အောက်တိုဘာ ၃၀
သူငယ်ချင်းတို့ရေ …
အားလုံးနေထိုင်ကောင်းကြမယ်လို့ မျှော်လင့်တယ်ကွာ။ ဒီမှာတော့ နေ့ညထုတ်လွှင့်နေတဲ့ သတိပေးသလိုလိုနဲ့ ခြောက်လန့်နေတဲ့ မီဒီယာတွေရဲ့  အီဘိုလာ (Ebola) သတင်းကြောင့် လူတော်တော်များများ နေမထိထိုင်မသာ ဖြစ်နေကြတယ်။ မှတ်မိကြမယ်ထင်တယ် … ၂၀၀၃ ခုနှစ်တုန်းက လူတစ်ထောင်နီးပါး သေဆုံးခဲ့တဲ့ တို့အာရှတိုက် (ဟောင်ကောင်၊ တရုတ်) မှာ ဖြစ်ခဲ့တဲ့ SAR (Severe acute respiratory
syndrome) ရောဂါကြောင့် အေရှားနွယ်ဖွားတွေ အတော်လေး စိတ်ကသိကအောက်ဖြစ်၊ သွားရေးလာရေး ခက်ခဲခဲ့တယ်။ အခုတကြိမ်တော့ အာဖရိကန်နွယ်ဖွား လူမည်းတွေ နဲ့ အာဖရိကတိုင်းနိုင်ငံက လာတဲ့သူတွေ အလှဲ့ပေါ့။ အဲဒီအပိုင်းက လာကြတဲ့လူတွေကို တားမြစ်ပိတ်ပင်ဖို့၊ တင်းတင်းကြပ်ကြပ် ဆေးစစ်တာတွေလုပ်ဖို့ သတင်းတွေမှာ ပွားများပြောဆိုနေကြတယ်။ ငါ့အနေနဲ့တော့ သွားရေလာရေး ကန့်သတ်ချုပ်ချယ် ပိတ်ပင်တာကိုတော့ လက်မခံဘူး။ လေဆိပ်အဝင်အထွက်တွေမှာ ဆေးစစ်ဖို့၊ ရောဂါရှိတယ်လို့ သံသယရှိသူတွေကို အချိန်မီ ဆေးကုသပေးဖို့ကိုတော့ ထောက်ခံတယ်။
ဒီလို ကောလဟာလ သတင်းတွေကြောင့် ဒီကိုရောက်လာပြီလား၊ ဟိုဘက်သွားလာ သို့လောသို့လောဖြစ်ပြီး ကြောက်နေချိန်မှာ လူကြားသူကြားထဲမှာ ချောင်းတောင် မဆိုးရဲဘူး။ ပြီးခဲ့တဲ့အပတ်က အအေးမိပြီး တုပ်ကွေးဖြစ်တော့ ချောင်းဆိုးတာကို ခိုးကြောင်ခိုးဝှက် ဆိုးခဲ့ရတာ အတော်လေး ဖီးလ်အောက်တယ်။ ဒါနဲ့ ဖြစ်ချင်တော့ ဒီနေ့နေ့လယ် တို့ရုံးမှာ အာဖရိကန်နွယ်ဖွား အမျိုးသမီးတစ်ဦး သာမန်နေမကောင်းဖြစ်ပြီး ပျို့ အန်လို့ သူ့လုပ်ဖော်ကိုင်ဖက်တွေ အလန့်ထညက်ဖြစ်ပြီး ဆေးရုံကားခေါ်၊ ရဲခေါ်နဲ့ ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး၊ တို့တတွေလည်း ရုံးခန်းထဲကနေ (၃) နာရီလောက် ထွက်မရ နေခဲ့ရတယ်။ တကယ်တော့ ဒီမှာ ဒီရာသီအချိန် ဆောင်းတွင်ဝင်စကာလမှာ အဖြစ်အများဆုံးက အဆုတ်အအေးမိ၊ တုပ်ကွေးအဖျားအနာ။ ငါတော့ စာချုပ်ချုပ်ထားသလိုပဲ နှစ်စဉ် ပြင်းပြင်းထန်ထန်တော့ မဟုတ်ပါဘူး – အနည်းဆုံး တကြိမ်နှစ်ကြိမ် လေးငါးရက်လောက်တော့ ဖျားနာကွေးရတယ်။
မင်းတို့ ဒီသတင်း ကြားမိလား မသိဘူး။ ပြီးခဲ့တဲ့အပတ်က အီဘိုလာ ရောဂါရရှိလာတဲ့ လူနာတစ်ယောက်ကို ဆေးကုပေးခဲ့တဲ့ တက်ဆက်ပြည်နယ်ဆေးရုံကြီးမှာ ကိုယ်ထိလက်ရောက် ပြုစုပေးခဲ့ရတဲ့ သူနာပြုဆရာမနှစ်ယောက် လူနာရဲ့  သွေးချွေး အညစ်အကြေးတွေကတဆင့် ရောဂါကူးဆက်ပြီး ဖျားနာခဲ့ကြတယ်။ အဲဒီ သူနာပြုနှစ်ယောက်ထဲက ဗိယက်နမ်-အမေရိကန် သူနာပြုဆရာမလေး နီနာ ဖမ် (Nina Pham) တစ်ယောက် အချိန်မီ ဆေးကုသခံယူမှု ရရှိပြီး ရောဂါပျောက်ကင်း နေကောင်းလာလို့ သမ္မတအိုဘားမား က အိမ်ဖြူတော်ကို အထူးဧည်သည်တော်အဖြစ် ခေါ်တွေ့ပြီး သူ့ရဲ့  စွမ်းဆောင်ချက်၊ အလျှော့မပေး စိတ်ဓါတ်ကို ဂုဏ်ပြုချီးကျူး ကျေးဇူးတင်စကားဆိုတယ်။ ပြီးတော့ ပြည်သူတွေကို သူ့အစိုးရအနေနဲ့ အီဘိုလာ ရောဂါကာကွယ်တိုက်ဖျက်ရေးကို အချိန်ပြည့် ဖြေရှင်းလုပ်ဆောင်နေကြောင်း။ နိုင်ငံသူနိုင်ငံသားတွေအနေနဲ့ ဒီကပ်ရောဂါကြီးကို သတိထား စိုးရိမ်နေကြသလို၊ နှစ်စဉ် လူရာနဲ့ချီသေတဲ့ Flu တုပ်ကွေးအတွက်လည်း ကြိုတင်ဆေးထိုးထားကြဖို့ တိုက်တွန်းပြောကြားသွားတယ်။ မထွက်မရှိတဲ့ နို့ကိုသောက်ခိုင်း၊ ထမင်းတနှပ် လျှော့စားခိုင်း၊ နှစ်ထောင်နဲ့ လောက်အောင်သုံးခိုင်း၊ ပါးရိုက်မယ်နားရိုက်မယ်ပြောနဲ့ တို့လူကြီးတွေနဲ့ ကွာပါနော်။ အဲ သူတို့ဆိုရင် ပြောနိုင်တာ မဟုတ်ဘူး … ကုဖို့ဆေးမရှိ၊ နည်းပညာမရှိတော့ သူနာပြုဆရာမကို သေနတ်လုပြေးတယ်ဆိုပြီး အပြတ်ရှင်းချင်ရင် ရှင်းပြစ်မှာ။
သတင်းမီဒီယာတွေနဲ့ ပတ်သက်လို့ ထပ်ပြောရရင် တခါတလေ သတိပေးသလိုလိုနဲ့ သူထက်ငါဦးအောင် အတိုင်းထက်လွန် ထုတ်လွှင့်ကြပြီး လူတွေကို ထိတ်လန့်အောင်လုပ်နေတဲ့ ပုံကြီးချဲ့ သတင်းတွေ၊ သတင်းမှားတွေကို သတိထား နားထောင်နေရတယ်။ ဒါကြောင့် ပြည်သူတွေကို အထိတ်တလန့်ဖြစ်အောင်၊ မမှန်သတင်းတွေကို လှုံဆော်တဲ့ သတင်းမီဒီယာတွေကိုတော့ ငါ့အနေနဲ့ အပြင်းအထန် ရှုတ်ချတယ်။ မဟုတ်သတင်း အယုံလွယ်တဲ့ တို့နိုင်ငံမျိုးမှာ အဲဒီလို သတင်းမီဒီယာ၊ သတင်းတွေ မထွန်းကားဖို့ အရေးကြီးတယ်။ သတင်းမီဒီယာအကြောင်းကို နောက်တော့ဆက်ပြောတာပေါ့။
အခုတော့ ပြောချင်ပြောဖို့ စဉ်းစားထားတဲ့ ကျန်းမာရေးကိစ္စကို ဆက်ပြောရရင် မင်းတို့သိတဲ့အတိုင်း ပြည်သူ့ကျန်းမာရေးအတွက် အစစအရာရာပြည့်စုံပြီး ခေတ်မီနည်းပညာတွေရှိတဲ့ ဒီနိုင်ငံကြီးမှာ တော်ရုံတန်ရုံကိစ္စဆို ကြိုတင်ကာကွယ်မှုတွေလုပ်၊ ပညာပေးလှုံဆော်မှုတွေနဲ့ စနစ်တကျ ဖြေရှင်းနိုင်ပါတယ်။ ဒါကြောင့်လဲ အာဖရိကနိုင်ငံကနေ အီဘိုလာရောဂါရပြီး ပြန်လာတဲ့ ဆရာဝန်တွေနဲ့ ခြေလျှော်လက်လျှော် သေသွားတဲ့ လူနာတစ်ဦးကို ပြုစုခဲ့ချိန် ကူးဆက်ခဲ့တဲ့ သူနာပြုဆရာမလေးတွေကို အသက်ကယ်ဆယ် ကုသနိုင်ခဲ့တယ်။ ဒါကြောင့် ဟိုသတင်း ဒီသတင်းတွေကြားပြီး လောလောဆယ် တစ်ကောင်ကြွက် ဖြစ်နေတဲ့ ငါကို မင်းတို့ သိပ်စိုးရိမ်မနေကြနဲ့။ အဲ … တကယ်တော့ ငါက မင်းတို့နဲ့ တို့နိုင်ငံသားတွေအတွက် စိတ်ပူပန်နေတာ။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်သော်အခါမှ ကြိုတင်ပြင်ဆင်မှုမရှိ၊ ဆေးဝါးနည်းပညာ ဟုတ်တိပတ်တိ မရှိ မပြည့်စုံ … ဆိုင်ဘုတ်ထောင်ပြီး ဘာမှမလုပ်တဲ့ တို့ရွှေပြည်မှာတော့ ဒီလိုကပ်ရောဂါမျိုးတွေ အဖြစ်ခံလို့ မရဘူး။ ကြည့်လေ … ဗမာပြည်နဲ့ နင်လားငါလား အခြေအနေ အဆင့်တူတဲ့ အာဖရိကနိုင်ငံတွေမှာ လူတွေထောင်နဲ့ချီ ဘာကြောင့် သေဆုံးကြလဲ။ အဲဒီနိုင်ငံ အစိုးရတွေအနေနဲ့ မြန်မာအစိုးရလိုပဲ လူထုကျန်းမာရေးအတွက် ဘာမှ ပြင်ဆင်လုပ်ဆောင်ထားခြင်း မရှိလို့၊ အစိုးရအာဏာပိုင်တွေ အာဏာဖက်တွယ်ပြီး ပြည်သူ့အကျိုး ဘာမှ စေတနာမှန်နဲ့ မလုပ်ဆောင်လို့၊ တိုင်းပြည် မတည်ငြိမ် မငြိမ်းချမ်းလို့၊ ကိုယ့်အကျိုးတခုတည်း ကြည့်ကြတဲ့ အာဏာရူးတွေကြောင့် ဖြစ်တယ်။
ကျန်းမာရေးကိစ္စပြောလို့ မှတ်မိသေးတယ် … ငါ ပြန်ရောက်တုန်းက တို့သူငယ်ချင်းတစု သင်္ယန်ကျွန်း စံပြဆေးရုံကြီးကို သွားခဲ့ကြတယ်နော်။ အဲဒီမှာ တောတွင်းပြန် သူပုန်ကြီး အကိုကြီး ကိုစောဦး ဖျားနာနေမကောင်းဖြစ်ပြီး ဆေးရုံတက်နေလို့ တို့တတွေ သွားရောက်အားပေးခဲ့ကြတယ်။ သူ့ရောဂါက တီဘီလိုလို၊ ငှက်ဖျားလိုလို ဘာလိုလို … ဆေးစစ်ချက် ကောင်းပုံကတော့ ဒီနေ့အထိ ဘာရောဂါမှန်း တိတိကျကျ မသိရသေးဘူးတဲ့။ တကယ်တော့ အဲဒီတုန်းကတည်းက ပြောချင်နေတာ ယားနေတဲ့ပါးစပ်ကို ဘရိတ်အုတ် အရှိန်သတ်ပြီး၊ နင်တို့တတွေကို အားနာလို့ ဘာမှထွေထွေထူးထူး မပြောခဲ့ဘူး။ အခုတော့ တွေ့ခဲ့မြင်ခဲ့တာတွေကို တို့နဲ့မလိုက်လာခဲ့တဲ့ သူငယ်ချင်းတွေလည်းသိအောင် နည်းနည်းလောက် ပြောချင်တယ်။
တို့တတွေ ဆေးရုံရောက်တော့ ပထမကြုံရတာက ကားရပ်ဖို့ နေရာ။ ကားတွေက ရပ်ချင်တဲ့နေရာ ရပ်ထားကြတယ် (ပြောမယ်ဆိုရင်တော့ တမြို့ တနိုင်ငံလုံးလို့ စည်းမဲကမ်းမဲ့ ရပ်ကြတယ်လို့ ပြောရမလား။ တမြို့ လုံး လျှောက်ပတ်နေတဲ့ ဝင်းဆွေ ကောင်းကောင်းသိတာပေါ့)။ ကားတွေကလည်း ဝင်ချင်တဲ့နေရာကဝင် ထွက်ချင်တဲ့နေရာကထွက်နဲ့ ပြောင်းပြန်မောင်းထွက်လာတဲ့ ကားတွေကိုတောင် စောင့်ရရှောင်ရသေးတယ်။ နောက် ငါ့အမျိုးသမီး အိမ်သာသုံးချင်၊ လက်ဆေးခြေဆေး လုပ်ချင်တော့ အများသုံး ရေချိုခန်းအိမ်သာ မရှိဘူး (ရှိရင်လည်း အတော်လေး ညစ်ညစ်ပတ်ပတ်နဲ့)။ ဆေးရုံအတွင်း နဲ့ အပြင်ဖက်မှာ ဧည်သည်တွေ နားနေဖို့ နေရာလည်း သီးသန့်မရှိ။ ဆေးရုံပရိဝုဏ် နဲ့ ရေမြောင်းတွေထဲမှာလည်း အမှိုက်သရိုက်တွေ ဟိုပုံဒီပုံနဲ့ အနံ့အသက်ကလည်း အတော်ဆိုးတယ်။ ဆေးရုံထဲရောက်တော့ လူအဝင်အထွက် စစ်ဆေးတာမရှိ၊ သတင်းအချက်အလက် မေးမြန်းဖို့ ဘယ်သူမှ မရှိဘူး။ ဆေးရုံလာတဲ့လူတွေ လိုက်နာရမယ့် သတိပေးချက်၊ ပြောပြတာတွေ မရှိဘူး။ လူတွေက ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက် သွားလာနေကြတယ်။
ထားလိုက်တော့ တို့တတွေလည်း အများနည်းတူ အတားအဆီးမရှိတဲ့ ဆေးရုံထဲကို ဆေးနံ့သေးနံ့ ကြိုင်ကြိုင်သင်းနေတဲ့ အနံ့အသက်မျိုးစုံကို ရှုရှိုက်၊ စင်္ကြန်နံရံပေါ် ရေးခြယ်ထားတဲ့ ကွမ်းထွေးခံ နံရံဆေးရေးပန်းချီတွေကို ကြည့်ပြီး အုတ်လှေကားအတိုင်း တက်သွားခဲ့တယ်။ အုတ်လှေကားနဲ့ စင်္ကြန်တလျှောက်မှာ မီးမရှိဘာမရှိ။ အဲဒီမှာ ကိုယ့်လူနာတွေအတွက် စိတ်သောကဖြစ် စိတ်ပူစိတ်ညစ်နေတဲ့ ထိုင်မှိုင်ငေးနေကြတဲ့ လူနာစောင့်တွေ၊ မိသားစုတွေ ဟိုတစုဒီတစု။ ကိုစောဦး လူနာဆောင် အခန်းထဲကိုရောက်တော့ အခြေအနေက ထင်ထာတာထက်ပိုဆိုးနေတယ်။ လူနာကုတင်တွေက ပြည့်ကြပ်နေပြီး၊ ညစ်ပတ်ပေကြံနေတဲ့ သံမန်တလင်ကြမ်းပေါ်မှာ ထိုင်သူထိုင်၊ ငိုင်သူငိုင်၊ အိပ်သူအိပ်၊ စားသူစား နေကြရတဲ့ လူနာစောင့်တွေ၊ မိသားစုဝင်တွေနဲ့ ခြေချစရာမရှိ။ ဖြစ်သလိုနေရတဲ့ သူတို့ကိုကြည့်ပြီး အတော်လေး စိတ်မကောင်းဖြစ်ခဲ့တယ်။
ခွင့်လွတ်ပါ သူငယ်ချင်းတို့ … (၂၅) နှစ်ကြာ ပြင်ပနိုင်ငံကိုရောက်ပြီး ဘဝင်လေဟပ်သွားတာ မဟုတ်ပါဘူး။ မင်းတို့ သိတဲ့အတိုင်း တို့တတွေ ကောလိပ်ကျောင်းသားဘဝ (၈၇-၈၈) တုန်းက ရန်ကုန်ဆေးရုံကြီး၊ အလုပ်သမားဆေးရုံတွေကို ရောက်ခဲ့ဖူးပါတယ်။ ဒီထက်အများကြီး သန့်ပြန့်စည်းစနစ်ရှိပါသေးတယ်။ အခုတကြိမ် စံပြဆေးရုံကြီးနဲ့ လူနာခန်းတွေကို တွေ့လိုက်တော့ စစ်ဒုက္ခသည်စခန်း၊ လေဘေးရေဘေး ဒုက္ခသည်စခန်း ရောက်သွားသလိုလို၊ သာလာယံဇရပ်ကြီးနဲ့ တူသလိုလို ခံစားရတယ်။ ဒီလိုအခြေအနေမှာ နှာစေးချောင်းဆိုး ဖျားနာတာနဲ့ စင်္ကာပူသွား၊ ထိုင်းသွား၊ အမေရိကန်သွား ဆေးကောင်းဝါးကောင်း၊ ဆေးရုံကောင်းတွေမှာ သမားတော်ကြီးတွေနဲ့ ကုသနိုင်တဲ့ နိုင်ငံခေါင်းဆောင်ကြီးတွေ ချို့တဲ့နွမ်းပါး မရှိဆင်းရဲသားတွေရဲ့  ဆေးရုံဆေးခန်းတွေကို ရောက်ဖူးပါစ။ တရက်တညနေပြီး ခံစားကြည့်စေချင်တယ်။
ပြောရရင်တော့ နိုင်ငံ့အကျိုး ပြည်သူ့အကျိုး ဘာမှမစွမ်းဆောင်နိုင်တဲ့ အဲဒီပုဂ္ဂိုလ်ကြီးတွေ သွားရောက်ကြည့်ရှုကြတာတွေကို သူတို့နိုင်ငံတော် ဝါဒဖြန့်သတင်းစာတွေထဲမှာတော့ ငါတို့ တွေ့ဖူးကြပါတယ်။ ဒါပေမဲ့ အဲဒီလို ဓါတ်ပုံရိုက်ခံ ဟန်ပြသွားရောက်ကြည့်ရှုပြီး သိသလိုတတ်သလိုနဲ့ လိုအပ်တာများကို သွားရောက်မိန့်ကြားတာမျိုးတွေ ရပ်ပြီး၊ တကယ် ပျက်စီးယိုးယွင်းနေတဲ့ ပြည်သူ့ကျန်းမာရေးအတွက် အသုံးစရိတ်ဘဏ္ဍာငွေတွေကို တိုးမြှင့်၊ တတ်သိကျန်းမာရေး ပညာရှင်တွေရဲ့  အကြံပြုချက်တွေကို နားထောင်လိုက်နာပြီး ပြင်ဆင်လုပ်ကိုင်သွားဖို့ အထူးအရေးကြီးပါတယ်။ ရန်ကုန်မြို့ လို နံမည်နဲ့မလိုက်တဲ့ စံပြပြည်သူ့ဆေးရုံကြီးတောင် အဲဒီလောက် စုတ်ပြတ်ဆိုးဆိုးဝါးဝါး အခြေအနေရှိရင် တခြားမြို့ ရွာတွေမှာရှိတဲ့ ဆေးရုံဆေးခန်းတွေရဲ့  အခြေအနေကို တွေးမကြည့်ရဲဘူး။
ငါတော့ အဲဒီကပြန်လာပြီး ညစ်ပတ်ပေရေ စုတ်ပြတ်နေတဲ့ ဆေးရုံကြီးနဲ့ ဖြစ်သလိုနေ ထားသလိုနေရတဲ့ လူနာတွေ၊ လူနာစောင့်တွေကို မျက်စိထဲကမထွက် စိတ်မကောင်းဖြစ်နေခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် “ငွေကြေးမတတ်နိုင်သူများအတွက် နိုင်ငံတော်ရင်းနှီးမြှုပ်နှံမှုဖြင့် ကျန်းမာရေးစောင့်ရှောက်မှုကို တိုးတက်အောင် ဆောင်ရွက်သွားမည်” လို့ ပြောတဲ့ ဦးသိန်းစိန်အနေနဲ့ ပြောတာတွေများပြီး မင်းမှာကတိအတိုင်း ပြည်သူ့ကျန်းမာရေး၊ ပညာရေးလုပ်ငန်းတွေကို ကြိုးပမ်းအကောင်အထည်ဖော် စွမ်းဆောင်သွားဖို့ အရေးကြီးတယ်။ အပြောသက်သက် ဘာမှမလုပ်ဘဲ ဒီအတိုင်းပစ်ထားရင်တော့ မြေမျိုလို့ လူမျိုးမပျောက်၊ ဆိုးဝါးတဲ့ ရောဂန္တရကပ်ရောဂါတွေကို ကြိုတင်မတားဆီးနိုင်၊ မကာကွယ်နိုင်ရင်တော့ အားလုံးဒုက္ခရောက် လူမျိုးပျောက်နိုင်တာကို လူကြီးမင်းတွေကို ထပ်သတိပေးလိုက်ချင်တယ်။
ကောင်းပြီကွာ … ဆက်ပြောချင်စိတ် မရှိတော့ဘူး။ မင်းတို့လည်း ကျန်းမာအောင်နေကြ။ မင်းတို့နဲ့ မြန်မာနိုင်ငံသူနိုင်ငံသားတွေ ရောဂါဘေး အန္တရာယ်ဘေး ကင်းဝေးစေဖို့ အမြဲဆုတောင်းပေးနေပါတယ်။ မနက်ဖြန် အလုပ်စောစောသွားရမှာမို့ အိပ်တော့မယ်။ သူငယ်ချင်းအားလုံး ရွှင်လန်း ချမ်းမြေ့ကြပါစေ။
မင်းတို့ရဲ့ 
ဇွန်မိုး

Comments
Post a Comment