ်သည်။

ပြောရင်း၊ ပြောရင်း တိမ်ဝင်သွားသော အသံများတွင် ရှိုက်ရှိုက် ငိုသံကသာ ဦးဆောင်နေသည်။

အားတင်း စကားပြောလိုက်တိုင်း ထွက်ပေါ်လာသည်က ရင်ထဲ အသည်းထဲက မကျေနပ်သည့် အသံများသာ ဖြစ်သည်။

““ကျွန်မရင်ထဲက ကျေကို မကျေဘူး။ ကျွန်မအမေကို ရက်ရက်စက်စက် သတ်တာ မကျေနပ်နိုင်ဘူး၊ နွားလို ကျွဲလို သတ်တာကို မကျေနပ်နိုင်ဘူး”” ဟုသာ ထပ်ခါထပ်ခါ ပြောနေခဲ့သည်။

လက်ပံတောင်းတောင် ဒေသတွင် ၀မ်ပေါင်နှင့် ဦးပိုင် ကုမ္ပဏီတို့ ထံမှ လျော်ကြေး ယူမထားသည့် မြေများတွင် ဒီဇင်ဘာ ၂၂ ရက်နေ့က စတင်ပြီး ကုမ္ပဏီနှင့် အာဏာပိုင်များက အတင်းအကျပ် ခြံစည်းရိုး ခတ်ခဲ့ရာ လျော်ကြေး လက်မခံသည့် တောင်သူများနှင့် တင်းမာမှု ဖြစ်ခဲ့ကြောင်း မျက်မြင် သက်သေ ဖြစ်သည့် မိုးကြိုးပြင် ရွာသား တစ်ဦးဖြစ်သူ ဦးဝင်းကျော် က မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။

ဝမ်ပေါင်ကုမ္ပဏီ ၀န်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့များသည် လျော်ကြေး ယူမထားသည့် ဒေသခံများ၏ လယ်ယာမြေများတွင် စိုက်ပျိုးထားသည့် ပဲပင်၊ နှမ်းပင်များကို ဘူဒိုဇာနှင့် ထိုးကော် မြေညှိပြီး ခြံစည်းရိုးခတ်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ များထံမှ စုံစမ်းသိရှိရသည်။

ရဲများဘက်မှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ခေါင်းတွင် ကျည်ဆန် ထိမှန်ခဲ့သည့် တောင်သူဒေါ်ခင်ဝင်း သေဆုံးခဲ့ပြီး လူ ၄၀ ကျော် အပြင်းအထန် ဒဏ်ရာရခဲ့ကြောင်း ၎င်းက ဆိုသည်။

မိုးကြိုးပြင် ရွာသားတွေက သူတို့ လျော်ကြေးမယူထားတဲ့ အခင်းတွေကို မြေတူးစက်နဲ့ ထိုးပြီးတော့ ခြံစည်းရိုး ခတ်တော့ သွားတားကြတာပေါ့။ ဆည်တည်းကလည်းတား၊ သထုံဘက်လည်းတား၊ ကိုယ့်နေရာနဲ့ ကိုယ်ထွက် တားကြတာ””ဟု လက်ပံတောင်းအရေး တက်ကြွလှုပ်ရှားသူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂမှ မဖြူနှင်းထွေးက မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။

ရာချီနေသော ရဲတပ်ဖွဲ့ဝင်များနှင့် အင်အား ၂၀၀ ပတ်ဝန်းကျင်ခန့်ရှိသော နံပါတ်တုတ်များ၊ ဓားများ၊ သေနတ်များ ကိုင်ဆောင်ထားသည့် တရုတ်ဝန်ထမ်းများနှင့် ဒေသခံများ ထိပ်တိုက် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ဖြစ် ပွားပုံ အသေးစိတ်ကို ရှင်းပြသည်။

ရဲတပ်ဖွဲ့ဝင်များသာမက ၀မ်ပေါင် ကုမ္ပဏီဝန်ထမ်းများဖြစ်သည့် တရုတ်များကပါ ကိုယ်ထိလက်ရောက် ၀င်ရောက် ရိုက်နှက်ခြင်းများ ရှိခဲ့ကြောင်းကို မဖြူနှင်းထွေးက ““တရုတ်တွေက ခဲတွေနဲ့လိုက်ထု၊ တုတ်တွေနဲ့ ၀ိုင်းရိုက်တယ်။ အဲဒီလိုမျိုး တရုတ်တွေက ကိုယ်တိုင်က ဆော်တာ””ဟုပြောသည်။

ဝမ်ပေါင်ကုမ္ပဏီက ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင်မူ ဒေသခံတစ်ဦး သေဆုံး ရသည့်အတွက် မိသားစုနှင့် ထပ်တူ ၀မ်းနည်း ကြေကွဲရပါကြောင်း ဖော်ပြ ထားပြီး အဆိုပါ အမျိုးသမီး သေဆုံး သွားရသည် အထိ ဖြစ်ပွား ခဲ့သော ဖြစ် စဉ်နှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း မကွဲပြားသေးကြောင်း ဖော်ပြ ထားသည်။

အဆိုပါ ပဋိပက္ခတွင် မိုးကြိုးပြင်ရွာသူ ဒေါ်ခင်ဝင်းမှာ နောက်စေ့ပွင့်ထွက် ခဲ့သည့် သေနတ်မှန် ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။

ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးခဲ့ရပုံကို မျက်မြင်သက်သေ တစ်ဦးဖြစ်သည့် ဦးဝင်းကျော်က

““ကျွန်တော့် မျက်စိရှေ့မှာပဲ လဲကျသေဆုံးသွားတာ၊ သေနတ်ကျည်ဆန် ထိထိချင်းမှာပဲ ဦးနှောက်တွေ၊ ဘာတွေ ပွင့်ထွက်ပြီး သူလဲကျသွားတာပါ။ အမေကြီး ဒေါ်ခင်ဝင်းကို ကျွန်တော်တို့ မျက်စိရှေ့မှာတင် ပစ်သတ် လိုက်တဲ့ဟာကို ကျွန်တော်တို့ ရင်ထဲမှာ ပြောမပြတတ်အောင် အရမ်းခံစားရပါတယ်””ဟု ပြောပြသည်။

လျော်ကြေး ယူမထားသည့် လယ်ယာမြေများကို မတရားကျူးကျော် ခြံစည်းရိုးခတ် သိမ်းဆည်းမှုကို ယခုကဲ့သို့ တုံ့ပြန်ခြင်းသည် ဆိုးရွားသော ရာဇ၀တ်မှု တစ်ခုဖြစ်ကြောင်း ““လက်ရှိအချိန်မှာ သူတို့လုပ်လိုက်တဲ့ဟာက ဓားပြတိုက်တာနဲ့ အတူတူပဲ””ဟု ဦးဝင်းကျော်က ပြောကြားသည်။

လက်ပံတောင်းအရေး ဆန္ဒပြ လှုပ်ရှားသည့် ဒေသခံများကို အကြမ်းဖက် ဖြိုခွင်းသည့် ပစ်ခတ်မှုကြောင့် ဒေသခံ အများအပြား ဒဏ်ရာရရှိပြီး တစ်ဦးသေဆုံးခဲ့ရမှုအပေါ် အမေရိကန်အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် ပြည်တွင်း လူမှုအဖွဲ့အစည်းများက ဝေဖန်လျက်ရှိသည်။

““လက်နက်မဲ့ ပြည်သူကို အသက်သေဆုံးသည်အထိ ရက်ရက်စက်စက် ပစ်ခတ် တိုက်ခိုက်ခဲ့သော လုပ်ရပ်ကို ကျူးလွန်ခဲ့သည့် စစ်အုပ်စု နောက်မြီးဆွဲ ရဲတပ်ဖွဲ့ကို ပြင်းထန်စွာ ရှုတ်ချကြောင်း”” ကြေညာချက်ကို လက်ပံတောင်းအရေး ကိစ္စတိုင်းတွင် တက်တက်ကြွကြွ ပါဝင်လှုပ်ရှားလေ့ရှိသည့် ဗကသများ အဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သည်။

““အပြစ်မဲ့ ပြည်သူကို ယခုကဲ့သို့ ရက်စက်ကြမ်းကြုတ်စွာ ပစ်ခတ် တိုက်ခိုက်ခဲ့သည့်အတွက် လက်ရှိ စစ်တစ်ပိုင်း အစိုးရ အသံကောင်း ဟစ်နေသော ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးနှင့် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များမှာ တကယ့် အစစ်အမှန် မဟုတ်ကြောင်း အထင်အရှား ပြသလိုက်ခြင်း ဖြစ်သည်ဟု လက်ခံ ယုံကြည်ကြောင်း””လည်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

သို့သော် ၂၃ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင်မူ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ခြံစည်းရိုး တိုးချဲ့ ကာရံရေး ဆောင်ရွက်မှု တားဆီး နှောင့်ယှက်ခံရသဖြင့် အဓိကရုဏ်း နှိမ်နှင်းရေးသုံး ၁၂ ဗို့ ပြောင်းချော သေနတ်ဖြင့် ပစ်ခတ် လူစုခွဲခဲ့ရကြောင်း တစ်ဖက်သတ် ဖော်ပြချက် ပါရှိလာခဲ့သည်။

““လျော်ကြေး လုံးဝမယူတဲ့အတွက် သူတို့မြေကို ခြံစည်းရိုး မခတ်ဖို့တားတာ။ အဲဒါ တရားမျှတမှု ရှိရှိ တားတာပဲလေ။ ဒါကို သေနတ်တွေနဲ့ ပစ်ပြီး၊ တုတ်တွေနဲ့ ရိုက်ပြီးတော့ ရဲတွေ၊ တရုတ်တွေက အင်အားသုံးပြီး တားတယ်။ လူတစ်ယောက်သေတဲ့ အဆင့်အထိ ရောက်တယ်ဆိုတာ ဥပဒေက သူတို့လက်ထဲမှာ ရှိတဲ့ အတိုင်းပဲလို့ ခံစားရတယ်””ဟု မဖြူနှင်းထွေးက မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။

လက်ပံတောင်းတောင် ပဋိပက္ခ ပစ်ခတ်မှုတွင် မြန်မာရဲတပ်ဖွဲ့၏ နှိမ်နင်းပုံသည် ဥပဒေနှင့် မညီသည့်အပြင် ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ခြင်းကြောင့် စိုးရိမ်မိကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန၏ ဝေဖန် ပြောကြားချက်ကို အမေရိကန်နိုင်ငံ အခြေစိုက် ဗွီအိုအေ သတင်းဌာနတွင် ဖော်ပြခဲ့သည်။

အလားတူ ဟောင်ကောင် အခြေစိုက်(AHRC) အာရှ လူ့အခွင့် အရေး ကော်မရှင်၏ ဝေဖန် ပြောကြားချက် များလည်း ပေါ်ထွက်လာခဲ့သည်။

လက်ပံတောင်းတောင် ဖြစ်စဉ်ကို သွားရောက် စုံစမ်းလျက်ရှိသည့် ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းမှ လူထုဆက်ဆံရေး ဒုတိယ တာဝန်ခံ ဦးဉာဏ်လင်း ကလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် ပြည်သူလူထုကို ကာကွယ်ရန် ပျက်ကွက်နေကြောင်း မြန်မာသံတော်ဆင့်ကို ပြောကြားသည်။

““ရဲတပ်ဖွဲ့ဆိုတာ ပြည်သူကို ကူညီစောင့်ရှောက်ဖို့ တာဝန်ပဲရှိတယ်။ ပြည်သူကို နှိပ်ကွပ်ရမယ့် တာဝန်မရှိဘူး။ ဒါဥပဒေ ချိုးဖောက်တဲ့ ပြည်သူမဟုတ်ဘူး””ဟု ၎င်းက ဝေဖန်ပြောကြားသည်။

ရဲတပ်ဖွဲ့ကို ဥရောပသမဂ္ဂမှ အဓိကရုဏ်း ဖြေရှင်းနည်း သင်တန်းပေးထားသော်လည်း ရဲတပ်ဖွဲ့သည် စစ်တပ် အုပ်ချုပ်မှုအောက်တွင်သာ ရှိနေသေးသဖြင့် ထိရောက်မှု လုံးဝမရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးအတွက် ဥရောပသမဂ္ဂက ယူရိုငွေသန်းချီ အသုံးပြုပြီး ရဲတပ်ဖွဲ့ဝင် အင်အား ၄၀၀၀ ကျော်ကို အဓိကရုဏ်း နှိမ်နင်းနည်း သင်တန်းများအား ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် အတွင်းပိုင်းက ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လုပ်ငန်း ဆောင်ရွက်ပုံများသည် ပြောင်းလဲရန် လိုအပ်နေသည်ကို ဖြစ်ပွားခဲ့ပြီးသော လက်ပံတောင်းတောင်၊ မိတ္ထီလာနှင့် အခြားဒေသများရှိ ဖြစ်ရပ်များက ညွှန်ပြနေကြောင်း၊ ဥရောပသမဂ္ဂက ရဲတပ်ဖွဲ့ဝင်များအတွက် ပို့ချပေးနေသော သင်တန်းများသည် အောင်မြင်မှုရသည့် အနေအထားတွင် ရှိသည်ဟု သံအမတ်ကြီး ရိုလန်ကိုဘီယာက ၂၀၁၃ ခုနှစ်အတွင်း မင်္ဂလာဒုံမြို့နယ် ရဲတပ်ရင်း ၈ တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သေးသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်ပြီး ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက် ကလည်း သံဃာတော်များ ပါဝင်သည့် သပိတ်စခန်းများကို ဖော့စဖရပ်ပါသည့် မီးလောင်ဗုံးများဖြင့် ညအချိန် ဖြိုခွင်းခဲ့မှုကြောင့် ဝေဖန်မှုများစွာ ခံခဲ့ရသည်။

ထို့နောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းပြီး ကြေးနီတောင် စီမံကိန်း ဆက်လက် လုပ်ကိုင်ရန်နှင့် ဒေသခံများ၏ လူမှုဖူလုံရေး၊ သဘာဝပတ်ဝန်းကျင် မထိခိုက်ရေး တို့ကို ညှိနှိုင်းဆောင်ရွက်ရန်တို့ ပါဝင်သည့် အစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဒီဇင်ဘာ ၂၂ ရက် ပဋိပက္ခ မဖြစ်ပွားခင် အချိန်ကလေးကပင် ထုတ်ပြန်ခဲ့သည့် မြန်မာဝမ်ပေါင် ကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်အရ ရွာ ၃၅ ရွာ၏ ၇၁ ရာခိုင်နှုန်းသာ ညှိနှိုင်းပြီးစီးသေးကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် ရဲတပ်ဖွဲ့ဝင် တစ်ဦးလျှင် လူ ၈၀၀ ဦးနှုန်းဖြင့် မနိုင်ဝန် ထမ်းဆောင်နေရကြောင်း ၂၀၁၄ ခုနှစ် မေလက ရဲတပ်ဖွဲ့ အရာရှိကြီးတစ်ဦးက ထုတ်ဖော် ပြောကြားခဲ့သော်လည်း လက်ပံတောင်း တောင် စီမံကိန်းတွင် ရဲတပ်ဖွဲ့ဝင် အင်အားရာချီ အသုံးပြုခဲ့သည်ကို တွေ့ရှိရသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို နိုင်ငံတကာက အဓိကရုဏ်း နှိမ်နင်းရန် နည်းလမ်းများ ပေးခဲ့ပြီး ဖြစ်သော်လည်း အဓိကရုဏ်း နှိမ်နင်းသည့် အခါတိုင်းတွင် ပြည်သူလူထုနှင့် ရဲတပ်ဖွဲ့ မျက်နှာချင်းဆိုင် ထိပ်တိုက်တွေ့သည့် အခါတိုင်း တရားနည်းလမ်းနှင့်အညီ ကျင့်သုံးမှုမရှိကြောင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်း စစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် ဒေါ်ခင်စန်းလှိုင်က မြန်မာသံတော်ဆင့် သို့ ပြောကြားသည်။

ယခုလုပ်ရပ်သည် နိုင်ငံတကာ နည်းလမ်းအတိုင်း လုပ်ခြင်းမဟုတ်ဘဲ ဥပဒေမဲ့ လုပ်ရပ်ဖြစ်ကြောင်းကို ““ဒါ နိုင်ငံတကာ နည်းလမ်းကို ကျင့်သုံးတာ မဟုတ်ဘဲနဲ့ လူသေလောက်အောင် ထိကို ပစ်ခတ်ပြီး ဖြိုခွင်းတာ။ အပြည်ပြည်ဆိုင်ရာ နည်းနဲ့လည်း မညီဘူး။ ဒီအတိုင်း ဆက်သွားမယ် ဆိုရင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဟာလည်း လူထုကို ကာကွယ်ပေးဖို့ မဟုတ်ဘူး။ ပြည်သူလူထုကို အကြမ်းဖက်နေတာ။ ဒီလုပ်ရပ်ကို ရပ်တန်းက ရပ်ဖို့ လိုပါပြီ”” ဟု ဒေါ်ခင်စန်းလှိုင်က ဝေဖန်ပြောကြားသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ ဦးစစ်မြိုင်ကမူ ဆန္ဒပြသူများရော ဆန္ဒပြသူများကို တားဆီး နှိမ်နင်းသူများ ဘက်ကပါ ဥပဒေနှင့်အညီ ဖြစ်ရန်လိုသည်ဟု မြန်မာသံတော်ဆင့်ကို ပြောကြားခဲ့သည်။

လက်ရှိဖြစ်ရပ်တွင် မည်သူက ဥပဒေမဲ့ ကျူးလွန်သည်ကို လေ့လာ စစ်ဆေးပြီးမှ ထုတ်ပြန်နိုင်မည်ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လုပ်ရပ်သည် ဒီမိုကရေစီရေး ဖော်ဆောင်နေသည်ဟု ဆိုသည့် အစိုးရအပေါ် သံသယ များ ပိုမိုကြီးထွားစေသည့် လုပ်ရပ်ဖြစ်ကြောင်းကို ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးဉာဏ်လင်းက ““ဒီမိုကရေစီ အသွင်ကူးပြောင်းရေး သွားနေပါတယ်ဆိုတဲ့ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ပြည်သူတွေက သံသယပိုခိုင်မာ လာစေတယ်””ဟု ဝေဖန်ပြောကြားသည်။

လက်ရှိအချိန်တွင် တစ်ရွာနှင့် တစ်ရွာကြား ဆက်သွယ်ရန် လမ်းများတွင် သံဆူးကြိုးကြီးများဖြင့် ခြံစည်းရိုးများ ခတ်ထားသဖြင့် တစ်ရွာနှင့်တစ်ရွာ ကူးသန်းရန်ပင် မလွယ်ကူကြောင်း ဆည်တည်းရွာသို့ ရောက်ရှိနေသူ မဖြူနှင်းထွေးက ပြောကြားသည်။

သေဆုံးသူ ဒေါ်ခင်ဝင်း၏ သမီးဖြစ်သူ မ၀င်းခိုင်ကမူ ရှိုက်ကြီးတငင် ငိုကြွေးနေသည့်ကြားက မကျေနပ် နိုင်ကြောင်းကိုသာ တတွင်တွင် ပြောကြားနေသည်။

ကျော်ကျော်မင်း၊ ချမ်းမြေ့ခိုင်

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald


မန္တလေး တရုတ်ကောင်စစ်ဝန်ရုံးရှေ့ ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ညှိနှိုင်းမှုများ ပြုလုပ်
27 December 2014

လက်ပံတောင်းတောင် အဓိကရုဏ်း အတွင်းမှာ ရဲတပ်ဖွဲ့က ပစ်ခတ်လို့ ဒေသခံ ဒေါ်ခင်ဝင်း သေဆုံးခဲ့မှုနဲ့ ပက်သက်လို့ ကန့်ကွက်တဲ့ အနေနဲ့ မန္တလေးမြို့ တရုတ်ကောင်စစ်ဝန်ရုံး ရှေ့မှာ ပြည်သူတွေ ဒီကနေ့ စနေနေ့မှာ သွားရောက် ဆန္ဒပြ ခဲ့ပါတယ်။

ဆန္ဒပြပွဲကို မန္တလေးက သံဃာတော်တွေနဲ့ ပြည်သူ ၅၀၀ ကျော် ပါဝင်ခဲ့ပြီး ရဲတပ်ဖွဲ့က တရုတ်ကောင် စစ်ဝန်ရုံးရှေ့ကို မသွားနိုင်အောင် စည်းတားမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပထမစည်းကို ဆန္ဒပြသူတွေက ကျော်နိုင်ခဲ့ပြီး ဒုတိယစည်းအတွက် ရဲတပ်ဖွဲ့နဲ့  ညှိနှိုင်းမှုတွေ လုပ်နေတယ်လို့ သွားရောက် သတင်းယူတဲ့ ဒီဗွီဘီ သတင်းထောက်က ပြောပါတယ်။

ဒုတိယစည်းကို ကျော်နိုင်မှ ဆန္ဒပြသူတွေဟာ တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ ရောက်ရှိပြီး ဆန္ဒပြနိုင်မှာ ဖြစ်ပါတယ်။ ဆန္ဒပြပွဲမှာ မန္တလေးမြို့က ရွှေဝါရောင် သံဃာတော်၊ ကျောင်းသားတွေနဲ့ အရပ်ဖက် လူအဖွဲ့အစည်းတွေနဲ့ ပါဝင်ခဲ့ပါတယ်။

ဆန္ဒပြသူတွေက ဦးပိုင် ၀မ်ပေါင် အလိုမရှိ၊ အကြမ်းဖက်မှုအတွက် ဖြေရှင်းပေး၊ လယ်သမား ရန်သူ တို့ရန်သူ စတဲ့ ကြွေးကြော်သံတွေ ဟစ်အော်ခဲ့တယ်လို့ ဗကသများအဖွဲ့ချုပ်က ကိုမိုးထက်နေက ပြောပါတယ်။

ဆန္ဒပြသူတွေဟာ လက်ပံတောင်း အကြမ်းဖက်မှုနဲ့ ပက်သက်လို့ ရဲတပ်ဖွဲ့မှာလည်း တာဝန်ရှိတဲ့အတွက် မန္တလေးတိုင်းရဲတပ်ဖွဲ့ရုံးဆီ သွားရောက် ဆန္ဒပြဦးမှာ ဖြစ်ပါတယ်။

လက်ပံတောင်း ကိစ္စနဲ့ ပက်သက်လို့ ဒေါ်ခင်ဝင်း သေဆုံးမှုကို အမြန်ဆုံး ဖော်ထုတ်ပေးဖို့နဲ့ ပြစ်မှု ကျူးလွန်သူတွေကို အရေးယူပေးဖို့ ရန်ကုန်မြို့မှာ ဗကသကျောင်းသားတွေက တောင်ဆိုး ဆန္ဒပြခဲ့သလို ပြည်မြို့မှာလည်း သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြတာတွေ ပြုလုပ်နေပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/75125


ဒေါ်ခင်ဝင်းသေဆုံးမှု တိုင်ချက်ကို ရဲက လက်ခံ
24 December 2014

လက်ပံတောင်း ကြေးနီ စီမံကိန်း အဓိကရုဏ်းမှာ မိုးကြိုးပြင် အလယ်ရွာသူ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးမှုတိုင်ချက်ကို  ဆားလင်းကြီး မြို့နယ်ရဲစခန်းက လက်ခံပြီးတဲ့နောက် ဆားလင်းကြီးမြို့ ဆေးရုံကို အလောင်း သယ်ယူခဲ့ကြပြီး စစ်ဆေးဖို့ ပြင်ဆင် နေကြ ပါတယ်။

ဒီဇင်ဘာ ၂၂ ရက်နေ့က မြန်မာဝမ်ပေါင်ကုမ္ပဏီက အတင်းအကျပ် ခြံစည်းရိုးခတ်ရာမှာ ဒေသခံရွာသားတွေနဲ့ လုံခြုံရေးတွေအကြား အဓိကရုဏ်းဖြစ်ရာမှာ ဒေါ်ခင်ဝင်း သေနတ်ထိမှန်သေဆုံးခဲ့ပြီး နှစ်ဘက် ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။

ရွာသားတွေက အလောင်းကို  သူ့ရဲ့ မိုးကြိုးပြင် အလယ်ရွာနေအိမ်ကို သယ်ဆောင်ထားခဲ့ကြပြီး ဒီဇင်ဘာ ၂၃ ရက်နေ့က ဆားလင်းကြီးရဲစခန်းမှာ တိုင်ကြားရာမှာ အချိန် သုံးနာရီလောက် စောင့်ဆိုင်းခဲ့ရပြီးနောက် ရဲက တိုင်ချက်ကို လက်ခံလိုက်တာ ဖြစ်ပါတယ်။

၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုဉာဏ်ထွန်းက “အခု တိုင်ချက်ကိုလက်ခံလိုက်ပြီ။ အမှုကတော့ မဖွင့်ရသေးဘူး။ အလောင်းကို စစ်ဆေးပြီးတော့ အလောင်းက သေဆုံးကြောင်း၊ ဒေါ်ခင်ဝင်းမှန်ကန်ကြောင်း ကနဦးဆေးစစ်ချက်ရပြီးတော့မှ ဒီအမှုကို ဖွင့်ပေးမယ်။ တရားလိုက သေမှုသေခင်းက ရဲကပဲလုပ်ပြီး စွဲရမှာပေါ့။ အခုတိုင်ချက်ကတော့ ကာယကံရှင်ရဲ့ ယောင်းမဖြစ်တဲ့ သူက ဖွင့်တယ်။ သမီးတွေက မန္တလေးက ဖြစ်နေတော့လေ။ တိုင်ချက်အမှတ် ၄ မျဉ်းစောင်း ၂၀၁၄ နဲ့” လို့ ပြောပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဟာ မနေ့က မိုးကြိုးပြင်အလယ်ရွာက ဒေါ်ခင်ဝင်းနေအိမ်ကို ရောက်ရှိခဲ့ကြပြီး မိသားစုဆန္ဒအရ တိုင်ချက် ဖွင့်ခဲ့တာဖြစ်ပါတယ်။ တိုင်ချက်ဖွင့်နိုင်ဖို့ ရဲကို ခက်ခက်ခဲခဲ ပြောဆိုခဲ့ရတယ်လို့ ၈၈ မျိုးဆက်ရဲ့ မနုနုအောင်က ပြောပါတယ်။

“တော်တော်ကြီး ပြောပြီးမှ အမှုဖွင့်လို့ရပါတယ်။ ဘယ်လိုပြောလဲဆိုတော့ သေသေချင်း အလောင်းကို ဒီနေရာမှာ ထားရမယ့်ဟာ ဘာကြောင့်ရွှေ့သွားရတာလဲပေါ့နော်။ သေတဲ့အချိန်မှာဖြစ်တာ ရဲနဲ့ဖြစ်နေတာ ရဲကို ဘယ်လိုသွားဖွင့်ရဲမလဲ။ ဖြစ်နေတဲ့အချိန်မှာ ရဲတွေရှေ့မှာပဲ သေသွားတဲ့ကိစ္စကို ရဲကို အမှုသွားဖွင့်ရဲမလဲ။ အကုန်လုံးထွက်ပြေးနေရတယ်။ အကုန်လုံး အန္တရာယ်အသီးသီးနဲ့ ရင်ဆိုင်နေရချိန်မှာ အမှုမဖွင့်တာကို အပြစ်တင်စရာမလိုဘူးဆိုပြီး တော်တော်ကို အတိုက်အခံပြောရပါတယ်။”

တိုင်ချက်ဖွင့်ရာမှာ ဒေါ်ခင်ဝင်းရဲ့ ဆွေမျိုးတွေ၊ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း၊ သံဃာတွေဟာ လိုက်ပါ ကြိုးပမ်းခဲ့ကြပါတယ်။  အခင်းဖြစ်တဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့ကလည်း ဆွေးမျိုးတွေနဲ့ ရွာသားတွေက ရဲထံတိုင်ကြားကြပေမယ့် ရဲက လက်မခံခဲ့ဘူးလို့ဆိုပါတယ်။

ဒီဇင်ဘာ ၂၃ ရက် ညဆယ်နာရီခွဲခန့်မှာ  အလောင်းကို ဆားလင်းကြီးမြိုနယ်ဆေးရုံ ရင်ခွဲရုံကို သယ်ဆောင်ခဲ့ကြပြီး ဒီမနက် ခွဲစိတ်စစ်ဆေးမှုကို စောင့်ဆိုင်းနေကြပါတယ်။

ကြေးနီစီမံကိန်းအနီးတ၀ိုက်က လယ်ယာမြေလျော်ကြေးမယူတဲ့ လယ်သမားတွေရဲ့မြေတွေ ပေါ်မှာ ကုမ္ပဏီက အတင်းအကျပ် ခြံစည်းရိုးခတ်တာက အစပြုလို့ အဓိကရုဏ်းဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

တရုတ်ပိုင် မြန်မာဝမ်ပေါင်ကုမ္ပဏီကို လုပ်ကိုင်ခွင့်ပြုထားတဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဒေသတ၀ိုက်မှာ ဆန္ဒပြသမားတွေကို အစိုးရက ၂၀၁၂ ခုနှစ်၊ ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွေမှာ သုံးနှစ်ဆက်တိုက် ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။

By အေးနိုင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/74764


လက်ပံတောင်းတွင် နှိမ်နင်းရေးလက်နက်ဖြင့် ၃ ချက် ပစ်ခတ်ခဲ့ဟု အစိုးရပိုင်သတင်းစာ ဖော်ပြ

23 December 2014

လက်ပံတောင်းတောင် ကြေးနီးစီမံကိန်းမှာ ရဲက ပစ်ခတ်လို့ ဒေသခံရွာသူ ဒေါ်ခင်ဝင်း သေဆုံးမှုအတွက် ဒီကနေ့ထုတ် အစိုးရပိုင် သတင်းစာတွေမှာ စီမံကိန်းအတွက် ခြံစည်းရုံးတိုးချဲ့ကာရံရေး လုပ်ဆောင်နေမှုတွေ တားဆီးနှောင့်ယှက်ခံရတယ်ဆိုပြီး ဖော်ပြလာပါတယ်။

ခြံစည်းရိုး ကာဖို့ အဖွဲ့ ၃ ဖွဲ့ ခွဲလုပ်ဆောင်နေစဉ်မှာ လိပ်ခွံတောင်ကြားမှာ ဒေသခံရွာသားတွေ လေးခွတွေနဲ့ အနီးကပ် ပစ်ခတ်လို့ အဓိကရုဏ်း နှိမ်နင်းရေး လက်နက် ၁၂ ဗို့ ပြောင်းချောသေနတ်နဲ့ ၃ ချက် ပစ်ခတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

Latpadaung 22122014အင်ကြင်းတောင်အနီးမှာလည်း ခြံစည်းရိုးခတ်ဖို့ လုပ်ဆောင်နေစဉ်မှာလည်း ဒေသခံတွေက ဟန့်တားပြီး ကုမ္ပဏီက အလုပ်သမား ၁၀ ဦး ပိတ်ဆို့  ထိန်းသိမ်းခဲ့ရာက ညှိနှိုင်းမရလို့ သေနတ်နဲ့ ၈ ချက် ထပ်ပစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် လိပ်ခွံတောင်ပေါ်မှာ ရွာသားတွေက လေးခွနဲ့ ပစ်လို့ သေနတ်နဲ့ ၄ ချက် ထပ်မံ ပစ်ခဲ့ရတယ်လို့  ဆိုထားပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် ရဲတပ်ဖွဲ့ဝင်၁၁ ဦးနဲ့ ရွာသာ ၉ ဦး ဒဏ်ရာရပြီး ရွာသူ မိုးကြိုးပြင်ရွာသူ ဒေါ်ခင်ဝင်း သေဆုံးခဲ့တယ်လို့ အစိုးရပိုင် သတင်းစာတွေမှာ ရေးသားထားပါတယ်။

ဆည်းတည်းရွာသားတဦးကတော့ လျော်ကြေးမယူတဲ့ မြေယာတွေပေါ်မှာ ၀မ်ပေါင် ကုမ္ပဏီက ခြံစည်းရိုးခတ်တဲ့အတွက် ဒေသခံတွေနဲ့ ပဋိပက္ခဖြစ်ပွားပြီး ရဲက သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ရွာသူတဦးနဲ့ ဒေသခံ ၂၀ထက် မနည်း ဒဏ်ရာရရှိသွားတယ်လို့ ပြောပါတယ်။ ဒေသခံတွေက ရှေ့တက်ရင် ပစ်မှာပဲလို့ ပြောပြီး လျော်ကြေးမယူတဲ့ အခင်းတွေဘက်ကို ခြံစည်းရိုးခတ်ရာမှာ မတိုးဖို့ တားရင်းနဲ့ ပစ်ခတ်မှုဖြစ်တာလို့ဆိုပါတယ်။

လက်ရှိမှာတော့ ၀မ်ပေါင်ကုမ္ပဏီကနေပြီး အဲဒီလျော်ကြေးမယူတဲ့ဒေသခံရဲ့ လယ်မြေ ၁၀၀၀ ကျော်ကို ခြံစည်းရိုးဆက်လက်ခတ်နေကြပြီး ညနေ ၄ နာရီလောက်မှာတော့ ရွာသားတွေ ပြန်ကုန်ပြီးလို့ အဲဒီကိုရောက်ရှိခဲ့တဲ့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်လို့ လွန်ခဲ့တဲ့နှစ်ပိုင်းက ကန့်ကွက်ဆန္ဒပြကြရာမှာ ရဲတပ်ဖွဲ့က မီးခိုးဗုံးနဲ့ပစ်ခတ်လို့ သံဃာအများအပြား မီးလောင်ဒဏ်ရာရခဲ့ဖူးပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/74597


လက်ပံတောင်း လူသေဆုံးမှု ဖော်ထုတ် အရေးယူရန် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
31 December 2014

လက်ပံတောင်းတောင် အဓိကရုဏ်း အတွင်း တောင်သူ ဒေါ်ခင်ဝင်း သေဆုံး ခဲ့ရမှုကို အာဏာပိုင်တွေ အနေနဲ့ ပြတ်ပြတ်သားသား ကိုင်တွယ် အရေးယူရမှာ ဖြစ်သလို တဖက်ကလည်း ပြေလည်ရေးကို ဦးတည်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။

ရန်ကုန်မြို့မှာ ဒီကနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ  လက်ပံတောင်းဒေသမှာ လုံခြုံရေးတွေနဲ့ ရွာသားတွေအကြား တင်းမာမှုလျော့ကျအောင် ဘယ်လိုဆောင်ရွက်သင့်သလဲဆိုတဲ့ မေးမြန်းချက်ကို ဖြေဆိုခဲ့တာဖြစ်ပါတယ်။

ဒေသခံတောင်သူတွေကို ဘယ်လို သတင်းစကားပါးချင်သလဲလို့မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က

“ဒါက တဖက်သတ် message (သတင်းစကား) ပေးလို့မရဘူး။ ဒါ နှစ်ဘက်စလုံးနဲ့ဆိုင်တဲ့ကိစ္စ။ ပဋိပက္ခဆိုတာ နှစ်ဘက်နဲ့ဆိုင်တဲ့ကိစ္စပဲ။ တစ်ဖက်ကိုပဲကြည့်ပြီး ဟိုလိုနေ၊ ဒီလိုနေ၊ ဟိုလိုလုပ်၊ ဒီလိုလုပ်ပြောလို့ ဘယ်ဖြစ်မလဲ။ နံပါတ် ၁ ကတော့ ဘယ်လိုမှ လွှဲရှောင်လို့မရတဲ့ကိစ္စကတော့ အမျိုးသမီးတယောက်ဟာ အသက်ဆုံးရှုံးသွားတယ်။ လူတယောက်ရဲ့အသက်ဆိုတာ  တန်ဖိုးဖြတ်လို့ရတာ မဟုတ်ဘူး။ အဲတော့ ဒီဟာနဲ့ပတ်သက်လို့ အာဏာပိုင်တွေအနေနဲ့ မှန်မှန်ကန်ကန် ထိထိရောက်ရောက် အရေးယူဖို့ဟာ ဒါ လုပ်ကိုလုပ်ရမယ်။ နိုင်ငံသားများရဲ့ အခွင့်အရေးကို ကာကွယ်သောအားဖြင့်ကို လုပ်ရမယ်။ အသက်ရှင်ခြင်းထက်ပိုပြီးတော့ အရေးကြီးတဲ့အခွင့်အရေး ရှိတော့မလား။ အသက်ရှင်ခြင်းကို ထိခိုက်တဲ့ကိစ္စတွေဆိုလို့ရှိရင် ဒါဟာ ပြတ်ပြတ်သားသား ကိုင်တွယ်ရမယ်။ ဒါပေမယ့် တဖက်ကလည်း ပြေလည်ရေးကို ဦးတည်ရမယ်။ နောက်ဆုံးကျတော့ နှစ်ဘက်စလုံးဟာ ပြေလည်ရေးကို ဦးတည်ရမယ်ပေါ့။ ဒီဆန္ဒပြတာပဲဖြစ်ဖြစ်၊ တောင်းဆိုတာပဲဖြစ်ဖြစ် တကယ်ကျတော့ အခြေအနေတွေပိုပြီးတော့ ကောင်းလာအောင်လို့  ပြေလည်လာအောင်လို့၊ တည်ငြိမ်လာအောင်လို့ ဒါကိုပဲ ဦးတည်ရမယ်။ အာဏာပိုင်တွေဘက်ကတော့ မှန်မှန်ကန်ကန် တရားမျှမျှတတနဲ့ ခံခဲ့ရတဲ့သူတွေ ကျေနပ်အောင်လို့ လုပ်ကိုလုပ်ပေးရမယ်။ ဒါဟာ တရားဥပဒေစိုးမိုးရေးသဘောတရားအရကို လုပ်ပေးရမယ်။ ပြည်သူတွေအနေနဲ့လည်း ဒါ ငါတို့ရဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေအချင်းချင်းပဲ၊ ငါတို့ ဒီနိုင်ငံထဲမှာ တည်ငြိမ်မှုအတွက် အားလုံးကနေပြီးတော့ လုပ်ရမယ်ဆိုတဲ့ အမြင်လည်း ရှိဖို့လိုပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံကြတဲ့ မည်သည့်နိုင်ငံခြားကုမ္ပဏီမဆို မိမိကုမ္ပဏီအကျိုးကိုကြည့်သလို မြန်မာနိုင်ငံအကျိုးကိုလည်း ကြည့်ပြီး ဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

သူက “အပြင်ကနေလာပြီးရင်းနှီးတဲ့ ကုမ္ပဏီတွေက မိမိတို့အကျိုးကိုကြည့်ပြီး လာပြီးရင်းနှီးတယ်ဆိုတာ သဘာဝကျပါတယ်။ စီးပွားရေးဆိုတာ ဒီလိုပါပဲ။ ဒါပေမယ့် လာပြီးရင်းနှီးတဲ့နိုင်ငံရဲ့ အကျိုးကိုလည်း ကြည့်ရမယ်။ အများအကျိုး၊ ကိုယ့်အကျိုး အကျိုးနှစ်သွယ်ကြည့်ရမယ်။ တဖက်သတ်ကြီးပဲ ကြည့်လို့မရဘူး ဒါကြောင့်မို့လို့ နိုင်ငံခြားကုမ္ပဏီတွေကလာပြီး ရင်းနှီးမြှုပ်နှံတဲ့အခါကျလို့ရှိရင် ဒီနိုင်ငံရဲ့ အစိုးရကလည်း ကိုယ့်ရဲ့နိုင်ငံ။ ကိုယ့်ရဲ့နိုင်ငံသူ နိုင်ငံသားတွေကို စောင့်ရှောက်နိုင်ဖို့ ဥပဒေအရ လုပ်သင့်လုပ်ထိုက်တာကိုလုပ်ရမယ်။ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ကုမ္ပဏီတွေကလည်း ဒီနိုင်ငံက ပြည်သူပြည်သားတွေနဲ့ အဆင်ပြေအောင်လို့၊ နှစ်ဘက်စလုံး အကျိုးရှိအောင်လို့ စဉ်းစားပြီးတော့ လုပ်ရမယ်၊ ကိုယ့်ဖက်ချည်းပဲ ကြည့်လို့မရဘူး။

လက်ရှိကာလ ဆန္ဒပြပွဲတွေဖြစ်နေတဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကိစ္စကို အစိုးရကိုင်တွယ်နေပုံပေါ်အမြင်နဲ့ ပတ်သက်လို့ မေးမြန်းရာမှာ  “ အန်တီတို့ အစီရင်ခံစာထဲမှာ ဘယ်လို ဘယ်လို ဘယ်လို ဖြေရှင်းသင့်ပါတယ်ဆိုတာ အသေးစိတ်ကို အကြံပြုထားပါတယ်။ အစီရင်ခံစာကို ဖတ်လိုက်ရင် သိပါတယ်။ ဒါပေမယ့် အစီရင်ခံစာက အကြံပြုချက်တွေအတိုင်း အစီရင်ခံစာပါ အကြံပြုချက်တွေကို ဖော်ထုတ်ရေးကော်မတီကတော့ တိတိကျကျ မလုပ်သွားဘူးဆိုတာကတော့ မြင်ရပါတယ်။” “အစီရင်ခံစာတင်ပြီးတဲ့နေ့မှာပဲ သမ္မတက အဲဒီ အကောင်အထည်ဖော်ရေးကော်မတီကို ဖွဲ့လိုက်တယ်။ အဲဒီတော့ အဲဒီကော်မတီက ဘယ်လောက်ထိ တိတိကျကျ အကောင်အထည်ဖော်လဲဆိုတာကတော့ ဖတ်ပြီးတော့ သူတို့ရဲ့ လုပ်ရပ်တွေနဲ့ နှိုင်းယှဉ်ပြီးလို့ ရှိလို့ရှိရင် သိပါလိမ့်မယ်။ အန်တီဆိုရင် ဘယ်လိုလုပ်မလဲဆိုတော့ အစီရင်ခံစာအတိုင်းလုပ်မှာပေါ့။ အန်တီတို့တင်တဲ့ အစီရင်ခံစာပဲ” လို့ ပြောပါတယ်။

ကြေးနီစီမံကိန်း အဆင်ပြေအောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတဲ့မေးခွန်းကိုတော့ သူက “ကျမတို့ကနေပြီးတော့ ဒီကိတ်စဟာ ကြေးနီစီမံကိန်းကိစ္စဟာ အဆင်ပြေအောင် ဘယ်လိုလုပ်ရမလဲဆိုတာဟာ အစီရင်ခံစာထဲမှာ ပါပြီးသားပါ။ အစီရင်ခံစာဟာ အားလုံးအတွက် အဆင်ပြေအောင် ဦးတည်ချက်နဲ့ ရေးပြီးတော့ အကြံပြုခဲ့တာဖြစ်ပါတယ်။ အဲဒီအကြံပြုချက်တွေအတိုင်း တိတိကျကျ မှန်မှန်ကန်ကန်လုပ်သွားမယ်ဆိုလို့ရှိရင်တော့ အဆင်ပြေမယ်လို့အန်တီတို့ ယုံကြည်ပါတယ်။ ဒါပေမယ့် ဒီလို တိတိကျကျ မှန်မှန်ကန်ကန် လုပ်သွားတာမရှိလို့ ပြသနာတွေကလည်းဆက်ပြီးတော့ ဖြစ်နေတယ်လို့ ဒီလိုပဲမြင်ပါတယ်။” လို့ ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲဝင်မ၀င်သဘောထားနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က “ရွေးကောက်ပွဲကို ဘယ်တော့ကျင်းပမလဲ။ ကျင်းပမယ်ဆိုတာ တရားဝင်ကြေညာတဲ့အခါကျလို့ရှိရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီရွေးကောက်ပွဲမှာ ၀င်ပြီးတော့ ယှဉ်ပြိုင်မှာလား၊ မယှဉ်ပြိုင်မှာလားဆိုတာ တရားဝင်ကြေညာမှာဖြစ်ပါတယ်။ အခုအချိန်က သိပ်စောသေးကြောင်း”ဖြေဆိုခဲ့ပါတယ်။

By အေးနိုင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/75597



နော်အုန်းလှနှင့် ဦးနေမျိုးဇင်တို့ကို ပုဒ်မ ၃ ခုဖြင့် တရားစွဲပြီး အင်းစိန်ထောင်ပို့
30 December 2014

ရန်ကုန်မြို့ တရုတ်သံရုံးရှေ့မှာ ဒီဇင်ဘာလ ၂၉ ရက်နေ့ညက ဆန္ဒပြလို့   နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နော်အုန်းလှ၊  ဦးနေမျိုးဇင်နဲ့ မစိန်ဌေးတို့ကို   ဖမ်းဆီးပြီး ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုထားပါတယ်။

သူတို့ ၃ ဦးကို ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ပုဒ်မ ၁၈၊ ၀တ်ရားနှောင့်ယှက်မှု ပုဒ်မ ၃၅၃ နဲ့  နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ဒဂုံမြို့နယ်က တရားစွဲဆိုတာလို့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

“ပုဒ်မ ၃ ခုနဲ့ အမှုကတော့ ၂ မှု ဖွင့်တာပေါ့ဗျာ။ တယောက်ကို ၂ မှုဆီဆိုတဲ့ သဘောမျိုးနဲ့ ဒဂုံမြို့နယ်တရားရုံးမှာ ဒီနေ့ ယမန်ယူတယ်။”

ယမန်ယူပြီး လာမယ့်ဇန်န၀ါရီလ ၁၃ ရက်နေ့ ရုံးပြန်ချိန်းထားတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့  သူတို့ ၃ ဦးလုံးကို အင်းစိန်ထောင်ဆီပို့ဆောင် ထိန်းသိမ်းထားတယ်လို့ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

ဒီဆန္ဒပြမှုနဲ့ဆက်ဆပ်ပြီးတော့လည်း နောက်ထပ်လူပေါင်း ၇ ဦးကို တရားစွဲဆိုထားကြောင်း လည်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါ်သန္တာက ပြောပါတယ်။

“အခု ကျမမြင်တာကတော့ ၃ ယောက်ဖမ်းခံထားရတယ်။ ဒါပေမယ့် တရားရုံးမှာ ၇ ယောက် နာမည်ခေါ်သံကြားတယ်။ အခုညနေပိုင်းမှာလည်း တင်ထွဋ်ပိုင်ကို ဖမ်းသွားပြီးလို့ ကြားတယ်။”

ဒီလ ၂၂ ရက်နေ့က ဖြစ်တဲ့ လက်ပံတောင်းဒေသ အဓိကရုဏ်းမှာ မိုးကြိုးပြင် အလယ်ရွာသူ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးရတဲ့ ဖြစ်ရပ်အမှုမှန်ပေါ်ပေါက်ရေးနဲ့ ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးရေးအတွက် မနေ့ညနေက လူရာနဲ့ ချီဆန္ဒပြခဲ့ကြပါတယ်။

ဒီဆန္ဒပြမှုအတွင်း  နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက  ဒဂုံမြို့နယ်ရှိ  တရုတ်သံရုံးရှေ့ကို ဖြတ်လျှောက် ဆန္ဒပြဖို့ ခွင့်တောင်းတာကို လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့က ခွင့်မပြုတဲ့အတွက် ဖြတ်ကျော်ဖို့ ကြိုးစားရာကနေ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no/archives/75584


လက်ပံတောင်းအရေးဆန္ဒပြလို့ နော်အုန်းလှနဲ့ ဦးနေမျိုးဇင် ဖမ်းဆီးခံရ
30 December 2014

ရန်ကုန်မြို့ တရုတ်သံရုံးရှေ့မှာ မနေ့က ဆန္ဒပြပွဲနဲ့ပတ်သက်ပြီး ရဲက ထင်ရှားတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နော်အုန်းလှနဲ့ ဦးနေမျိုးဇင်တို့ကို ဖမ်းဆီးလိုက်ပါတယ်။

ဒီလ ၂၂ ရက်နေ့က ဖြစ်တဲ့ လက်ပံတောင်းဒေသ အဓိကရုဏ်းမှာ မိုးကြိုးပြင်အလယ်ရွာသူ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးရတဲ့ ဖြစ်ရပ်အမှုမှန်ပေါ်ပေါက်ရေးနဲ့ ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးရေးအတွက် မနေ့ညနေက လူရာနဲ့ ချီဆန္ဒပြခဲ့ကြပါတယ်။      အဲဒီဆန္ဒပြမှုနဲ့ ဒဂုံမြို့နယ်ရဲစခန်းက ဖမ်းဆီးတာလို့ ဦးနေမျိုးဇင်က ရဲအချုပ်ကားပေါ် ကနေ အခုလို ပြောပါတယ်။

“ဟုတ်တယ်။ ကျနော်အခု ရဲကားတွေနဲ့လိုက်သွားတယ်ဗျာ။ ဒဂုံမြို့နယ်ရဲစခန်းကို သွားနေပါတယ်။ ကျနော်က မနက် ၉ နာရီလောက်ကတည်းက လက်ပံတောင်းကို ခရီးစထွက်တာလေ။ ကျနော်တို့ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ဖျော် ဖြေရေးယာဉ်နဲ့ သွားတာ။ အဲဒါ အမှတ် ၂ လမ်းပေါ်က သစ်တောဂိတ်မှာ ကျနော့်ကို စောင့်ပြီး ဖမ်းတာပါ။”

ဒါ့အပြင် ဒီဆန္ဒပြပွဲမှာပါဝင်တဲ့ လူ့အခွင့်အရေးလှုပ်ရှားသူနော်အုန်းလှကိုလည်း ဖမ်းဆီးထားပြီဖြစ်တယ်လို့လည်း ပြောပါတယ်။

သူတို့ကို ဘာပုဒ်မတွေနဲ့ အမှုဖွင့်ဖမ်းဆီးတာ မသိရပေမယ့်မနေ့ညက ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးတာလို့ ရဲတွေက ပြောကြောင်း ဦးနေမျိုးဇင်က ပြောပါတယ်။

မနေ့ ဒီဇင်ဘာ ၂၉  ရက်နေ့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ဒဂုံမြို့နယ်က တရုတ်သံရုံးရှေ့ကို ဖြတ်လျှောက် ဆန္ဒပြဖို့ ခွင့်တောင်းတာကို လုံခြုံရေးယူ ထားတဲ့ ရဲတပ်ဖွဲ့က ခွင့်မပြုတဲ့အတွက် ဖြတ်ကျော်ဖို့ ကြိုးစားရာကနေ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။ တင်းမာမှုတွေ ဖြစ်ပွားခဲ့ပေမယ့်  အေးအေးချမ်းချမ်းနဲ့ ပြီးဆုံးခဲ့ပါတယ်။

ဆန်ဒပြသမားတွေက အကြမ်းဖက်ဖြေရှင်းမှုတွေ ချက်ခြင်းရပ်စဲဖို့၊ သိမ်းဆည်းလယ်မြေ ပြန်လည်ရရှိရေးနဲ့ လူသတ်အစိုးရအလိုမရှိစတဲ့ တောင်းဆိုချက်တွေ တောင်းဆိုခဲ့ကြပါတယ်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဧရိယာပတ်လည်က ကျေးရွာသားတွေကလည်း မနေ့တုန်း က ချီတက်ဆန္ဒပြခဲ့ကြပြီး သပိတ်စခန်းဖွင့်လှစ်ခဲ့ပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no/archives/75517


လက်ပံတောင်းသပိတ်စခန်း ဖယ်ရှားပေးရန် အာဏာပိုင်များ တောင်းဆို
30 December 2014

လက်ပံတောင်းတောင်ဒေသ ဆည်တည်းရွာ မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ဝမ်ပေါင်ကုမ္ပဏီက သံဆူးကြိုးတွေချပြီး ခတ်ထားခဲ့တဲ့ ခြံစည်းရိုးတွေကို ရွာသားတွေက မနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့နေက ဖျက်ပြီး သပိတ်စခန်းဖွင့်ပြီး ဆန္ဒထုတ်ဖော်နေကြပါတယ်။

အဲဒီသပိတ်စခန်းကို “မြေယာပြန်လည်ရရှိရေစခန်း” ဆိုပြီး တောင်သူ ၁၀၀ လောက်က အဲဒီစခန်းမှာ မြေယာပြန်လည်ရရှိရေး ဆန္ဒထုတ်ဖော်နေကြတာဖြစ်တယ်လို့ ဇီးတောကျေးရွာက ဦးစန္ဒာသိရိက မိန့်ပါတယ်။

ဒီမနက်ပိုင်းမှာတော့ အာဏာပိုင်တွေက အသံချဲ့စက်နဲ့ ရွာသားတွေကို ဖယ်ရှားပေးဖို့နဲ့ ခတ်ထားတဲ့ သံဆူးကြိုးတွေဆက်မဖျက်ဖို့ ပြောဆိုခဲ့တယ်လို့ မိန့်ပါတယ်။

“မတရားသိမ်းဆည်းခံထားရတဲ့လယ်ယာမြေစခန်းမှာ တောင်သူ အယောက် ၁၀၀ လောက် စောင့်ကြည့်နေကြတယ်။ အာဏာပိုင်ဖက် ကလည်း အခုနက စပီကာနဲ့ အော်သွားတာက ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ နေရာဖြစ်တယ်။ သံဆူးကြိုးတွေ ထပ်မံမဖျက်စီးဖို့၊ စီမံကိန်းလုပ်ငန်းကို မနှောင့်ယှက်ဖို့ မေတ္တာရပ်ခံပါသည်ဆိုပြီး အော်သွားတယ်။”

လက်ရှိမှာလည်း ရဲတပ်ဖွဲ့အင်အား ၃၀၀ ခန့်ရှိနေပြီး တဖက်နဲ့တဖက် စောင့်ကြည့်နေတဲ့ အနေအထားရှိတယ်လို့လည်း ဦးစန္ဒာသီရိက မိန့်ပါတယ်။

လက်ပံတောင်းအရေးနဲ့ ပတ်သက်ပြီးတော့လည်း မနေ့ညက ရန်ကုန်မြို့ တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးရတဲ့ ဖြစ်ရပ်အပေါ် အမှုမှန် ပေါ်ပေါက်ရေးနဲ့ ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးရေးအတွက် တောင်းဆို ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တွေအကြား  ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

တရုတ်သံရုံးဖက်ကတော့ လက်ပံတောင်းကြေးနီစီမံကိန်းဟာ တရုတ်-မြန်မာ နှစ်နိုင်ငံရဲ့ အရေးကြီးတဲ့ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းဖြစ်ပြီး ဒီစီမံကိန်း ငြိမ်းအေတဲ့ အခြေအနေမှ အစီစဥင်္တကျ ဆောင်ရွက်နိုင်ဖို့နဲ့ မည်သည်အကြမ်းဖက်ကို မဆိုကန့်ကွက်ကြောင်း မနေ့က သတင်းထုတ်ပြန်ထားပါတယ်။ ဒီကိစ္စကို မြန်မာအစိုးရက ထိရောက်စွာ စစ်ဆေးအဖြေထုတ်ဖို့လည်း မျှော်လင်ကြောင်း ထုတ်ပြန်ထားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/75496


တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် လက်ပံတောင်းအရေး ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ် ဖြစ်

30 December 2014

လက်ပံတောင်း အရေးမှာ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးရတဲ့ ဖြစ်ရပ်အပေါ် အမှုမှန် ပေါ်ပေါက်ရေးနဲ့ ကြေးနီစီမံကိန်း ရပ်ဆိုင်း ပေးရေး အတွက် တောင်းဆို ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တို့ ရန်ကုန်မြို့ တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းက ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပွား ခဲ့ပါတယ်။

ဒီဇင်ဘာ ၂၉  ရက်နေ့က နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေကို လက်ပံတောင်း အရေး အတွက် ဒဂုံမြို့နယ်က တရုတ်သံရုံးရှေ့ကို ဖြတ်လျှောက် ဆန္ဒပြဖို့ ခွင့်တောင်းတာကို လုံခြုံရေး ယူထားတဲ့ ရဲတပ်ဖွဲ့က ခွင့်မပြုတဲ့အတွက် ဖြတ်ကျော်ဖို့ ကြိုးစားရာကနေ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တာပါ။

အခုလို တင်းမာမှုတွေ ဖြစ်ပွားခဲ့ပေမယ့် နှစ်ဖက်စလုံးမှာ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ဘဲ အေးအေးချမ်းချမ်းနဲ့ ပြီးဆုံးခဲ့ပါတယ်။ လက်ပံတောင်းအရေး ဆန္ဒပြသူတွေကို ၀မ်ပေါင် ကုမ္ပဏီ ထွက်သွား၊ လူသတ်အစိုးရ အလိုမရှိစတာတွေကို ကြွေးကြော်ခဲ့ပါတယ်။

ဆန္ဒပြပွဲကို နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ ဒီမိုကရေစီအင်အားစုတွေ ပူးပေါင်း ပါဝင်ခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/75471


သိမ်းဆည်းခံ လယ်မြေတွေ ပြန်ရဖို့ လက်ပံတောင်းဒေသခံတွေ သပိတ်စခန်းဖွင့် (ရုပ်/သံ)

30 December 2014


လက်ပံတောင်တောင်း ဒေသခံတွေက သိမ်းဆည်းထားတဲ့ မြေယာတွေ ပြန်ရရေးအတွက် ဒီကနေ့ တနင်္လာနေ့မှာ သပိတ်စခန်း ဖွင့်လှစ်လိုက်ပါတယ်။ သပိတ်စခန်းနေရာကို ဆည်တည်းရွာ မြောက်ဘက်ရှိမှာတဲ့ ၀မ်ပေါင်ကုမဏီက ခတ်ထားတဲ့ ခြံစည်းရိုး ပေး ၅၀၀လောက်ကို ဖယ်ရှားပြီး ဖွင့်လှစ်လိုက်တာပါ။ လုံခြံရေးတွေဘက်က သတိပေးတဲ့ အနေနဲ့ သေနတ် ၃ ချက် ပစ်ဖောက်ခဲ့လို့ နှစ်ဖက်တင်းမာမှုတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် နေ့လည်ပိုင်းမှာ လက်ပံတောင်း ဒေသခံတွေဟာ ရဲတပ်ဖွဲရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ ဒေါ်ခင်ဝင်း သေဆုံးနဲ့ ပက်သက်ပြီး တတိယအကြိမ်မြောက်အဖြစ် ဆားလင်းကြီးမြို့နယ် တုံရွာ၊ ဆည်တဲနဲ့ မိုးကြိုးပြင် ရွာတွေက လယ်သိမ်းခံ တောင်သူတွေ ဆန္ဒုပြခဲ့ပါတယ်။
(ရိုက်ကူး - မိုးမင်းဦး)
DVB TV -


ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဒေသခံတွေ ဆန္ဒပြ
29 December 2014

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးဖို့ အတွက် ဒေသခံ ၃၀၀ ၀န်းကျင် က ဒီနေ့ ဆန္ဒပြ တောင်း ဆိုခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဒေသခံ ကျေးရွာ သားတွေနဲ့ ပဋိပက္ခဖြစ်ခဲ့တဲ့ စီမံကိန်း ဧရိယာ အတွင်းက လိပ်ခွံတောင်အနီးမှာ ဆန္ဒပြ ခဲ့ကြတာပါ။

ပဋိပက္ခအတွင်း ဆန္ဒပြရွာသူ ဒေါ်ခင်ဝင်း သေဆုံးမှု အတွက် တာဝန်ရှိသူကို စုံစမ်း ဖော်ထုတ်အရေးယူ ပေးဖို့နဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဖျက်သိမ်း ဖို့ တောင်းဆိုဆန္ဒပြတာဖြစ်တယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ မိုးကြိုးပြင်အလယ်ရွာသား ကိုထက် က ပြောပါတယ်။

"အဓိကကတော့ မိုးကြိုးပြင်ကျေးရွာမှာရှိ တဲ့ ဒေါ်ခင်ဝင်းသေဆုံးမှုကို တောင်းဆိုကြ တယ်၊ ကြွေးကြော်သံတွေကတော့ လက် ပံတောင်းတောင်လုံးဝ ဖျက်သိမ်းရေး၊ ဒေါ်ခင်ဝင်း ကိုပစ်သတ်လိုက်တဲ့ အကြမ်းဖက်စီမံကိန်း လုံးဝရပ်ဆိုင်းပေးရေး၊ ကော်မရှင် အစီရင်ခံစာကို မလိုက်နာ တဲ့ ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းပေးရေး၊ အကြမ်းဖက် သိမ်းပိုက်ခံထားရသော လယ်ယာများချက်ချင်း ရရှိရေး၊ ဝမ်ပေါင်နဲ့ ဦးပိုင်ကုမ္ပဏီတို့ တို့နိုင်ငံကအခုထွက်သွား ဆိုတဲ့ ကြွေးကြော်သံတွေကို ကျနော် တို့ကြွေးကြော်ပြီးတော့ တောင်းဆိုနေပါတယ်"

ဆန္ဒပြပွဲမှာ တုံ၊ မိုးကြိုးပြင်အလယ်ရွာ၊ ဆည်တည်း၊ ဇီးတောစတဲ့ ကျေးရွာ ၁၀ ရွာကျော်က ဒေသခံတွေ ပါဝင်ခဲ့ကြတယ် လို့ သိရပါတယ်။

အလားတူ ရန်ကုန်မြို့မှာလည်း ကဗျာချစ်သူများအသင်းဝင် လူငယ်ကဗျာဆရာ ၁၀ ဦးက လက်ပံတောင်းတောင် အကြောင်းကဗျာတွေကို ပုံနှိပ်ထားတဲ့ လက်လမ်း စာစောင်တွေကို မြို့တော်ခန်းမအနီးမှာ လိုက်လံဝေငှခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


ဒ်ါခင်ဝင်းသေဆုံးမှု စုံစမ်းဖော်ထုတ်ရေး ပြည်မြို့မှာ ဆန္ဒပြတောင်းဆို
27 December 2014

ဒီဇင်ဘာလ ၂၂ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားတဲ့ ဒေါ်ခင်ဝင်းအမှုကို စုံစမ်းဖော်ထုတ်ပြီး ကျူးလွန်သူကို အရေးယူပေးဖို့ ပဲခူးတိုင်းဒေသကြီး ပြည်မြို့က ဗိုလ်ချုပ်အောင်ဆန်းကျောက်ရုပ်ရှေ့မှာ ဒေသခံ ၅၀ လောက်က ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

ဆန္ဒပြရာမှာပါဝင်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုကျော်ဆန်းက တောင်သူ ဒေါ်ခင်ဝင်းသေဆုံးမှုအတွက် တရားခံတွေကို ဖော်ထုတ်ပေးဖို့ အစိုးရမှာတာဝန်ရှိတာကြောင့် အခုလိုတောင်းဆိုတာလို့ ပြောပါတယ်။

"လက်ပံတောင်းတောင် လယ်သမား ဒေါ်ခင်ဝင်း သေတဲ့ကိစ္စနဲ့ ပတ်သက်လို့ လူသတ်မှု တရားခံများဖော်ထုတ်ရေး၊ ပြည်သူ့အကျိုးစီးပွား လုံခြုံဖို့အတွက် အစိုးရတာဝန်ယူရေး၊ တရုတ်ဝန်ပေါင်ကုမ္ပဏီ လုပ်ဆောင်မှုဖျက်သိမ်းရေး၊ မြေသိမ်းလယ်သိမ်း အဓမ္မမှုများချုပ်ငြိမ်းရေး၊ အကြမ်းဖက်လုပ်ရပ်ကို အစိုးရအနေနဲ့ ချက်ချင်းရပ်၊ ဝမ်ပေါင်ကုမ္ပဏီနဲ့ ဦးပေါင်ကုမ္ပဏီကို ကာကွယ်ပေးသောအစိုးရ အလိုမရှိဆိုပြီး ကျနော်တို့တောင်းဆိုပါတယ်"

ဆန္ဒပြပွဲမှာ ပြည်မြို့က အန်အယ်လ်ဒီ ပါတီဝင်တွေ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ပါဝင်ခဲ့ပါတယ်။

ဒီလ ၂၂ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးမှာရှိတဲ့ လိပ်ခွံတောင်ခြေအနားက လယ်ယာမြေတွေမှာ ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးလိုက်ခတ်စဉ် လျော်ကြေးမယူထားတဲ့ ဆည်တည်း၊ တုံရွာနဲ့ မိုးကြိုးပြင်အလယ်ရွာက တောင်သူတွေကတားမြစ်ရာမှာ လုံခြုံရေးရဲတပ်ဖွဲ့တွေက သေနတ်နဲ့ ပစ်ခတ်တဲ့အတွက် အသက် ၅၇ နှစ်အရွယ် ဒေါ်ခင်ဝင်း သေဆုံးခဲ့တာဖြစ်ပါတယ်။

၂ ရက်ဆက်တိုက် ဖြစ်ပွားခဲ့တဲ့ လက်ပံတောင်းတောင်ပဋိပက္ခကို စုံစမ်းစစ်ဆေးဖို့ ကော်မရှင်ဖွဲ့စည်းထားကြောင်း စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးက ပြောထားပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


ဒ်ါခင်ဝင်းသေဆုံးမှု အမြန်ဆုံး ဖော်ထုတ်ပေးရန် ဆန္ဒပြပွဲများ ပြုလုပ် (ဓာတ်ပုံ)

25 December 2014
 
သတင်း ဓာတ်ပုံ အိမမမွန်
လက်ပံတောင်း အကြမ်းဖက်မှု ဖြိုခွင်းရာမှာ ကျည်ဆန်ထိမှန် သေဆုံး ခဲ့တဲ့ ဒေါ်ခင်ဝင်း သေဆုံးမှုကို အမြန်ဆုံး ဖော်ထုတ်ပေးဖို့ နဲ့ သေဆုံးသူ အတွက် မီးထွန်း ဆုတောင်းပွဲကို ဗကသကျောင်းသား ၃၀ လောက်က ဗိုလ်တစ်ထောင်ဘုရားမှာ ဒီဇင်ဘာ ၂၄ ရက် ည ၆ နာရီလောက်က ပြုလုပ်ခဲ့ပါတယ်။

အလားတူ လသာမြိ့နယ်လမ်း ၂၀ တရုတ်ဘုံကျောင်းရှေ့မှာ မျက်နှာဖုံးစွပ်ထားသူတဦးက မနေ့ညနေ ၅ နာရီလောက်မှာ လက်ပံတောင်းဒေသရှိ ပြည်သူတွေကို အကြမ်းဖက်တဲ့ အစိုးရနဲ့ တရုပ်ဝမ်ပေါင်ကုမ္ပဏီကို ရှုတ်ချကြောင်း စာရွက်တွေ ဖြန့်ဝေပြီးတကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဒါပြင်တရုတ်လူမျိုးတွေရဲ့ သင်္ကေတဖြစ်တဲ့ အ၀တ်နီနဲ့ တရုတ်လူမျိုးတွေ အမင်္ဂလာ အခမ်းအနားမှာအသုံးပြုတဲ့ စာရွက်တွေကို လမ်းမတော်လသာလမ်းတလျှောက် ဖြန့်ကြဲတာတွေ၊ မီးရှို့တာတွေကိုလည်း၊ လုပ်ခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/74860


လက်ပန်းတောင်း ဒေါ်ခင်ဝင်းသေဆုံးမှု စုံစမ်းစစ်ဆေးဖို့ HRW တောင်းဆို
24 December 2014

ဘော်ဒိုဇာကားရှေ့မှာ မှောက်အိပ်ပြီး တောင်းပန်နေတဲ့ ဒေသခံတောင်သူများ
လက်ပန်းတောင်းတောင် ပစ်ခတ်မှုမှာ တောင်သူ ဒေါ်ခင်ဝင်း ဦးခေါင်းကို သေနတ်ကျည်ဆံ ထိမှန်ပြီး သေဆုံးခဲ့တဲ့ ဖြစ်ရပ်ကို တရားဝင် လွတ်လပ်စွာ စုံစမ်းစစ်ဆေးပေးဖို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီး က မြန်မာ အစိုးရကို တောင်းဆို လိုက်ပါတယ်။

လက်ပန်းတောင်းတောင်ကိစ္စမှာ သွေးထွက်သံယို မဖြစ်အောင် ဖြေရှင်းပေးဖို့ စစ်ကိုင်းတိုင်း ရဲမင်းကြီးကို ဒေသခံတွေဘက်က တနင်္လာနေ့ကတည်းက မေတ္တာရပ်ခံ တောင်းဆို ခဲ့တာပါ။ အကြောင်းစုံကို မအင်ကြင်းနိုင် က တင်ပြမှာပါ။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က လက်ပန်းတောင်းကြေးနီ စီမံကိန်းဒေသမှာ  စီမံကိန်းတိုးချဲ့ကာရံဖို့အတွက် မြေယာတွေကို တရုတ်-မြန်မာ ၀မ်ပေါင်ကုမ္ပဏီဘက်က တနင်္လာနေ့မှာ စတင် ခြံစည်းရိုးခတ်ခဲ့ရာကနေ ဒေသခံတွေနဲ့ ထိပ်တိုက် ပဋိပက္ခ ဖြစ်ခဲ့တာပါ။ မြန်မာရဲတပ်ဖွဲ့က သေနတ်သုံးပြီး ပစ်ခတ်ဖြိုခွဲတာကြောင့် ဒေါ်ခင်ဝင်းဦးခေါင်းမှာ သေနတ်ကျည်ဆံထိမှန် သေဆုံးခဲ့သလို အင်္ဂါနေ့မှာလည်း တောင်သူနှစ်ဦး ပြင်းထန်တဲ့ သေနတ်ဒဏ်ရာတွေ ရခဲ့ပါတယ်။

ဒီလိုအကြမ်းဖက်ပစ်ခတ်ဖြိုခွဲတာနဲ့ ပတ်သက်လို့ နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးက ဝေဖန်ရှုတ်ချကြောင်း အဖွဲ့ရဲ့အာရှရေးတာဝန်ခံ Brad Adams က ဗွီအိုအေကို ပြောပါတယ်။

“ဆန္ဒပြသူတွေကို အင်အားသုံးဖြိုခွဲဖို့ မလိုအပ်ဘူးဆိုတာ ထင်ရှားပါတယ်။ တကယ်လို့များ ဆန္ဒပြသူတွေဘက်က အကြမ်းဖက်တယ်ဆိုရင်တောင် စနစ်တကျ တုံ့ပြန်ရမှာပါ။ မေးခွန်းထုတ်စရာရှိလာတာက ဒီကနေ့ အစိုးရဟာ အရင် စစ်အစိုးရတွေနဲ့ တကယ်ပဲ ကွဲပြားမှုရှိသလားဆိုတာပါ။ ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွဲတာဆိုရင် အရင်အစိုးရအတိုင်းပဲ ခေါင်းစဉ်သာ ပြောင်းသွားတယ်လို့ မြန်မာပြည်သူတွေ မြင်ကြမှာပါ။”

ဒါ့အပြင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေတဲ့ တရုတ်ကုမ္ပဏီအနေနဲ့ သူတို့ရဲ့စီမံကိန်း တိုးချဲ့တာကို မြန်မာအစိုးရက အကာအကွယ်ပေးတယ်ဆိုရာမှာ ပြဿနာရှိနေတာ က ဒေသခံပြည်သူတွေက ဒီစီမံကိန်းကို သဘောတူညီမှုမရှိတာကို အာဏာပိုင်တွေဘက်က ပြန်ပြီး စဉ်းစားသင့်တယ်လို့ Brad Adams က ဆိုပါတယ်။ အခုဒေသခံတောင်သူတဦး သေနတ်ကျည်ဆံ ထိမှန်သေဆုံးခဲ့တဲ့ဖြစ်ရပ်ကို မှန်မှန်ကန်ကန် စုံစမ်းဖော်ထုတ်ပေးဖို့ HRW က တောင်းဆိုကြောင်းလည်း သူက ပြောပါတယ်။

“မြန်မာအစိုးရဟာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေလုပ်နေတဲ့ အစိုးရသစ်ဖြစ်ကြောင်း သိပ်ကို ပြသ ချင်နေတာပါ။ ဒါဆိုရင် အခုလို အမျိုးသမီးတဦးသေဆုံးခဲ့တဲ့ ဖြစ်ရပ်အတွက် တရားဝင် လွတ်လွတ်လပ်လပ် စုံးစမ်းစစ်ဆေးပေးပါ။ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု စတဲ့ အချက်တွေနဲ့ ကိုက်ညီအောင် ဆောင်ရွက်ပေးပါ။ တကယ်လို့များ ဒေသခံပြည်သူတွေ ဒီထက်မက ဆန္ဒပြမှုတွေ ပိုပြီးလုပ်လာမယ်ဆိုရင် အကြမ်းဖက်ဖြိုခွဲတာ ဒါမှမဟုတ် ဖမ်းဆီးထောင်ချတာတွေ လုပ်မယ့်အစား အစိုးရအနေနဲ့ ဆန္ဒပြသူတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးသင့်တယ်လို့ ကျနော်မြင်ပါတယ်။”

တနင်္လာနေ့ကလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကနေ လက်ပန်းတောင်း ပစ်ခတ်နှိမ်နင်းမှုကို စိုးရိမ်မကင်းဖြစ်မိကြောင်း ထုတ်ပြန်ကြေညာခဲ့တာပါ။ လက်ရှိ ကြေးနီစီမံကိန်း တိုးချဲ့ကာရံတဲ့ အခြေအနေတွေဟာ အတော်လေးကို ဆိုးရွားလာနေတယ်လို့ လက်ပန်းတောင်းဒေသ ဇီးတောကျေးရွာ စံမြ၀တီကျောင်းတိုက်က ဦးဇင်း ဦးအာလောက က ဗွီအိုအေကို မိန့်ကြားပါတယ်။

“ဒေသခံတွေကတော့ အခုဟာကတော့ ထိုင်ကြည့်နေရုံကလွဲပြီး ဘာမှမတတ်နိုင်တော့ဘူးလေ။ အနောက်မှာဆိုရင်လည်း ပုသိမ်-မုံရွာလမ်းကြီးအထိ အရှေ့မှာဆိုရင်လည်း ဆားလင်းကြီး-ညောင်ပင်ကြီးလမ်းအထိ ခြံစည်းရိုးခတ်သွားတာ၊ ရွာလေးတရွာလောက်ပဲ ကွင်းပြီးတော့ ခတ်မသွားတာဖြစ်တယ်။ ရေရှည်မှာ လုံးဝ ရပ်တည်ဖို့ဆိုတာလည်း အင်မတန် ခက်ခဲသွားပြီ။ ဘာမှလုပ်ကိုင်စားသောက်စရာလည်း မလွယ်တော့ဘူး။ အဲ့ဒါကြောင့်မို့လို့ လူထုဟာ လက်နက်တွေကိုင်ထားတဲ့ ပုဂ္ဂိုလ်တွေလည်း မဟုတ်တော့ဘူး။ ဘာမှလည်း မတတ်နိုင်တော့ဘူး။ ထိုင်ကြည့်ရုံနဲ့ ၀မ်းနည်းနေရုံကလွဲပြီး ဘာမှမတတ်နိုင်တော့ဘူးဆိုတဲ့ အနေအထားမျိုးမှာ ဖြစ်နေပါပြီ။”

ကုမ္ပဏီကနေ လျော်ကြေးမယူတဲ့ မြေယာတွေမှာ စတင်ခြံစည်းရိုးခတ်တဲ့ အချိန်ကတည်းက လယ်ယာပိုင်ရှင်တွေဘက်ကနေ သွေးထွက်သံယိုမှုမဖြစ်အောင် အခြေအနေတွေကို ညှိနှိုင်းဆောင်ရွက်ပေးဖို့ အာဏာပိုင်တွေကို ကြိုတင်မေတ္တာရပ်ခံခဲ့တယ်လို့ ဦးဇင်းကမိန့်ပါတယ်။

“စဖြစ်တဲ့နေ့ကတည်းက ဒါ ပြောပါတယ်ဗျာ။ ရဲမင်းကြီးဦးနေထွန်းပေါ့နော် ဒီဟာမျိုးက ပြေလည်အောင် ပြဿနာဆိုတာက ပိုပြီးတော့ ဆိုးလာတာကနေ ကြီးသွားလိမ့်မယ်။ မဖြစ်သင့်တာတွေ မဖြစ်အောင်၊ သွေးထွက်သံယိုတွေ မဖြစ်အောင်၊ ဒါ တဘက်နဲ့တဘက် ဖြစ်သွားကြပြီဟေ့ဆိုရင် ဘယ်သူမှ မကောင်းကြပါဘူး။ ဒါ တောင်သူလယ်သမားတွေဆိုရင်လည်း တောင်ယာလုပ်၊ အင်မတန်မှ ရိုးသားတဲ့ ဒေသတွေဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပြဿနာမဖြစ်အောင် ညှိနှိုင်းပါ၊ ဆွေးနွေးပါဆိုပြီး ဒေသခံတွေဘက်က ပြောဆိုနေသော်ငြားလည်းပဲ သူတို့က စနစ်တကျ ကြံစည်ထားတာဖြစ်တဲ့အတွက် ဒေသခံတွေက ဘယ်လောက်ပင် ပြောသော်ငြားလည်းပဲ မရပါဘူး။ မရတဲ့အတွက်လည်း အခုလို ဒါ လူသေဆုံးမှုတွေ၊ သေနတ်တွေဒဏ်ရာရတဲ့ ဒီလောက်အထိကို ဖြစ်လာတာဖြစ်ပါတယ်။”

လက်ရှိဖြစ်နေတဲ့ လက်ပန်းတောင်းအရေးကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံရှိ တရုတ်သံရုံးက အခုချိန်ထိ သဘောထား ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ လက်ပန်းတောင်း ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ ၂၀၁၂ ခုနှစ်က လွှတ်တော်တွင်း ဆွေးနွေးချက် တင်ပြချက်တွေကို လေးစားအသိအမှတ်ပြုကြောင်းနဲ့ နှစ်ပေါင်းများစွာကတည်းက နှစ်နိုင်ငံ အကျိုးစီးပွားဖြစ်ထွန်းဖို့ ပူးပေါင်းဆောင်ရွက်လာခဲ့ကြတာ ဖြစ်တယ်လို့လည်း တရုတ်သံရုံးက သဘောထား တုံ့ပြန်ခဲ့ပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/let-pan-taung-hrw/2571616.html


လက်ပံတောင်းပဋိပက္ခ သေဆုံးသူအတွက် ၀မ်းနည်းကြောင်း တရုတ်အစိုးရ ပြော

24 December 2014

လက်ပံတောင်း ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး တရုတ်အစိုးရ အနေနဲ့ စိုးရိမ်ဝမ်းနည်း မိပါကြောင်း ထုတ်ဖော်ပြောကြား လိုက်ပါတယ်။

ပီကင်းမြို့တော်မှာ ဒီနေ့ ပြုလုပ်တဲ့ နေ့စဉ်သတင်းစာ ရှင်းလင်းပွဲမှာ တရုတ်အစိုးရ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်ယင်က ဒီကိစ္စကို ထည့်သွင်း ပြောကြားသွားတာပါ။

အခု ပဋိပက္ခမှာ အသက်ဆုံးရှုံးရသူအတွက် တရုတ်အစိုးရအနေနဲ့ ၀မ်းနည်းမိကြောင်း၊ ပြဿ နာတခုကို ထိထိရောက်ရောက်နဲ့ အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းသွားနိုင်မယ်လို့ မျှော်လင့်ကြောင်း သူကဆိုပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသမှာ တရုတ် ၀မ်ပေါင်ကုမ္ဗဏီက ခြံစည်းရိုးခတ်ရာကနေ ဒေသခံတွေနဲ့ ပဋိပက္ခဖြစ်ပွားပြီး မိုးကြိုပြင် အလယ်ရွာသူ ဒေါ်ခင်ဝင်း သေနတ်ကျည်ထိမှန် သေဆုံးကာ ဒေသခံ ၂၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

တရုတ်နဲ့ မြန်မာ အစိုးရတွေဟာ ချစ်ကြည်ရေးခိုင်မာတဲ့ အိမ်နီးနားချင်း နိုင်ငံတွေ ဖြစ်ကြပြီး တရုတ်ကုမ္ဗဏီတွေအနေနဲ့ နိုင်ငံရပ်ခြားမှာ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရာမှာ သက်ဆိုင်ရာ တိုင်းပြည်ရဲ့ တရားဥပဒေကို အလေးထားဖို့အပြင် လူမှုရေးဆိုင်ရာ တာဝန်ယူမှုတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွေကို ဂရုပြုဖို့ တရုတ်အစိုးရအနေနဲ့ တရုတ်စီးပွားရေးသမားတွေကို အလေးအနက် တိုက်တွန်းကြောင်း တရုတ် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

လက်ပံတောင်း ကြေးနီစီမံကိန်းမှာ ပါဝင်တဲ့ မြန်မာဝမ်ပေါင်ကုမ္ဗဏီဟာ တရုတ် လက်နက်ထုတ်လုပ်ရေး ကော်ပိုရေးရှင်းတခုဖြစ်တဲ့ China North Industries Group ရဲ့ လက်အောက်ခံဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/74843


ဒေါ်ခင်ဝင်း သေနတ်ထိမှန်သေဆုံးကြောင်း မှုခင်းဆရာဝန် အတည်ပြု
24 December 2014

ဒေါက်တာတင်နွယ်
လက်ပံတောင်း ကြေးနီစီမံကိန်း အဓိကရုဏ်းမှာ သေဆုံးသူ ဒေါ်ခင်ဝင်းဟာ သေနတ်ထိမှန်တဲ့ ဒဏ်ရာနဲ့ သေဆုံးတာဖြစ်တယ်လို့ မှုခင်းဆရာဝန်က အတည်ပြု ပြောကြား ပါတယ်။

ဒေါ်ခင်ဝင်းအလောင်းကို ဆားလင်းကြီးမြို့နယ်ဆရာဝန် ဒေါက်တာတင့်လွင်၊ မုံရွာမြို့နယ်မှုခင်းဆရာဝန် ဒေါက်တာတင်နွယ်၊ မုံရွာမြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာ ညွန့်သန်းတို့က ရင်ခွဲရုံမှာ မနက်ပို်င်း ဆယ်နာရီလောက်က ခွဲစိတ်ပြီးနောက် ရှင်းလင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

မှုခင်းဆရာဝန် ဒေါက်တာတင်နွယ်က “ဒီဒဏ်ရာကြီး ဒီလိုရတဲ့ဟာကို ကျနော်ကြည့်လိုက်ရင် ဒီဒဏ်ရာသည် သေနတ်ကျည်မှန်တဲ့ဒဏ်ရာပဲ။ ကျနော်တို့ရဲ့တွေ့ရှိချက်က အဲဒါပဲ။ တခြားနေရာတွေ စစ်ဆေးတော့ တကိုယ်လုံးမှာ ဒဏ်ရာမတွေ့ဘူး ဘာမှ၊ ဒီဒဏ်ရာသည် ဓားခုတ်တဲ့ ဒဏ်ရာမဟုတ်ဘူး။ တုတ်နဲ့ရိုက်တာမဟုတ်ဘူး။ ကျနော်တို့ သုံးသပ်ချက်ကတော့ ကျည်ဆန်က နဖူးကမှန်တာပဲ” လို့ပြောဆိုပါတယ်။

ရင်ခွဲစစ်ဆေးတဲ့အခါမှာလည်း ထူးခြားတဲ့ လက္ခဏာမတွေ့ကြောင်းနဲ့ သေနတ်ဘယ်အမျိုးအစားနဲ့ အကွာအဝေးဘယ်လောက်က ပစ်တာလဲလို့မေးမြန်းချက်ကိုတော့ ဆရာဝန်တွေအနေနဲ့ လက်နက်ကျွမ်းကျင်သူမဟုတ်လို့ ဖြေဆိုနိုင်ခြင်းမရှိဘူးလို့  ဒေါက်တာတင်နွယ်က ပြန်လည်ဖြေဆိုခဲ့ပါတယ်။

အစိုးရ သတင်းထုတ်ပြန်ချက်မှာ အဓိကရုဏ်းနှိမ်နင်းရေးလက်နက် ၁၂ ဗို့သေနတ်နဲ့ ၁၅ ချက် ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဆေးရုံမှာ ရောက်ရှိနေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းအဖွဲ့အစည်းက ဦးဉာဏ်လင်းက ဒဏ်ရာပါ တွေ့ရှိချက်အရ အဓိကရုဏ်းနှိမ်နင်းတဲ့ ရာဘာကျည်ဆန်အမျိုးအစားမဖြစ်နိုင်ဘူးလို့ ခန့်မှန်းပြောဆိုပါတယ်။

“အဓိကရုဏ်းနှိမ်နင်းရေးဆိုတာ ကျနော်တို့သိသလောက် ရာဘာကျည်ပဲ။ အခုဟာ ရာဘာကျည်နဲ့ပစ်တာမဟုတ်ဘူး။ ကျည်ဆန်နဲ့ပစ်တာ။ အခုဟာ သေနတ်ဒဏ်ရာတွေလိုပဲ အ၀င်သေးပြီးတော့ ပွင့်ထွက်သွားတာ။ ဆိုတော့ ဒါဟာ အဓိကရုဏ်းနှိမ်နင်းတဲ့ သေနတ်တော့မဟုတ်ဘူး။ ”

အဓိကရုဏ်းနှိမ်းနင်းမှုမှာ ရွားသားတွေထဲက ၃ ဦးက သေနတ်အ စစ်ဒဏ်ထိမှန်ပွင့်ထွက်ခဲ့ပြီး ကျန်ရွာသားတွေက ရာဘာကျည်ဆန်ထိမှန်တဲ့ သာမန်ဒဏ်ရာတွေရခဲ့ကြတာကို သူက ထောက်ပြပါတယ်။

အလောင်းကို စစ်ဆေးပြီးတဲ့အခါ မိုးကြိုးပြင်အလယ်ရွာက အိမ်ကို ရွာသားတွေက ပြန်လည်သယ်ဆောင်ကြပြီး မနက်ဖြန်နေ့ခင်းပိုင်းမှာ သဂြိုဟ်ဖို့ စီစဉ်နေကြတယ်လို့ဆိုပါတယ်။

အဓိကရုဏ်းနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးအဖွဲ့နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းဥက္ကဋ္ဌ ဒေါက်တာမြင့်နိုင်နဲ့ အဖွဲ့ချုပ် ပုလဲမြို့နယ် အမတ်ဒေါ်ခင်စန်းလှိုင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှာ ဒီနေ့ခင်းပိုင်း ဆွေးနွေးကြဖို့ရှိ ပါတယ်။

By အေးနိုင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/74812


လက်ပံတောင်း မိုးကြိုးပြင်ရွာသူ သေဆုံးမှု အမှုဖွင့်
23 December 2014

စစ်ကိုင်းတိုင်း လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အဓိကရုဏ်းမှာ မိုးကြိုးပြင် အလယ်ရွာသူ ဒေါ်ခင်ဝင်း သေနတ်ဒဏ်ရာ ထိမှန်သေဆုံးမှုနဲ့ပတ်သက်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မမီးမီး၊ မနီလာသိန်းနဲ့ မတင်ဇာခိုင်တို့အဖွဲ့ဟာ ဆားလင်းကြီးမြို့နယ် ရဲစခန်းမှာ သေမှုသေခင်း ဖွင့်လှစ်ရာမှာ ရဲက ချက်ချင်းလက်မခံလို့ စောင့်ဆိုင်းနေကြပါတယ်။

ဒီဇင်ဘာလ ၂၂ ရက်နေ့ခင်းပိုင်းက သေဆုံးခဲ့တဲ့ ဒေါ်ခင်ဝင်းရဲ့အလောင်းကို မိုးကြိုးပြင်အလယ်ရွာက သူမနေအိမ်မှာ ထားရာက မုံရွာဆေးရုံကို ပို့ဆောင် စစ်ဆေးပေးဖို့နဲ့ ရင်ခွဲရုံပို့ပေးဖို့ သေမှုသေခင်းဖွင့်တာလို့ ပြန်ကြာရေးတာဝန်ခံ မတင်ဇာခိုင်က ပြောပါတယ်။

ညနေ ငါးနာရီခွဲခန့်ကနေ တနာရီနီးပါးကြာထိ ရဲက အမှုဖွင့်တာ လက်မခံသေးဘူးလို့ သူက ပြောပါတယ်။

“အခုမှ ကျမတို့က အမှုဖွင့်နေတုန်းပဲရှိသေးတယ်။ လက်မခံရဲသေးဘူး၊ သူတို့အထက်ကို မေးထားတယ် ပြောပါတယ်။ စောင့်နေပါတယ်ရှင့်။ သူတို့ဘက်က အမှုလက်ခံမခံကို မသိသေးပါဘူး။ သူတို့လည်း အထက်ကိုမေးထားတဲ့အတွက် ကျမတို့လည်း ထိုင်စောင့်နေရပါတယ်။ သူတို့ဘက်က ဒီမှာ ရှိနေတဲ့အဆင့်နဲ့ လက်ခံလို့မရဘူး ဒီအမှုက အဲလိုမျိုးဖြစ်နေတယ်"လို့ မတင်ဇာခိုင်က ပြောပါတယ်။

အလောင်းက နှစ်ရက်ကူးလာပြီဆိုတော့ ကျမတို့က ညတွင်းချင်း သယ်ချင်တယ်။ အလောင်းကို စစ်ချင်တယ်။ သူတို့က ဝေ့လည်ကြောင်ပတ်လုပ်နေတုန်းပဲ။ တိတိကျကျအဖြေကို မပေးနိုင်သေးဘူး” လို့လည်း သူက ပြောပါတယ်။

ဒေါ်ခင်ဝင်းရဲ့ နဖူးနဲ့ နောက်စေ့ပွင့်ထွက်သေဆုံးခဲ့ပေမယ့် အစိုးရဘက်ကတော့ ခြံစည်းရိုးတိုင်စိုက်တာကို ရွာသားတွေ တားဆီးနှောင့်ယှက်တဲ့အတွက် အဓိကရုဏ်းနှိမ်နင်းရေး ၁၂ ဗို့သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ဖြေရှင်းထားပါတယ်။

DVB TV News
https://www.facebook.com/DVBTVNews


ကြေးနီစီမံကိန်း ခြံစည်းရိုးတိုးချဲ့မှု ရွာသားများ နှောင့်ယှက်ကြောင်း အစိုးရထုတ်ပြန်
23 December 2014

ဓာတ်ပုံ – ကိုဟန်ဝင်းအောင်
စစ်ကိုင်းတိုင်း လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ခြံစည်းရိုးကာမှုကို  နှောင့်ယှက်တဲ့ ရွာသားတွေကို အဓိကရုဏ်းနှိမ်နင်းရေး သေနတ်နဲ့ ပစ်ခတ်တာ ရွာသူ ဒေါ်ခင်ဝင်း တယောက်သေဆုံးတယ်လို့ အစိုးရ ဘက်က မနေ့က ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၂၂ ရက်နေ့က စစ်ကိုင်းတိုင်း ဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ခြံစည်းရိုး တိုးချဲ့ကာရံရေးလုပ်ငန်းကို ဒေသခံရွာသားတွေက တားဆီးနှောင့်ယှက်ခဲ့ကြတယ်လို့ မြန်မာအစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီလုပ်ငန်းကို အဖွဲ့ ၃ ဖွဲ့ ခွဲဆောင်ရွက်ရာမှာ ရွာသားတွေက မြေထိုးယာဉ်ရှေ့မှာ ၀မ်းလျားမှောက်ခြင်း၊ လေးဂွဖြင့်ပစ်ခတ်ခြင်း၊ အချက်ပြအလံတိုင်များကို မီးရှို့ဖျက်ဆီးခြင်း၊ လုပ်သားတွေကို ပိတ်ဆို့ထိန်းသိမ်းခြင်းတွေလုပ်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်ကို တာဝန်ရှိသူတွေက ၁၂ ဗို့ပြောင်းချောသေနတ်နဲ့ စုစုပေါင်း ၁၅ ချက် ပစ်ခတ် ဖြေရှင်းခဲ့ကြောင်းနဲ့ ဖြစ်စဉ်အဆုံးသတ်မှာ ထိန်းသိမ်းခံထားရသူ လုပ်သား ၁၀ ဦးကို ပြန်ကယ်တင်နိုင်ပြီး ရဲတပ်ဖွဲ့ဝင် ၁၁ ဦးနဲ့ ရွာသား ၉ ဦးလည်း  ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဗိုလ်ကြီးဟောင်း နေမျိုးဇင်က သေဆုံးသူ ဒေါ်ခင်ဝင်းဟာ နဖူးနဲ့နောက်စေ့တပြင် ပွင့်ထွက်တဲ့ဓာတ်ပုံပါမြင်ကွင်းကို ထောက်ပြပြီး အဓိကရုဏ်းနှိမ်နင်းရေးလက်နက်မဟုတ်ဘဲ ခြေမှုန်းရေးသေနတ်ကို သုံးစွဲတာဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“ကျနော့်အမြင်တော့ စစ်သုံးကျည်ဆန်နဲ့ ပစ်တယ်လို့ပဲ မြင်တယ်ဗျ။ သူ ပွင့်ထွက်သွားတဲ့ အနေအထားရယ်၊ သွေးက ချက်ခြင်းအိုင်ပြီး ဦးနှောက်ထွက်ပြီး သေဆုံးကွယ်လွန် ကျဆုံးသွားတဲ့ပုံကို ကြည့်ရခြင်းအားဖြင့်ပေါ့။”

“အဓိကရုဏ်း နှိမ်နင်းရေးကျည်ဆိုတာကလည်း ကျနော်တို့သိရသလောက်တော့ ဒူးအောက်ပိုင်းကို တရားသူကြီးရဲ့ ညွှန်ကြားချက်နဲ့ ဘယ်လိုအချိန်မှာ ဘယ်လို အဆင့်အထိကို  သတိပေးကြေညာချက်ထုတ်ပြန်ပြီးတဲ့အချိန်မှာ နောက်ဆုံးအကြိမ် ခြေထောက်အောက်ပိုင်းကို ဘယ်လိုပဲပစ်ရမယ်ဆိုတဲ့ အဆင့်လိုက်သတ်မှတ်ချက် ရှိပါတယ်ဗျ။ အခုလိုမျိုး ပြောင်းချောသေနတ်နဲ့ပစ်လို့ ကွယ်လွန်သွားတယ်လို့ ဖြေရှင်းချက် ကိုတော့ လက်ရှိဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေကို စနစ်တကျ ပြုလုပ်နေတယ်လို့  ယူဆရတဲ့ အစိုးရရဲ့ တုံ့ပြန်ချက်အရ ကျနော်တို့က လက်မခံနိုင်ပါဘူးခင်ဗျ။ ဒီဖြစ်ရပ်ကို စနစ်တကျ စုံစမ်းစစ်ဆေးပြီးတော့ အမှန်တရားဖော်ထုတ်နိုင်မယ့် အစိုးရနဲ့ မပတ်သက်တဲ့ အဖွဲ့တွေနဲ့ ဖော်ထုတ်သင့်တယ်လို့ သူက ပြောပါတယ်။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်လို စစ်အသွင်ပြောင်းတွေနဲ့ ဖွဲ့စည်းထားသူတွေနဲ့ ဖော်ထုတ်မယ်ဆိုရင်တော့ အမှုမှန်ပေါ်ပေါက်မှာ မဟုတ်ဘူးလို့ ဆက်ပြောပါတယ်။

ရန်ကုန်မြို့ကနေ သွားရောက်တဲ့ ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းက ဒေါ်မီးမီးနဲ့ ဒေါ်နီလာသိန်းတို့ ပါဝင်တဲ့အဖွဲ့ဟာ ဒီကနေ့မနက်မှာ မုံရွာဆေးရုံကို ရောက်ရှိပြီး သေနတ်ထိ ဒဏ်ရာရသူတွေကို တွေ့ဆုံကူညီကြပါတယ်။ မြင်တွေ့ရမှုကို ဒေါ်မီးမီးက ခုလို ပြောပါတယ်။

“ဒီမှာကတော့ လက်ကို သေနတ်မှန်တယ်။ ထုတ်ချင်းပေါက်သွားတဲ့တယောက်ရယ်။ ပေါင်မှာ ထုတ်ချင်းပေါက်သွားတဲ့ တယောက်ရယ် ဆေးရုံမှာ တင်ကျန်ခဲ့တယ်။ လောလောဆယ် လူနာတွေရဲ့အခြေအနေကတော့ သူတို့ အသားစတွေ ပြန်ထည့်ပြီးတော့ ကျောက်ပတ်တီး ပြန်ကိုင်ပေးထားတယ်။ သူတို့ကို ဆေးရုံရောက်အောင် ဘယ်ဌာနဆိုင်ရာမှ ကူညီတာ မဟုတ်ဘူး။ သူတို့ရွာသားတွေကပဲ အသားစတွေကို ပုဝါနဲ့ ကောက်ထည့်စည်းပြီးတော့ ဆိုင်ကယ်နဲ့ တင်ပြီး ရွာကို သယ်တယ်။ ရွာကမှ အရေးပေါ် လူနာတင်ယာဉ်နဲ့ မုံရွာဆေးရုံကို ပို့ကြတာ” လို့ ပြောပါတယ်။

လူနာတွေရဲ့ဒဏ်ရာတွေကို ကြည့်ရခြင်းအားဖြင့် ရာဘာကျည်ဆန်နဲ့ ပစ်ခတ်မှု မဖြစ်နိုင်ဘူးလို့ သူက ပြောပြပါတယ်။

“ဘယ်လိုပြောရမလဲ မသိဘူး။ ရာဘာကျည်ဆန် မဟုတ်တာတော့ သေချာတယ်။ ဒီမနက် ဆည်တည်းမှာ ဖြစ်တယ်တဲ့ မေးစေ့ကိုမှန်တာ ဘာမှမဖြစ်ဘူးပေါ့နော်။ မနေ့က ဒေါ်ခင်ဝင်းက ကျတော့ နဖူးစပ်ကို မှန်ပြီးတော့ နောက်စေ့ ပွင့်ထွက်သွားတယ်ပေါ့။ ဒါကတော့ ဘာကျည်ဆံနဲ့ ပစ်တယ်ဆိုတာ မသိဘူးပေါ့လေ။ မမြင်ရတော့။ ရာဘာကျည်ဆန် မဟုတ်တာတော့ သေချာတယ်လေ။ လူသတ်လက်နက်တခုနဲ့ ပစ်လိုက်တာပဲလေ” လို့ ပြောပါတယ်။

မနေ့ညက မုံရွာဆေးရုံ (ပြင်ပလူနာဌာန) မှာ ပြတဲ့ မိုးကြိုးပြင်ကျေးရွာသား လူနာ ၅ ယောက်ရယ်၊ မျက်စိပြတဲ့လူနာ ၂ ယောက်ကို မုံရွာကနေ ကားကြုံနဲ့ ခေါ်သွားမယ်လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးက တရုတ်ဝမ်ပေါင်ကုမ္ပဏီက လုပ်ခွင့်ရထားတဲ့ လက်ပံတောင်း ကြေးနီစီမံကိန်းကို ရပ်ဆိုင်းဖို့ ၂၀၁၂ နှစ်ကုန်ပိုင်းက ဆန္ဒပြပွဲမှာ အစိုးရက ဖြိုခွင်းလို့ သံဃာအများအပြား မီးလောင်ဒဏ်ရာရခဲ့ကြသလို မနှစ်နှစ်ကုန်ပိုင်းကလည်း ဆန္ဒပြပွဲကို ပစ်ခတ်နှိမ်နင်းလို့ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

မနေ့က ဒေသခံတွေရဲ့ ပြောဆိုချက်မှာတော့ ၁ ဦးသေဆုံးပြီး အယောက် ၂၀ ခန့် ဒဏ်ရာရခဲ့သလို ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက် မနက်မှာ ဆည်တည်းရွာမှာလည်း ခြံစည်းရိုးခတ်တာကို တားမြစ်တာကြောင့် ပစ်ခတ်မှုမှာ ရွာသား ၂ ဦး ရော်ဘာကျည်ဆန် ထိမှန်ခဲ့ပြီး ဒဏ်ရာ စိုးရိမ်ဖွယ်မရှိဘူးလို့ ဆိုပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/74671


ယနေ့နံနက် လက်ပံတောင်းပစ်ခတ်မှု ၂ ဦး ထပ်မံဒဏ်ရာရ
23 December 2014

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း အနီး မြန်မာ ၀မ်ပေါင် ကုမ္ပဏီက ခြံစည်းရိုး ခတ်မှု အပေါ် တားမြစ်တဲ့ ဆည်တည်း ရွာသား တွေကို ဒီမနက် ရာဘာကျည်ဆန်နဲ့ ပစ်ခတ်တာကြောင့် ၂ ဦး ထပ်မံ ဒဏ်ရာရပါတယ်။

ဒီမနက် ခြံစည်းရိုးတွေ စိုက်ထူရာ ဆည်တည်းရွာ မြောက်ဘက် ကိုက် ၄၀၀ ခန့် အကွာနားထိ  ကပ်လာလို့  ရွာသားတွေက တားမြစ်တဲ့အခါ သေနတ်နဲ့ ပစ်ခတ်လို့ ရွာသားနှစ်ဦး သေနတ်ထိမှန်ဒဏ်ရာရတယ် ဆည်တည်းရွာသား ကိုအောင်ဌေးနိုင်က ပြောပါတယ်။

“ဒီနေ့လည်း ပစ်တယ်ဗျ။ မနက်စောစော ခုနှစ်နာရီခွဲလောက်ကို ရာဘာကျည်ဆံ ၂ ယောက်လောက် မှန်သွားတယ်ဗျ။ တယောက်က ကိုအောင်နိုင်၊ တယောက်က ကိုဌေးဝင်းဗျ။ တယောက်က ဘယ်ဘက် နှာခေါင်းဘေး မျက်စပ်အကြားမှာ၊ နောက်တယောက်ကလည်း ဘယ်ဘက် မေးရိုးမှာဗျ။”

မနေ့က ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်မှုကြောင့် မိုးကြိုးပြင်အလယ်ရွာက တောင်သူ ဒေါ်ခင်ဝင်း သေဆုံးခဲ့သလို ရွာသားအများအပြား ဒဏ်ရာရခဲ့ပါတယ်။ ဒီမနက်လည်း ထပ်ပစ်တာကြောင့်  ရွာသားတွေအနေနဲ့ ဆက်မတားတော့ဘဲ ရပ်ကြည့်တဲ့အနေအထားကို ရောက်ရှိသွားပြီဖြစ်ပါတယ်။

သူက “မနက်က မျက်နှာလေးမှ သစ်ကာပဲရှိသေးတယ် စက်သံတွေကြားတယ်ဆိုတော့ မနေ့ကအတိုင်းလုပ်တာပဲထင်နေတာ နောက်တော့ ရွာနား နီးလာတယ်ဆိုတော့ သူတို့က ပဲခင်းတွေ၊ ပြောင်းခင်းတွေထဲကနေ ရဲတွေ လုံထိန်းတွေက နေရာယူပြီးသား အဲဒီမှာ ကျနော်တို့က နောက်ဆုတ်မလားလို့ ပြောကြတာပေါ့ဗျာ။ ပြောတော့ သူတို့က ရာဘာကျည်ဆံတွေနဲ့ ပစ်တာဗျ။ ပစ်တော့ ကျနော်တို့လည်း နောက်ပြန်ဆုတ်ပြီး မရတော့ဘူးဆိုပြီး ကိုယ်ဖာသာကိုယ်ပဲ သူတို့ ခြံစည်းရိုးခတ်တဲ့ဘေးကနေပြီးတော့ ရပ်ပြီးတော့ ကြည့်တဲ့သူက ကြည့်၊ ထိုင်ပြီးတော့ ကြည့်တဲ့သူက ကြည့်ပေါ့ဗျာ။ ဒီတိုင်းပဲ လက်မှိုင်ချနေရတော့တာ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ လုံထိန်းတွေ (အနီရောင်လည်ပတ်။ ကျောပိုးအိတ် အစိမ်းရောင်) တွေက ကာကွယ်ပေးမှုအောက်မှာ တရုတ်လုပ်သားတွေဟာ ခြံစည်းရိုးခတ်တာဖြစ်ပါတယ်။ စက်ယန်းတရားတွေအသုံးပြုပြီး တကျပ်ခွဲလုံးပတ်ရှိတဲ့ သံတိုင်ချွန်ကို မြေမှာစိုက်ပြီး   လူတစ်ရပ်ခွဲစာသာသာ သံဇကာတွေကို တရုတ်လုပ်သားတွေက သွပ်နန်းကြိုးနဲ့ ချည်နှောင်ကြတာလို့ ဆိုပါတယ်။

မနေ့က အခင်းဖြစ်ပွားတဲ့ ခြံစည်းရိုးခတ်တဲ့ဖြစ်စဉ်ကို စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းရဲမှူး၊ မြို့နယ်ရဲမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ ရှိနေတယ်လို့ဆိုပါတယ်။

By အေးနိုင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/74630


လက်ပံတောင်းပဋိပက္ခတွင် ရဲပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး၊ လူ ၂၀ ခန့် ဒဏ်ရာရ

22 December 2014

လက်ပံတောင်းကြေးနီစီမံကိန်းဧရိယာမှာ ရဲနဲ့ ဒေသခံတွေအကြား  ပဋိပက္ခဖြစ်ရာမှာ ရဲက သေနတ်နဲ့ပစ်ခတ်လို့ အသက် ၅၀ အရွယ် ရွာသူတဦး သေဆုံးပြီး လူ ၂၀ ခန့် သေနတ်ဒဏ်ရာ ရသွားပါတယ်။

လျော်ကြေးမယူတဲ့ မြေယာတွေပေါ်မှာ ၀မ်ပေါင် ကုမ္ပဏီက ခြံစည်းရိုးခတ်တဲ့အတွက် ဒေသခံတွေနဲ့ ပဋိပက္ခဖြစ်ပွားပြီး ရဲက သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံ ၄ ဦးထက်မနည်း ဒဏ်ရာရရှိသွားတာဖြစ်တယ်လို့ ဆည်းတည်းရွာသားတဦးက ဒီဗွီဘီကို ပြောပါတယ်။

“နောက်ဆုံးအခြေအနေကတော့ ခုလောလောဆယ် မိုးကြိုးပြင်အလယ်ရွာက ဒေါ်ခင်ဝင်းဆိုတာ သေသွားပြီ။ အသက် ၅၀ ကျော်ဗျ။ အခုကို သူတို့(ရဲ)က ဒိုင်းကာတွေနဲ့ ထိုင်စောင့်နေတာ။ ဒေသခံတွေက ရှေ့တက်ရင် ပစ်မှာပဲ။  ဒီမှာ လျော်ကြေးယူတဲ့ အခင်းကော၊ မယူတဲ့အခင်းလည်း ရှိတာပေါ့ဗျာ။ ခု လျော်ကြေးမယူတဲ့ အခင်းတွေ အပေါ်လည်း မရှောင်ပဲနဲ့ နင်းလာတော့ ဒီက ဒေသခံတွေက တားတာဗျ။”

လျော်ကြေးမယူတဲ့အခင်းတွေဘက်ကို ခြံစည်းရိုးခတ်ရာမှာ မတိုးဖို့ တားရင်းနဲ့ ပစ်ခတ်မှုဖြစ်တာလို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုကြောင့် သေဆုံးမှုနဲ့ပတ်သက်လို့ ပုလဲမြို့နယ်အမတ် ဒေါ်ခင်စန်းလှိုင်က မနက်ပိုင်းကတည်းက အခြေအတင်ဖြစ်နေကြရာက ရဲက ပစ်ခတ်မှုကြောင့် မိုးကြိုးပြင်အလယ်ရွာသူ ဒေါ်ခင်ဝင်း  ဦးခေါင်းသေနတ်ထိမှန် သေဆုံးခဲ့ကြောင်း အတည်ပြုပါတယ်။

“ရဲတွေပစ်လိုက်တဲ့ ဒဏ်ရာက မိုးကြိုးပြင်ရွာက ဒေါ်ခင်ဝင်းရဲ့ခေါင်းကို မှန်သွားတယ်။ ကျမတို့ဆီကို ပို့လိုက်တဲ့ဓာတ်ပုံတွေမှာတော့ နဖူးကနေ ၀င်သွားတယ်။ ကျည်ဆံက နောက်ကနေထွက်သွားပြီ ဦးနှောက်တွေ ထွက်နေတယ်။ နှမ်းရိုးခင်းထဲမှာ အဲဒီအမျိုးသမီးက ခုချိန်ထိ လဲနေတုန်းပဲ။ အလောင်းကို ဘယ်သူမှ လာမကောက်ရဲသေးဘူးဖြစ်နေတယ်။ နောက်တယောက်ကတော့ ပေါင်ကိုမှန်သွားပြီး သွေးထွက်လွန်နေတယ်လို့ ပြောတယ်။ မိုးကြိုးပြင်တောင်ရွာက ဦးမှိုင်းလို့ ပြောပါတယ်။ ဒီလူနာလည်း ခုထိ ဆေးရုံ မရောက်သေးဘူး။”

သူ့ဟာ မနက်ကတည်းက လွှတ်တော်ကိုယ်စားလှယ်တဦးအနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့တာဝန်ရှိသူတွေကို ဖုန်းဆက်ပေမယ့် မရဘူးလို့ ပြောပါတယ်။

“အဓိက ကျတာကတော့ ကျမက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်တွေကို ဖုန်းဆက်တယ်။ ကျမရဲ့ဖုန်းကို ဘယ်သူမှလည်း မကိုင်ဘူး တာဝန်ယူပြီး ဖြေပေးမယ့် သူလည်း မရှိဘူး။ ကျမ နေပြည်တော်ကတဆင့် သတ္တုတွင်းဝန်ကြီးကို အကြောင်းကြားထား ပြီးပါပြီ။”

မကျူဆိုတဲ့ရွာသူကလည်း မျက်စိမှာ ဒဏ်ရာရတယ်လို့ ရွာသားတွေက ပြောပါတယ်။



ဒီဗွီဘီက မေးမြန်းချက်တွေအရ ဒေါ်ခင်ဝင်းသေဆုံးသွားခဲ့တဲ့အပြင် လူအယောက် ၂၀ လောက်လည်း သေနတ်ဒဏ်ရာ အနည်းနဲ့အများ ထိမှန်ခဲ့တယ်လို့ မိုးကြိုးပြင်အလယ်ရွာက ကိုဖိုးလပြည့်က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရဘက်က တစုံတရာ သတင်းထုတ်ပြန်ခြင်းမရှိသေးသလို ဒီဗွီဘီက ယင်းမပင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့်ကို ပစ်ခတ်မှုဖြစ်ပြီး ၁ နာရီကျော်ခန့် အကြာမှာ မေးမြန်းတဲ့အခါ   သေဆုံးမှုရှိကြောင်း မသိရသေးဘူးလို့   ပြောပါတယ်။

“အော် ကျနော် မသိသေးဘူးခင်ဗျား။ ရွာက သတင်းမပို့သေးဘူး။ ပြန်မေးလိုက်ဦးမယ် သေချာလား မသေချာလား။”

လက်ရှိမှာတော့ ဒေသခံတွေကို  ရဲတပ်ဖွဲ့အင်အား ရာချီဝိုင်းထားပြီး ဒေသခံတွေရှေ့တိုးရင်လည်း သေနတ်နဲ့ ဆက်ပစ်မယ့်အနေအထားရှိနေတယ်လို့လည်း မိုးကြိုးပြင်ရွာခံက ပြောပါတယ်။

ဒီတားဆီးမှုမှာ  မိုးကြိုးပြင်၊ ဆည်တည်း၊ တုံရွာ အစရှိတဲ့ ရွာတွေက ဒေသခံတွေ ၂၀၀ လောက်လာရောက်ပြီး တားဆီးမှုတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့ မိုးကြိုးပြင် အလယ်ရွာက ဦးဖိုးလပြည့်က ပြောပါတယ်။

ဆည်တည်းရွာမြောက်ဖက် လိပ်ခွံတောင်ခြေဒေသတ၀ိုက်က လယ်ကွင်းတွေကို ၀မ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်ဖို့ ကြိုးစားရာကနေ ဒီမနက် ၈ နာရီလောက်ကတည်းက ပဋိပက္ခဖြစ်တာလို့  ဆည်တည်းရွာခံ ကိုအောင်ဌေးနိုင်က ဒီဗွီဘီကို ပြောပါတယ်။

“သူတို့က ကျနော်တို့ ရွာအနီးကို ခြံစည်းရိုးခတ်ဖို့ရာဆိုပြီးတော့ လာတာကို သူတို့ ၃ ဖွဲ့ခွဲပြီး လာတယ်။ မိုးကြိုးပြင်ဖက်မှာတဖွဲ့၊ ဆည်တည်းရဲ့ အနောက်မြောက်ဖက်မှာတဖွဲ့နဲ့ အရှေ့မြောက်ဖက်မှာတဖွဲ့ ၃ ဖွဲ့ခွဲလာတယ်။ ဒေသခံတွေကလည်း ၃ ဖွဲ့ခွဲပြီးတားတောပေါ့။ တားတဲ့အခါကျတော့ ဆည်တည်းရဲ့အနောက်မြောက်ဖက်က အဖွဲ့က သေနတ်ဖောက်ပြီး လူတွေကို လူစုခွဲတာဗျာ။ အခုလည်း ခွဲနေတယ်။ အဲတော့ သေနတ်မှန်တာက ၁ ယောက် အကန်ခံရတာ ၃ ယောက်နဲ့ လေးခွပစ် ခံရတာက ၃ ယောက်လောက်ရှိတယ်။”

အဲဒီခင်းဖြစ်ရာဒေသမှာ စီမံကိန်းနေရာအတွက် လယ်မြေသိမ်းယူထားပြီး တချို့ ဒေသခံတွေကတော့ လျော်ကြေးမယူဘဲ အဲဒီလယ်မြေမှာ စိုက်ပျိုးလုပ်ကိုင်ကြတာပါ။

လက်ရှိမှာတော့ ၀မ်ပေါင်ကုမ္ပဏီကနေပြီး အဲဒီလျော်ကြေးမယူတဲ့ဒေသခံရဲ့ လယ်မြေ ၁၀၀၀ ကျော်ကို ခြံစည်းရိုးဆက်လက်ခတ်နေကြပြီး ညနေ ၄ နာရီလောက်မှာတော့ ရွာသားတွေ ပြန်ကုန်ပြီးလို့ အဲဒီကိုရောက်ရှိခဲ့တဲ့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်လို့ လွန်ခဲ့တဲ့နှစ်ပိုင်းက ကန့်ကွက်ဆန္ဒပြကြရာမှာ ရဲတပ်ဖွဲ့က မီးခိုးဗုံးနဲ့ပစ်ခတ်လို့ သံဃာအများအပြား မီးလောင်ဒဏ်ရာရခဲ့ဖူးပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/74567

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video