နိုဝင်ဘာ ၂၄
ရှမ်းနှစ်သစ်ကူး (ရှမ်း သက္ကရာဇ် ၂၁၀၉)
အတွက် သဝဏ်လွှာ ဆုတောင်းတွေ ပို့ကြတယ်။ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်
သမ္မတ၊ လွှတ်တော် နယက အစရှိသဖြင့် ပေါ့။ ဒါပေမဲ့ ရှမ်းပြည်နယ်သားတွေ အတွက်
ဆုမွန်ကောင်း က စာရွက် တွေပေါ် က စကား အလှတွေ ပေါ်မှာ မရှိဘူး။ အစိမ်းရောင်
အဖုံးနဲ့ စာအုပ် တအုပ် မှာ တည်ရှိတယ်။
၂၀၀၈ နာဂစ် စစ်ဖွဲ့စည်းပုံ စာအုပ် မှာ
ရှမ်း တွေ အပါအဝင် အခြား လူမျိုးစု တိုင်းရင်းသားတွေနဲ့ မြန်မာ လူမျိုး
အများရဲ့ အနာဂတ် ဟာ အကျဉ်းချ ချုပ်နှောင်ခံနေရတယ်။ ဒါကို ပြင်
မပေးနိုင်ဘဲနဲ့ နှစ်ကူး ဆုမွန်ကောင်း ဘယ်လောက် တောင်း ပေးပေး ဘာ မှ အရာ
မထင်နိုင်ဘူး။
တိုင်းပြည် မှာ မှီတင်းနေထိုင်နေတဲ့
မြန်မာ အပါအဝင် တိုင်းရင်းသားများ အားလုံး၊ လူမျိုး စု အားလုံး
စည်းလုံးညီညွတ်ရေး ဆိုတာ ရုပ်သံမှာ ရော့ခ်ကာကြီး ခေါ်
“သွေးချင်းညီအစ်ကိုများ” အော်ခိုင်းရုံနဲ့ မရဘူး။ လူထူထူ ရှိရင်
အမျိုးသမီးငယ်လေးတွေ လည်ပင်း ကြေးကွင်းစွပ် ကယန်း လုပ်ခိုင်း၊
ပဒေါင်လုပ်ခိုင်း မျောက်ပြ ဆန်တောင်း အောက်တန်းကျ တဲ့
စိတ်ဓာတ်မျိုးတွေနဲ့လည်း မဖြစ်ဘူး။
ပြီးခဲ့တဲ့ အာဆီယံ ထိပ်သီး
အစည်းအဝေးပွဲ လူနည်းစု လူမျိုးစု တိုင်းရင်းသူလေးတွေ ဆိုပြီ သက်ဆိုင်ရာ
တိုင်းရင်းသား အဝတ် ဝတ်ခိုင်း၊ လာတဲ့ နိုင်ငံတကာ ခေါင်းဆောင် ဧည့်သည်တွေ
ကို ကြို ခိုင်းခဲ့တယ်။ ဒါပေမဲ့ တယောက်မှ လူနည်းစုဝင် လူမျိုး အစစ်
မပါဘူး၊ အားလုံး မြန်မာ ချည်းပဲ။ နိုင်ငံခြား သတင်းထောက်တွေက
အမျိုးသမီးလေးတွေကို မေးတော့ ကျွန်မတို့ မြန်မာတွေပါ၊ ဒီဝတ်စုံတွေ
ဝတ်ခိုင်းလို့ ဝတ်ကြိုဆိုရတာပါ ဖြေသတဲ့။
ကလိမ်စေ့ ငြမ်းဆင် ငြိမ်ပိ လမ်းစဉ်
နဝတ၊ နအဖ ခေတ် အဆက်ဆက် လိမ်ခဲ့တဲ့ အကျင့် က အခု ထိ မဖျောက်ချင်ဘူး။
ဒီလူနည်းစု ဝတ်စုံဝတ်တွေကို ပွဲလမ်းသဘင် မှာ ပွဲထိုင် အရုပ်လို ဟန်ပြ
ထုတ်ပြတတ်တဲ့ အကျင့်က စစ်ဗိုလ်ကြီးများနဲ့ သွေးတူမွေးတူ
ဆွေမျိုးပေါက်ဖော်ကြီး တိုင်းပြည်မှာလည်း ရှိတယ်။ ဘေဂျင်း အိုလံပစ်
ဖွင့်ပွဲ၊ ပိတ်ပွဲ လူနည်းစု ဝင်တွေ ခွင့်တူ ညီမျှ ပါဝင်ခွင့်ရပါတယ် ဆိုပြီး
ဝတ်စုံတွေ ဝတ် ခေါ် ကခိုင်း၊ ခုန် ခိုင်းတယ်၊ တယောက်မှ လူမျိုးအစစ်
မပါဘူး။ ဘယ်သူက ဘယ်သူ့ သင်သလဲ တော့မသိ၊ လိမ်နည်းတွေမှာတာ့ အကုန်တူတယ်။
ငြိမ်းချမ်းရေး၊ စည်းလုံးရေး၊
ခွင့်တူညီမျှရေး ဆိုတာ အပေါ်ယံ အဝတ်ခြုံခိုင်းရုံနဲ့ မရဘူး။ ပြည်ထောင်စုနေ့
တခါ၊ နှစ်သစ်ကူး တခါ အလုပ်မပါတဲ့ မှာတမ်း ပို့ ရုံနဲ့ မပြီးဘူး။
ခွင့်တူညီမျှ ဝါဒဖြူစင် အောင် က လက်တွေ့ အလုပ် လက်ပါ ရတယ်။
အဲ့ဒီလို လက်ပါနိုင်ဖို့က တိုင်းပြည်
ရဲ့ အုတ်မြစ် အခြေခံ ဥပဒေ ဖွဲ့စည်းပုံ မှာ ထည့်သွင်းထားရတယ်။ အခု
စစ်ဖွဲ့စည်းပုံ က ရှမ်း ခေါင်းဆောင် ခွန်ထွန်းဦး စကား အတိုင်း ဆိုရရင်
အဖုံး က အစ ပြင်ရမယ့် ဖွဲ့စည်းပုံ။ ဒါကို အခြေခံ ပြီး တိုင်းရင်းသား အရေး
ဖြေရှင်းဖို့ မပြောနဲ့ ဆွေးနွေးပွဲ အဆင့် တောင် အဆုံးတိုင် ပြီးမြောက်
မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ကြောင်းလည်း ငြိမ်းချမ်းရေး ပွဲစားများ ရဲ့
အကြိမ်ကြိမ် မအောင်မြင်ခဲ့တဲ့ ဆွေးနွေးပွဲတွေက သက်သေပြုပြီး ဖြစ်တယ်။
ဖွဲ့စည်းပုံ မှာကတည်းက လူမျိုးစု
အားလုံး အတွက် မျှတတဲ့ အာဏာ ခွဲဝေမှု၊ တိုင်းပြည် ရဲ့ အရင်းအမြစ် ခွဲဝေမှု
တွေ ပြဋ္ဌာန်း နိုင်ရမယ်။ ပင်လုံ စိတ်ဓာတ် ပင်လုံ သဘောထား ကို
အရင်းတည်ရမယ်။ ကိုယ့် ပိုင် ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊
ကိုယ့် ကြမ္မာ ကိုယ် ဖန်တီးခွင့် တွေကို လူမျိုးစု အားလုံး လွတ်လွတ်လပ်လပ်
ပေးရမယ်။ ကိုယ့် ကြမ္မာ ကိုယ် ဖန်တီးခွင့် ဆိုတာ လူသား ဖြစ်တည်မှု ရဲ့
အရေးကြီးဆုံး အဓိပ္ပာယ် ပါ။ လူမျိုးတွေ အတွက်လည်း အလားတူပါပဲ။ သူများ
လက်ဝေခံ မဟုတ်ကြောင်း ဟာ ကိုယ့် ကံ ကြမ္မာ အနာဂတ် ခရီးလမ်း ကိုယ် အပြည့်အဝ
ဖန်တီးနိုင်ခွင့် ရှိမှ ဖြစ်မှာပါ။
လက်ရှိ စစ်ဖွဲ့စည်းပုံဟာ ဒါတွေ အားလုံး
မဲ့နေတယ်။ လက်ရှိ စစ်ခေါင်းဆောင် တွေရဲ့ သဘောထား က ဒါတွေအားလုံး ကို
လျစ်လျူ ရှုနေတယ်။ ပြိုင်ကားပါမစ် သာ ချ ပေးရင် ပေးမယ်။ စစ်မှန်တဲ့
သဘောထားနဲ့ လူနည်းစု လူမျိုးစုများအားလုံး ခွင့်တူ ညီမျှ တဲ့ အနေအထား မျိုး
ရောက်အောင် အခြေခံဥပဒေကို ပြင်ပေးမှာ မဟုတ်ဘူး။
၂၀၁၅ အပြီး အိပ်မက် ထပ် မက် ရင် မက်သူ
အပြစ်၊ အခါခါ အလိမ် ခံနေရင် အလိမ်ခံသူ အပြစ် သာ ဖြစ်ပါမယ်။ ဒီမိုကရေစီ
အရေး၊ ပြည်တွင်းစစ်ရပ်စဲရေး ကြွေးကြော် လွှတ်တော် နိုင်ငံရေး လျှောက်ခဲ့သူ
ဒီမိုကရေစီသမား လူထု ခေါင်းဆောင် ဆိုသူများ သိရပါတော့မယ်။
ဒီလို ရေဆန် တိုး ချင်စိတ် မရှိ
ရေစုန်မျော နေသရွေ့ လူမျိုးစုံ လူထု အများ နစ်နာ နေရမှာပါ။ ဟိုတလောက
မြန်မာ ကိုပါကြီး သေတယ်၊ မနေ့ တနေ့က ကချင်ပြည်နယ် ပလောင် နဲ့ ရခိုင် လူငယ်
လေးတွေ သေတယ်၊ မနက်ဖြန် ဘယ် လူမျိုး တွေ ထပ် သေနေရဦးမှာလဲ။
သေချင်းဆိုးများ ဝမ်းနည်းပူဆွေး မသာချနေရတဲ့ တိုင်းပြည် ဘဝ
ဘယ်တော့လွတ်မှာလဲ။
လူသူ မနေတဲ့ ကြတ်များ ကျက်စားရာ အရပ်
ဆင်စွယ်နန်းတော် ပေါ် က စင်မြင့် နိုင်ငံရေး ထက်မှာ ကျီး ဘုတ် မြှောက်၊
ဘုတ် ကျီး မြှောက် လုပ်လိုက်၊ ဟိုဖက် လှည့် ထောက်ခံလိုက်၊ ဒီဘက်လှည့်
ပြေးကျို့လိုက်၊ ဟို သူ့ အတွက် ကာကွယ်လိုက်၊ ဒီသူ့ အတွက် ရှေ့နေလိုက်
ပေးလိုက် အလုပ်တွေ ရပ်သင့်ပါပြီ။ ဒီလိုနဲ့ တိုင်းပြည်ဟာ မိုးကြီး ဆုံးဆုံး
ချုပ် ရုံမက သန်းခေါင်း ကျော်နေပါပြီ။
လူအများ ဘယ် အချိန် အထိ ဆက် သေ၊ ဆက်
ခံ၊ ဆက် နာ ပေးနေရဦးမှာလဲ။ လူထု ကို တကယ် မနာစေချင်ဘူး ဆိုရင်
“ပျော်နေတဲ့ အိပ်မက်ကနေ အပြင် ထွက်ခဲ့ကြပါ”။
ရှမ်း မိတ်ဆွေများကို ကောင်းမွန်တဲ့
နှစ်သစ် ဖြစ်ပါစေ ဆုမတောင်းတော့ပါ။ လက်တဆုပ်စာ ရေပေါ်ဆီ အလိ များ က လွဲလို့
ရှမ်းလူမျိုး အများလည်း အခြား တိုင်းသူပြည်သားများလိုပဲ ကောင်းမွန်တဲ့
နှစ်သစ် ဖြစ်နိုင်မှာ မဟုတ်တဲ့ အတွက်ပါ။
ရှမ်း ဂီတ ပညာရှင် နှစ်ဦး လွန်ခဲ့တဲ့
နှစ် လေးဆယ် ကျော်က ထောက်ပြခဲ့တဲ့ တောင်ပေါ်မြေရဲ့ တခြား တမျက်နှာ ကိုပဲ
နှစ်ကူး လက်ဆောင် အဖြစ် ထပ်မံ လှစ်ဟပြလိုက်ပါတယ်။
အကိုတို့ရေ.. ပျော်နေတဲ့.. အိပ်မက်ကနေ.. အပြင် ထွက်ခဲ့လေ..။
ငြိမ်းချမ်းအေး
၂၂ နိုဝင်ဘာ၊ ၂၀၁၄
××××××
♫ ♪ ♫ ♪…
ချယ်ရီတွေ.. သာယာတဲ့.. ထင်ရှူးတောတွေ..
တကယ်.. ပေါရာမြေ..
ပျော်စရာပေ.. ခင်လွယ်တဲ့.. ရှမ်းမလေးတွေ..
နေတဲ့.. ရှမ်းပြည်..
ကဗျာဆရာတွေ.. ဒါရိုက်တာနဲ့.. သီချင်း စပ်ဆရာတွေ..
စာရေးဆရာတွေ.. မြင်တာတွေ..
ပြန်.. ပြန်.. ပြီး.. ပြောပြတာတွေ..
တကယ်.. ထပ်လို့နေ..
တောင်ပေါ်မြေရဲ့.. လှပမှုကို.. မြင်ကာ.. နေတဲ့..
ပရိသတ်များမလေ..
တောင်ပေါ်မြေရဲ့.. တခြား.. တဖက်.. တမျက်နှာမှာ..
ဘာတွေ.. ရှိမှန်း.. မသိကြပေ..
တောင်ပေါ်မြေရဲ့.. တခြား.. တဖက်.. မျက်နှာမှာ..
ချယ်ရီတွေလည်း.. ယမ်းနံ့.. စွဲနေ..
သာယာတယ်.. ဆိုတဲ့.. ထင်းရှူးတောတွေဟာ..
လောင်ရာတွေနဲ့.. ရုပ်ပျက်နေ..
မြင်စရာတွေ.. တကယ်တမ်း ပြောပြစရာတွေ..
ပုံလို့သာနေ..
အကိုတို့ရေ..
ပျော်နေတဲ့.. အိပ်မက်ကနေ..
အပြင်ထွက်ခဲ့လေ..
♫ ♪ ♫ ♪…
တောင်ပေါ်မြေရဲ့တခြားတမျက်နှာ
သံစဉ်/စာသား – စိုင်းခမ်းလိတ်
တေးဆို – စိုင်းထီးဆိုင်
တေးဂီတ – The Outsiders
စိုင်းထီးဆိုင် ၏ ပထမ တေးစု သဘာဝ (၁၉၇၃) သီချင်းခွေ မှ၊
စိုင်းခမ်းလိတ် (Composer) +
စိုင်းထီးဆိုင် (Vocal/Rhythm) + စောဂျက်ဆင် (Lead) +
စောသိမ်းဝင်း/သိန်းတင်ထွဋ် (Bass)၊ စိုင်းခမ်းသီ (Drums)
(မိုးမခ) – နိုဝင်ဘာ ၂၃၊ ၂၀၁၄
Comments
Post a Comment