အစိုးရ၏ သရုပ်မှန်ကို ဖော်ပြလိုက်သည့် လက်ပံတောင်း ပဋိပက္ခ
ဒီဇင်ဘာ ၂၆
““ကျွန်မလုံးဝ မကျေနပ်ဘူး၊ ကျေလည်း မကျေနပ်ဘူး””ဟု ငိုသံများကြားမှ အားတင်းရင်း ပြောနေသူမှာ လက်ပံတောင်းတောင် ပဋိပက္ခတွင် သေနတ် ကျည်ဆန် ဦးခေါင်းကို မှန်၍ သေဆုံးခဲ့ရသူ ဒေါ်ခင်ဝင်း၏ သမီး မ၀င်းခိုင်ဖြစ်သည်။
ပြောရင်း၊ ပြောရင်း တိမ်ဝင်သွားသော အသံများတွင် ရှိုက်ရှိုက် ငိုသံကသာ ဦးဆောင်နေသည်။
အားတင်း စကားပြောလိုက်တိုင်း ထွက်ပေါ်လာသည်က ရင်ထဲ အသည်းထဲက မကျေနပ်သည့် အသံများသာ ဖြစ်သည်။
““ကျွန်မရင်ထဲက ကျေကို မကျေဘူး။ ကျွန်မအမေကို ရက်ရက်စက်စက် သတ်တာ မကျေနပ်နိုင်ဘူး၊ နွားလို ကျွဲလို သတ်တာကို မကျေနပ်နိုင်ဘူး”” ဟုသာ ထပ်ခါထပ်ခါ ပြောနေခဲ့သည်။
လက်ပံတောင်းတောင် ဒေသတွင် ၀မ်ပေါင်နှင့် ဦးပိုင် ကုမ္ပဏီတို့ ထံမှ လျော်ကြေး ယူမထားသည့် မြေများတွင် ဒီဇင်ဘာ ၂၂ ရက်နေ့က စတင်ပြီး ကုမ္ပဏီနှင့် အာဏာပိုင်များက အတင်းအကျပ် ခြံစည်းရိုး ခတ်ခဲ့ရာ လျော်ကြေး လက်မခံသည့် တောင်သူများနှင့် တင်းမာမှု ဖြစ်ခဲ့ကြောင်း မျက်မြင် သက်သေ ဖြစ်သည့် မိုးကြိုးပြင် ရွာသား တစ်ဦးဖြစ်သူ ဦးဝင်းကျော် က မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။
ဝမ်ပေါင်ကုမ္ပဏီ ၀န်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့များသည် လျော်ကြေး ယူမထားသည့် ဒေသခံများ၏ လယ်ယာမြေများတွင် စိုက်ပျိုးထားသည့် ပဲပင်၊ နှမ်းပင်များကို ဘူဒိုဇာနှင့် ထိုးကော် မြေညှိပြီး ခြံစည်းရိုးခတ်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ များထံမှ စုံစမ်းသိရှိရသည်။
ရဲများဘက်မှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ခေါင်းတွင် ကျည်ဆန် ထိမှန်ခဲ့သည့် တောင်သူဒေါ်ခင်ဝင်း သေဆုံးခဲ့ပြီး လူ ၄၀ ကျော် အပြင်းအထန် ဒဏ်ရာရခဲ့ကြောင်း ၎င်းက ဆိုသည်။
မိုးကြိုးပြင် ရွာသားတွေက သူတို့ လျော်ကြေးမယူထားတဲ့ အခင်းတွေကို မြေတူးစက်နဲ့ ထိုးပြီးတော့ ခြံစည်းရိုး ခတ်တော့ သွားတားကြတာပေါ့။ ဆည်တည်းကလည်းတား၊ သထုံဘက်လည်းတား၊ ကိုယ့်နေရာနဲ့ ကိုယ်ထွက် တားကြတာ””ဟု လက်ပံတောင်းအရေး တက်ကြွလှုပ်ရှားသူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂမှ မဖြူနှင်းထွေးက မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။
ရာချီနေသော ရဲတပ်ဖွဲ့ဝင်များနှင့် အင်အား ၂၀၀ ပတ်ဝန်းကျင်ခန့်ရှိသော နံပါတ်တုတ်များ၊ ဓားများ၊ သေနတ်များ ကိုင်ဆောင်ထားသည့် တရုတ်ဝန်ထမ်းများနှင့် ဒေသခံများ ထိပ်တိုက် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ဖြစ် ပွားပုံ အသေးစိတ်ကို ရှင်းပြသည်။
ရဲတပ်ဖွဲ့ဝင်များသာမက ၀မ်ပေါင် ကုမ္ပဏီဝန်ထမ်းများဖြစ်သည့် တရုတ်များကပါ ကိုယ်ထိလက်ရောက် ၀င်ရောက် ရိုက်နှက်ခြင်းများ ရှိခဲ့ကြောင်းကို မဖြူနှင်းထွေးက ““တရုတ်တွေက ခဲတွေနဲ့လိုက်ထု၊ တုတ်တွေနဲ့ ၀ိုင်းရိုက်တယ်။ အဲဒီလိုမျိုး တရုတ်တွေက ကိုယ်တိုင်က ဆော်တာ””ဟုပြောသည်။
ဝမ်ပေါင်ကုမ္ပဏီက ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင်မူ ဒေသခံတစ်ဦး သေဆုံး ရသည့်အတွက် မိသားစုနှင့် ထပ်တူ ၀မ်းနည်း ကြေကွဲရပါကြောင်း ဖော်ပြ ထားပြီး အဆိုပါ အမျိုးသမီး သေဆုံး သွားရသည် အထိ ဖြစ်ပွား ခဲ့သော ဖြစ် စဉ်နှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း မကွဲပြားသေးကြောင်း ဖော်ပြ ထားသည်။
အဆိုပါ ပဋိပက္ခတွင် မိုးကြိုးပြင်ရွာသူ ဒေါ်ခင်ဝင်းမှာ နောက်စေ့ပွင့်ထွက် ခဲ့သည့် သေနတ်မှန် ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။
ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးခဲ့ရပုံကို မျက်မြင်သက်သေ တစ်ဦးဖြစ်သည့် ဦးဝင်းကျော်က
““ကျွန်တော့် မျက်စိရှေ့မှာပဲ လဲကျသေဆုံးသွားတာ၊ သေနတ်ကျည်ဆန် ထိထိချင်းမှာပဲ ဦးနှောက်တွေ၊ ဘာတွေ ပွင့်ထွက်ပြီး သူလဲကျသွားတာပါ။ အမေကြီး ဒေါ်ခင်ဝင်းကို ကျွန်တော်တို့ မျက်စိရှေ့မှာတင် ပစ်သတ် လိုက်တဲ့ဟာကို ကျွန်တော်တို့ ရင်ထဲမှာ ပြောမပြတတ်အောင် အရမ်းခံစားရပါတယ်””ဟု ပြောပြသည်။
လျော်ကြေး ယူမထားသည့် လယ်ယာမြေများကို မတရားကျူးကျော် ခြံစည်းရိုးခတ် သိမ်းဆည်းမှုကို ယခုကဲ့သို့ တုံ့ပြန်ခြင်းသည် ဆိုးရွားသော ရာဇ၀တ်မှု တစ်ခုဖြစ်ကြောင်း ““လက်ရှိအချိန်မှာ သူတို့လုပ်လိုက်တဲ့ဟာက ဓားပြတိုက်တာနဲ့ အတူတူပဲ””ဟု ဦးဝင်းကျော်က ပြောကြားသည်။
လက်ပံတောင်းအရေး ဆန္ဒပြ လှုပ်ရှားသည့် ဒေသခံများကို အကြမ်းဖက် ဖြိုခွင်းသည့် ပစ်ခတ်မှုကြောင့် ဒေသခံ အများအပြား ဒဏ်ရာရရှိပြီး တစ်ဦးသေဆုံးခဲ့ရမှုအပေါ် အမေရိကန်အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် ပြည်တွင်း လူမှုအဖွဲ့အစည်းများက ဝေဖန်လျက်ရှိသည်။
““လက်နက်မဲ့ ပြည်သူကို အသက်သေဆုံးသည်အထိ ရက်ရက်စက်စက် ပစ်ခတ် တိုက်ခိုက်ခဲ့သော လုပ်ရပ်ကို ကျူးလွန်ခဲ့သည့် စစ်အုပ်စု နောက်မြီးဆွဲ ရဲတပ်ဖွဲ့ကို ပြင်းထန်စွာ ရှုတ်ချကြောင်း”” ကြေညာချက်ကို လက်ပံတောင်းအရေး ကိစ္စတိုင်းတွင် တက်တက်ကြွကြွ ပါဝင်လှုပ်ရှားလေ့ရှိသည့် ဗကသများ အဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သည်။
““အပြစ်မဲ့ ပြည်သူကို ယခုကဲ့သို့ ရက်စက်ကြမ်းကြုတ်စွာ ပစ်ခတ် တိုက်ခိုက်ခဲ့သည့်အတွက် လက်ရှိ စစ်တစ်ပိုင်း အစိုးရ အသံကောင်း ဟစ်နေသော ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးနှင့် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များမှာ တကယ့် အစစ်အမှန် မဟုတ်ကြောင်း အထင်အရှား ပြသလိုက်ခြင်း ဖြစ်သည်ဟု လက်ခံ ယုံကြည်ကြောင်း””လည်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။
သို့သော် ၂၃ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင်မူ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ခြံစည်းရိုး တိုးချဲ့ ကာရံရေး ဆောင်ရွက်မှု တားဆီး နှောင့်ယှက်ခံရသဖြင့် အဓိကရုဏ်း နှိမ်နှင်းရေးသုံး ၁၂ ဗို့ ပြောင်းချော သေနတ်ဖြင့် ပစ်ခတ် လူစုခွဲခဲ့ရကြောင်း တစ်ဖက်သတ် ဖော်ပြချက် ပါရှိလာခဲ့သည်။
““လျော်ကြေး လုံးဝမယူတဲ့အတွက် သူတို့မြေကို ခြံစည်းရိုး မခတ်ဖို့တားတာ။ အဲဒါ တရားမျှတမှု ရှိရှိ တားတာပဲလေ။ ဒါကို သေနတ်တွေနဲ့ ပစ်ပြီး၊ တုတ်တွေနဲ့ ရိုက်ပြီးတော့ ရဲတွေ၊ တရုတ်တွေက အင်အားသုံးပြီး တားတယ်။ လူတစ်ယောက်သေတဲ့ အဆင့်အထိ ရောက်တယ်ဆိုတာ ဥပဒေက သူတို့လက်ထဲမှာ ရှိတဲ့ အတိုင်းပဲလို့ ခံစားရတယ်””ဟု မဖြူနှင်းထွေးက မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။
လက်ပံတောင်းတောင် ပဋိပက္ခ ပစ်ခတ်မှုတွင် မြန်မာရဲတပ်ဖွဲ့၏ နှိမ်နင်းပုံသည် ဥပဒေနှင့် မညီသည့်အပြင် ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ခြင်းကြောင့် စိုးရိမ်မိကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန၏ ဝေဖန် ပြောကြားချက်ကို အမေရိကန်နိုင်ငံ အခြေစိုက် ဗွီအိုအေ သတင်းဌာနတွင် ဖော်ပြခဲ့သည်။
အလားတူ ဟောင်ကောင် အခြေစိုက်(AHRC) အာရှ လူ့အခွင့် အရေး ကော်မရှင်၏ ဝေဖန် ပြောကြားချက် များလည်း ပေါ်ထွက်လာခဲ့သည်။
လက်ပံတောင်းတောင် ဖြစ်စဉ်ကို သွားရောက် စုံစမ်းလျက်ရှိသည့် ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းမှ လူထုဆက်ဆံရေး ဒုတိယ တာဝန်ခံ ဦးဉာဏ်လင်း ကလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် ပြည်သူလူထုကို ကာကွယ်ရန် ပျက်ကွက်နေကြောင်း မြန်မာသံတော်ဆင့်ကို ပြောကြားသည်။
““ရဲတပ်ဖွဲ့ဆိုတာ ပြည်သူကို ကူညီစောင့်ရှောက်ဖို့ တာဝန်ပဲရှိတယ်။ ပြည်သူကို နှိပ်ကွပ်ရမယ့် တာဝန်မရှိဘူး။ ဒါဥပဒေ ချိုးဖောက်တဲ့ ပြည်သူမဟုတ်ဘူး””ဟု ၎င်းက ဝေဖန်ပြောကြားသည်။
ရဲတပ်ဖွဲ့ကို ဥရောပသမဂ္ဂမှ အဓိကရုဏ်း ဖြေရှင်းနည်း သင်တန်းပေးထားသော်လည်း ရဲတပ်ဖွဲ့သည် စစ်တပ် အုပ်ချုပ်မှုအောက်တွင်သာ ရှိနေသေးသဖြင့် ထိရောက်မှု လုံးဝမရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးအတွက် ဥရောပသမဂ္ဂက ယူရိုငွေသန်းချီ အသုံးပြုပြီး ရဲတပ်ဖွဲ့ဝင် အင်အား ၄၀၀၀ ကျော်ကို အဓိကရုဏ်း နှိမ်နင်းနည်း သင်တန်းများအား ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် အတွင်းပိုင်းက ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လုပ်ငန်း ဆောင်ရွက်ပုံများသည် ပြောင်းလဲရန် လိုအပ်နေသည်ကို ဖြစ်ပွားခဲ့ပြီးသော လက်ပံတောင်းတောင်၊ မိတ္ထီလာနှင့် အခြားဒေသများရှိ ဖြစ်ရပ်များက ညွှန်ပြနေကြောင်း၊ ဥရောပသမဂ္ဂက ရဲတပ်ဖွဲ့ဝင်များအတွက် ပို့ချပေးနေသော သင်တန်းများသည် အောင်မြင်မှုရသည့် အနေအထားတွင် ရှိသည်ဟု သံအမတ်ကြီး ရိုလန်ကိုဘီယာက ၂၀၁၃ ခုနှစ်အတွင်း မင်္ဂလာဒုံမြို့နယ် ရဲတပ်ရင်း ၈ တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သေးသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်ပြီး ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက် ကလည်း သံဃာတော်များ ပါဝင်သည့် သပိတ်စခန်းများကို ဖော့စဖရပ်ပါသည့် မီးလောင်ဗုံးများဖြင့် ညအချိန် ဖြိုခွင်းခဲ့မှုကြောင့် ဝေဖန်မှုများစွာ ခံခဲ့ရသည်။
ထို့နောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းပြီး ကြေးနီတောင် စီမံကိန်း ဆက်လက် လုပ်ကိုင်ရန်နှင့် ဒေသခံများ၏ လူမှုဖူလုံရေး၊ သဘာဝပတ်ဝန်းကျင် မထိခိုက်ရေး တို့ကို ညှိနှိုင်းဆောင်ရွက်ရန်တို့ ပါဝင်သည့် အစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ဒီဇင်ဘာ ၂၂ ရက် ပဋိပက္ခ မဖြစ်ပွားခင် အချိန်ကလေးကပင် ထုတ်ပြန်ခဲ့သည့် မြန်မာဝမ်ပေါင် ကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်အရ ရွာ ၃၅ ရွာ၏ ၇၁ ရာခိုင်နှုန်းသာ ညှိနှိုင်းပြီးစီးသေးကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် ရဲတပ်ဖွဲ့ဝင် တစ်ဦးလျှင် လူ ၈၀၀ ဦးနှုန်းဖြင့် မနိုင်ဝန် ထမ်းဆောင်နေရကြောင်း ၂၀၁၄ ခုနှစ် မေလက ရဲတပ်ဖွဲ့ အရာရှိကြီးတစ်ဦးက ထုတ်ဖော် ပြောကြားခဲ့သော်လည်း လက်ပံတောင်း တောင် စီမံကိန်းတွင် ရဲတပ်ဖွဲ့ဝင် အင်အားရာချီ အသုံးပြုခဲ့သည်ကို တွေ့ရှိရသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို နိုင်ငံတကာက အဓိကရုဏ်း နှိမ်နင်းရန် နည်းလမ်းများ ပေးခဲ့ပြီး ဖြစ်သော်လည်း အဓိကရုဏ်း နှိမ်နင်းသည့် အခါတိုင်းတွင် ပြည်သူလူထုနှင့် ရဲတပ်ဖွဲ့ မျက်နှာချင်းဆိုင် ထိပ်တိုက်တွေ့သည့် အခါတိုင်း တရားနည်းလမ်းနှင့်အညီ ကျင့်သုံးမှုမရှိကြောင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်း စစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် ဒေါ်ခင်စန်းလှိုင်က မြန်မာသံတော်ဆင့် သို့ ပြောကြားသည်။
ယခုလုပ်ရပ်သည် နိုင်ငံတကာ နည်းလမ်းအတိုင်း လုပ်ခြင်းမဟုတ်ဘဲ ဥပဒေမဲ့ လုပ်ရပ်ဖြစ်ကြောင်းကို ““ဒါ နိုင်ငံတကာ နည်းလမ်းကို ကျင့်သုံးတာ မဟုတ်ဘဲနဲ့ လူသေလောက်အောင် ထိကို ပစ်ခတ်ပြီး ဖြိုခွင်းတာ။ အပြည်ပြည်ဆိုင်ရာ နည်းနဲ့လည်း မညီဘူး။ ဒီအတိုင်း ဆက်သွားမယ် ဆိုရင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဟာလည်း လူထုကို ကာကွယ်ပေးဖို့ မဟုတ်ဘူး။ ပြည်သူလူထုကို အကြမ်းဖက်နေတာ။ ဒီလုပ်ရပ်ကို ရပ်တန်းက ရပ်ဖို့ လိုပါပြီ”” ဟု ဒေါ်ခင်စန်းလှိုင်က ဝေဖန်ပြောကြားသည်။
မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ ဦးစစ်မြိုင်ကမူ ဆန္ဒပြသူများရော ဆန္ဒပြသူများကို တားဆီး နှိမ်နင်းသူများ ဘက်ကပါ ဥပဒေနှင့်အညီ ဖြစ်ရန်လိုသည်ဟု မြန်မာသံတော်ဆင့်ကို ပြောကြားခဲ့သည်။
လက်ရှိဖြစ်ရပ်တွင် မည်သူက ဥပဒေမဲ့ ကျူးလွန်သည်ကို လေ့လာ စစ်ဆေးပြီးမှ ထုတ်ပြန်နိုင်မည်ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လုပ်ရပ်သည် ဒီမိုကရေစီရေး ဖော်ဆောင်နေသည်ဟု ဆိုသည့် အစိုးရအပေါ် သံသယ များ ပိုမိုကြီးထွားစေသည့် လုပ်ရပ်ဖြစ်ကြောင်းကို ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးဉာဏ်လင်းက ““ဒီမိုကရေစီ အသွင်ကူးပြောင်းရေး သွားနေပါတယ်ဆိုတဲ့ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ပြည်သူတွေက သံသယပိုခိုင်မာ လာစေတယ်””ဟု ဝေဖန်ပြောကြားသည်။
လက်ရှိအချိန်တွင် တစ်ရွာနှင့် တစ်ရွာကြား ဆက်သွယ်ရန် လမ်းများတွင် သံဆူးကြိုးကြီးများဖြင့် ခြံစည်းရိုးများ ခတ်ထားသဖြင့် တစ်ရွာနှင့်တစ်ရွာ ကူးသန်းရန်ပင် မလွယ်ကူကြောင်း ဆည်တည်းရွာသို့ ရောက်ရှိနေသူ မဖြူနှင်းထွေးက ပြောကြားသည်။
သေဆုံးသူ ဒေါ်ခင်ဝင်း၏ သမီးဖြစ်သူ မ၀င်းခိုင်ကမူ ရှိုက်ကြီးတငင် ငိုကြွေးနေသည့်ကြားက မကျေနပ် နိုင်ကြောင်းကိုသာ တတွင်တွင် ပြောကြားနေသည်။
ကျော်ကျော်မင်း၊ ချမ်းမြေ့ခိုင်
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
Comments
Post a Comment