သြဂုတ် ၇
ဒီလ ၄ရက်နေ့က ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ PR ခေါ်
အချိုးကျကိုယ်စားပြုစနစ်ကို ကန့်ကွက်ဆန္ဒပြခဲ့သူတွေထဲက ဦးဆောင်သူ ၅ ဦးကို
တရားမ၀င်စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈နဲ့ ပြည်မြို့နယ်ရဲစခန်းက
အမှုဖွင့်ထားပါတယ်။အမှုဖွင့်ခံရသူတွေထဲက ပြည်သူ့အထောက်အကူပြုကွန်ရက်အဖွဲ့ဝင် ကိုကျော်ဆွေက အခုလို ပြောပါတယ်။
"ကျနော်တို့က ခွင့်ပြုမိန့်တင်တဲ့ဟာကို ခွင့်ပြုမိန့်မကျဘဲနဲ့ ဆန္ဒပြလို့ဆိုပြီး ပုဒ်မ ၁၈ နဲ့ စွဲတယ်ခင်ဗျ၊ သူတို့က ဆန္ဒပြတာ ၅ ရက် ကြိုတင်ရမယ်ဆိုတဲ့အကြောင်း ကျနော်တို့က ၁ ရက်နေ့ကတင်ပြီးတော့ ၄ ရက်နေ့ပြတဲ့အတွက် ၅ ရက်မပြည့်တာကြောင့် လက်မခံနိုင်တဲ့အကြောင်းပေါ့ အဲ့လိုပြောတယ်"
အဲဒီဆန္ဒပြပွဲမှာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံတွေ စုစုပေါင်း ၁၀၀ ကျော်လောက် ပါဝင်ခဲ့ကြပါတယ်။
သြဂုတ်လ ၃ ရက်နေ့ကလည်း ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်းမှာ ပီအာခေါ် အချိုးကျ ကိုယ်စားပြု စနစ်ကို ကန့်ကွက်တဲ့ လူထုဟောပြောပွဲကျင်းပခဲ့ပြီး မနေ့ကလည်း ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက် အဖွဲ့ဝင် ၁၀၀ လောက်က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ PR စနစ်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
RFA Burmese
Comments
Post a Comment