သြဂုတ်လ ၈
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ(ဗိုလ်)ဦးခင်အောင်မြင့်နဲ့ (VOA) အင်တာဗျူး ကြားလိုက်ကြမှာပါ။
(ဗိုလ်) ဦးခင်အောင်မြင့် ပြောတာတွေထဲက အောက်ပါအချက် (၃) ခုကို တစ်ခုစီ ကြည့်ကြပါစို့။
(ဗိုလ်) ဦးခင်အောင်မြင့် က ဒီလိုပြောလိုက်တာမို့ “ပုဒ်မ ၄၃၆ ကို သူတို့လည်းပြင်ချင်တာပဲ” လို့ လူပြိန်းမြင် မြင်လို့မရပါဘူး။ သူတို့ပြင်ချင်တဲ့ရည်ရွယ်ချက်နဲ့ ဒီချုပ်အပါအဝင် ၄၃၆ ပြင်ရေးကြိုးပမ်းနေသူတွေရဲ့ ရည်ရွယ်ချက်က အရင်းခံကနေခြားနားနေတယ် ဆိုတာကို ဆုပ်ကိုင်မိဖို့လိုတယ်။
(ဗိုလ်) ဦးခင်အောင်မြင့်တို့ ( ဗိုလ်သိန်းစိန်၊ ဗိုလ်ရွှေမန်း၊ ဗိုလ်မင်းအောင်လှိုင် တို့အပါအဝင်) ပြင်ခြင်တာက “စစ်တပ်ရဲ့ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍနဲ့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” ကို ပိုပြီးခိုင်မြဲအောင် ပြင်ဆင်လိုတာဖြစ်တယ်။ အနှစ် သာရကိုပြင်လိုတာမဟုတ်ဘူး။ အပေါ်ယံသဏ္ဍာန်အရ ပြင်ဆင်လိုတာဖြစ်တယ်။ ဥပမာအားဖြင့် အချိုးကျကိုယ်စားပြုစနစ် (PR) ပြဋ္ဌာန်း လို့ရအောင်ပြင်ချင်တာမျိုးပေါ့။
ဒီချုပ်အပါအဝင် ၄၃၆ ပြင်ရေးကြိုးပမ်းနေသူတွေရဲ့ ပြင်ဆင်ရေးရည်ရွယ်ချက်က “စစ်တပ်ရဲ့ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍနဲ့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” ကို ပယ်ဖျက်ပြီး ဒီမိုကရေစီစံနှုန်းတွေနဲ့ပြည့်ဝတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ် ပေါက်လာနိုင်အောင် ပြင်ဆင်လိုတာဖြစ်တယ်။ ကာချုပ်ရဲ့ စစ်သားအမတ် ၂၅% နဲ့ပတ်သက်ရင် ဒီချုပ် သဘောထားက “အထွေထွေ သဟဇာတဖြစ်ရေးအတွက် ဆွေးနွေးညှိနှိုင်းပြီး တဆင့်ပြီးတဆင့်ပြင်ဆင်သွားရန်” ဆိုတဲ့ သဘောထားဖြစ်ပါတယ်။
ဒီအချက်တွေနဲ့ပတ်သက်လာရင် (ဗိုလ်) ဦးခင်အောင်မြင့်တို့ ( ဗိုလ်သိန်းစိန်၊ ဗိုလ်ရွှေမန်း၊ ဗိုလ်မင်းအောင်လှိုင် တို့အပါ အဝင်)က နည်းနည်းမှအထိမခံဘူးဖြစ်နေတယ်။ ဘယ်အချိန် လျှော့မယ်၊ ဘယ်အတိုင်းအတာထိ လျှော့မယ် ဆိုတာကို သူတို့ကပဲ သူတို့ စိတ်ကြိုက်ဆုံးဖြတ်မယ်။ ဘယ်သူ့ အဆုံးအဖြတ်မှမခံဘူး။ ဘယ်သူအဆုံးအဖြတ်ပေးတာမှလက်မခံဘူးဆိုတဲ့ ခေါင်းမာတဲ့ သဘောထား ဖြစ်တယ်။
ဒီသဘောထားကို လွန်ခဲ့သော ၂၀၁၃ ခုနှစ်၊အောက်တိုဘာလထဲမှာ အမတ်ချုပ်(ဗိုလ်) ဦးရွှေမန်းက ယခုလိုပြောခဲ့ဖူးတာကို မှတ်မိကြအုံးမှာပါ။ “ဖွဲ့စည်းပုံ အခြေခံဥပဒေများကို လေ့လာသုံးသပ်ပြီး ပြင်ဆင်ဖို့ အဓိကထား ဆောင်ရွက်နေတဲ့အခါမှာ ပြည်တွင်းက ဖြစ်စေ၊ ပြည်ပဖြစ်စေ မည်သို့ပင်ဖိအားပေးမှုရှိရှိ မိမိတို့ကတော့ မိမိတို့သွားတဲ့ လမ်းကြောင်းပေါ်မှာ အခြေခံပြီးတော့ ဆက်လက်ဆောင် ရွက်သွားမှာ ဖြစ်ပါတယ်။ အောင်မြင်အောင်လည်း ကြိုးစားသွားမှာ ဖြစ်ပါတယ်” ။
ဒါကြောင့် (ဗိုလ်)ဦးခင်အောင်မြင့်တို့က “လူထုနဲ့တောင်းဆိုစရာမလိုဘူး” လို့ ဗြောင်ပြောတာပါ။ သူတို့က “လူထုအင်အားနဲ့ တောင်းဆိုတာ/ လူထုဆန္ဒနဲ့တောင်းဆို”တွေတာဆိုရင် နားခါးတယ်။ လူထုဆိုရင်ပဲ သူတို့က ရွံကြောက်ကြောက်နေတာပါ။ လူထု ဆိုရင် သူတို့က ငြိမ်ဝပ်ပိပြားနေအောင်ထိန်းချုပ်ထားရမယ်၊ ဒါမှသာတည်ငြိမ်မှုနဲ့အေးချမ်းသာယာမှုရှိမယ်လို့ကြည့်မြင်ကြတယ်။ဒါဟာ စစ်အုပ်စု အဆက်ဆက်ရဲ့ သန္ဓေပါအမြင်ဖြစ်တယ်။ စစ်အုပ်စုဆိုတာ ဒါပဲလို့ဖော်ပြနေတဲ့အမြင်လည်းဖြစ်တယ်။
ဒါ့အပြင် (ဗိုလ်) ဦးခင်အောင်မြင့်ရဲ့ ဒီစကား (လူထုနဲ့တောင်းဆိုစရာမလိုဘူး) က ဒီချုပ်က စုဆောင်းရရှိထားတဲ့ “လူထုဆန္ဒ လက်မှတ် ၅ သန်းနီးပါး” ကို လက်မခံဘူးလို့တုန့်ပြန်လိုက်တာလို့လည်း ကြည့်မြင်ကြရပါမယ်။
“လူထုဆန္ဒ – လွှတ်တော်ဆန္ဒ” ဆိုတာ ဗြောင်လိမ်ညာမှု တစ်ခုသာဖြစ်တယ်။
(၂) တည်ငြိမ်မှုကိုစစ်တပ်ကပဲထိန်းနိုင်တာ၊ ကျန်တဲ့ institutions တွေက မထိန်းနိုင်ဘူး
ဒီအမြင်ဟာ စစ်အုပ်စု အဆက်ဆက်စွဲကိုင်လာတဲ့အမြင်ဖြစ်တယ်။ ဒီအမြင်နဲ့သဘောထားကို “ဗျာဒိတ်တော်လာစကားတစ်ခု” လို စစ်အုပ်စုက ကိုင်စွဲခဲ့တာဖြစ်တယ်။ ဒီအမြင်နဲ့ဒီသဘောထားကို ဗိုလ်နေဝင်းစစ်အုပ်စုက ၁၉၄၈ ကနေ ၁၉၆၂ ထိ (၁၄) နှစ်တာ ကာလအတွင်းက အခြေအနေတွေကိုရည်ညွန်းပြီး ဖော်စပ်ထုတ်လုပ်ခဲ့တာပါ။ သူတို့ ဆိုလိုချင်တာက နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေရဲ့ အကွဲအပြဲကိုပြောချင်တာပါ။ ဒီအချက်အကျယ်ချဲ့ လက်ညှိုးထိုးပြီး အာဏာသိမ်းခဲ့ တာပါ။
ဒီအမြင်၊ ဒီသဘောထားနဲ့ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးလှုပ်ရှားမှုတွေကို ဖိနှိပ်ချေမှုန်းခဲ့တာဖြစ်တယ်။ နိုင်ငံရေးသမားတွေနဲ့ နိုင်ငံရေးပါတီတွေက တိုင်းပြည်ကို မထိန်းနိုင်ဘူး၊ စစ်တပ်ကသာတိုင်းပြည်ကိုထိန်းနိုင်တယ်ဆိုတဲ့ ဆင်ခြေလိမ်ကို သဘောတရားတစ်ခုပမာကျင့်သုံးနေခဲ့တာဖြစ်တယ်။ တကယ်တော့ ဗိုလ်နေဝင်းစစ်အုပ်စုလက်ထက်ကစပြီး ယနေ့ (ဗိုလ်) ဦးသိန်းစိန်၊ ဗိုလ်ရွှေမန်း ၊ဗိုလ်မင်းအောင်လှိုင်စစ်အုပ်စုအဆက်ဆက်ထိ တိုင်းပြည်အာဏာနဲ့ ဘဏ္ဍာကိုလက်ဝါးကြီးအုပ်ချယ်လှယ်နေခဲ့တာ နိုင်ငံရေး ပါတီတွေမဟုတ်ပါဘူး။ စစ်အုပ်စုအဆက်ဆက်သာဖြစ်ပါတယ်။
ဒီအမြင်ကို (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့ပါတီအစိုးရရဲ့ လက်တွေ့အကျဆုံးဖော်ပြချက်တွေကတော့ “၂၀၀၈ အခြေခံဥပဒေ” ထဲက ပုဒ်မ ၆ (စ)၊ ပုဒ်မ ၁၄၊ ပုဒ်မ ၁၇ (ခ) နဲ့ စစ်တပ်က အာဏာသိမ်းခွင့်ဖြစ်တဲ့ ပုဒ်မ ၄၀ အစရှိတဲ့ ပြဋ္ဌာန်းထားချက်တွေပဲဖြစ်ပါတယ်။
ဒီနိုင်ငံရဲ့တည်ငြိမ်အေးချမ်းမှုကို စစ်တပ်ကပဲ ထိန်းသိမ်းထားခဲ့တော့ ဘာတွေဖြစ်လာခဲ့သလဲ။
စစ်အုပ်စုက အပေါ်ယံပုံစံမျိုးစုံနဲ့ [ တော်လှန်ရေးကောင်စီ၊ “၁၉၇၄ အခြေခံဥပဒေနဲ့မဆလ” ၊ (နဝတ-နအဖ)စစ်အစိုးရ၊ “၂၀၀၈အခြေခံဥပဒေနဲ့ကြံ့ဖွံပါတီအစိုးရ”] အာဏာယူထားခဲ့တဲ့ ၁၉၆၂ ကနေ ယနေ့အထိ တိုင်းပြည်အခြေအနေက အထင်အရှား သက်သေခံနေပါတယ်။
ဗိုလ်နေဝင်းစစ်အုပ်စုက အာဏာယူလိုက်တော့ တိုင်းပြည်နဲ့လူထုက အဆင်းရဲဆုံးနိုင်ငံ(LDC) ဘဝကျရောက်ခဲ့ရတယ်။ ဗိုလ်နေဝင်းနဲ့ လက်တစ်ဆုပ်စာစစ်အုပ်စုထိပ်သီးများကတော့ ကုဋေကြွယ်သူဌေးကြီးတွေဖြစ်သွားခဲ့တယ်။ ယနေ့ဆို မြေးဖြစ်သူက အဖိုး ဖြစ်သူ ခိုးဝှက်ခဲ့တဲ့ တိုင်းပြည်ဘဏ္ဍာတွေနဲ့ ဘဏ်သူဌေးဘွဲခံနေပြီ။
ဗိုလ်နေဝင်းကို ဆက်ခံခဲ့တဲ့ (နဝတ-နအဖ) စစ်အစိုးရကရော တိုင်းပြည်နဲ့လူထုကို အဆင်းရဲဆုံးနိုင်ငံ(LDC) ဘဝကနေ ကယ် တင်လွတ်မြောက်စေနိုင်ရဲ့လား။ တိုင်းပြည်နဲ့လူထုဘဝလက်တွေ့က ခေါင်းသွက်သွက်ခါပြနေပါတယ်။ ဖွတ်သထက် ညစ်ဆိုတာလို ဆင်းရဲတွင်းထဲနစ်သထက်နစ်ပြီး နိုင်ငံရေး၊စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုအနုပညာအစရှိတဲ့ ဘက်ပေါင်း စုံချွတ်ခြုံကျ ခဲ့ရတယ်။ တိုင်းပြည်နဲ့လူထုကသာ နူရာဝဲစွဲလဲရာသူခိုးထောင်းဖြစ်နေခဲ့ရပေမယ့်၊ အာဏာရ (နဝတ-နအဖ) စစ်အုပ်စုထိပ်သီးကြီးများ ကတော့ ကုဋေကြွယ်ကုမ္မဏီသူဌေးကြီးတွေဖြစ်လာပါတယ်။
ဒါကြောင့် စစ်အုပ်စုက နိုင်ငံကိုထိန်းသိမ်းလိုက်တိုင်း တိုင်းပြည်နဲ့လူထုဘဝဟာ အဘက်ဘက်ကနေ ၂ ဆတိုးမွဲပြာကျသွားရ ပြီး အုပ်စိုးသူများကတော့ အဆပေါင်းများစွာတိုးပြီး ချမ်းသာကြွယ်ဝသူတွေဖြစ်လာတာပကတိအမှန်တရားပါပဲ။
(ဗိုလ်) ဦးခင်အောင်မြင့် ပြောစကားက ကျလောက်ပါတယ်။ “တည်ငြိမ်မှုတွေမပျက်ပြားလောက်တော့ဘူးဆိုရင် လျှော့၊ လျှော့၊ လျှော့သွားဖို့တော့လိုတယ်လို့ယူဆပါတယ်”တဲ့။ သူ့စကားကို အထူးသဖြင့် ဒူးထောက်အကောင်းမြင်ပြေလည်သင့်မြတ်ရေးသမားတွေ သေချာ နားထောင်မှတ်သားသင့်ပါတယ်။ (ဗိုလ်) ဦးခင်အောင်မြင့်က နိုင်ငံရေးအာဏာကို နေ့ပြန်တိုးပေးသလို စဉ်းစားနေပုံပါပဲ။
“လျော့၊ လျော့၊ လျော့ပေးသွားဖို့ လိုတယ်လို့ ယူဆပါတယ်” တဲ့။ ဘယ်တော့ဘယ်လိုတော့လျှော့်မယ်ဆိုတာ မမေးနဲ့၊ ဒီကိစ္စ ဒို့စစ်အုပ်စုက ဆုံးဖြတ်မယ်ပေါ့။
(၃) လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးနဲ့ပတ်သက်လို့ ကျနော့်အမြင်ကတော့ ပဏာမအနေနဲ့ကတော့ တွေ့သင့်တာပေါ့။ ခေါင်းဆောင်တွေချည်းပဲတွေ့ပြီး ခေါင်းဆောင်တွေ ချည်းပဲ ဆုံးဖြတ်လို့တော့ မရဘူးထင်တယ်၊ ခေါင်းဆောင်တွေက အာဏာရှင်တွေမှ မဟုတ်ပဲ၊
ဗိုလ်ရွှေမန်းလောက် “ဝိတ်” မရှိတော့ ဗိုလ်ရွှေမန်းလိုမပြောဝံ့ဘူး။ “ပဏာမအနေနဲ့တွေ့သင့်တာပေါ့” တဲ့။ ဒါပေမဲ့ ဘာအဆုံး အဖြတ်မှတော့ တွေ့ဆုံပွဲကနေ ရဖို့မမျှော်လင့်နဲ့လို့ပြောတာပါပဲ။ ဒီပြောဆိုချက်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထုကိုယ်စားပြုမှု၊ လူထု ခေါင်းဆောင် ဆိုတဲ့ နိုင်ငံရေးအဆင့်နေရာကို အသိအမှတ်မပြုတဲ့သဘောပဲဖြစ်ပါတယ်။
တွေ့ပုံတွေ့ နည်းတွေ အများကြီးရှိတယ်၊အိပ်ချုပ်ချခံထားရသူနဲ့အိပ်ချုပ်ချထားသူများတွေ့ဆုံနည်းလား၊ ဆက်ဆံရေးဝန်ကြီးလို့ အမည်တပ်ထားတဲ့“ဆက်သား” နဲ့ အိမ်ချုပ်ချခံထားရသူ တွေ့ဆုံနည်းလား၊ ဒါမှမဟုတ် (ဗိုလ်) ဦးအောင်မင်းရဲ့ “အလွတ် သဘော တွေ့နည်း” လား၊ သို့မဟုတ် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်အချို့ကို သမ္မတက “သူ့ခြံထဲခေါ်တွေနဲ့နည်း” လား၊ ကာချုပ်က တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းခေါင်းဆောင်အချို့လက်ခံတွေ့တဲ့နည်းလား။
သမ္မတက နိုင်ငံရေးပါတီတွေကို အစုလိုက်အပြုံလိုက်ခေါ်တွေ့တဲ့ နည်းလား။ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေ ကိုခေါ်တွေ့တဲ့နည်းလား။ လွှတ်တော်ကော်မတီဥက္ကဋ္ဌတစ်ဦး (သို့မဟုတ်) ကော့မှူး မြို့နယ်မှရွေးချယ်ခံလွှတ်တော်အမတ်တစ်ဦးကို သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ကာချုပ်တို့က လက်ခံတွေ့ဆုံတဲ့နည်းလား စသဖြင့် နည်းလမ်းတွေစုံလှတယ်။
ဒါကလည်းတကယ်တာ့ တွေ့ဆုံဆွေးနွေးရေးကို မလိုလားလို့ ထုံးစံအတိုင်း စစ်အုပ်စုဘက်က “ဈေးဆစ်” နေတဲ့ သဘောဖြစ် တယ်။ မလာချင်လို့ တမင် ခရီးဝေးနေတာဖြစ်တယ်။ ဒီချုပ်ဘက်က ဒေါ်အောင်ဆန်းစုကြည်ဘက်ပြောနေတဲ့ တွေ့ဆုံရေးဆိုတာက တန်းတူရည်တူ နိုင်ငံရေးဆွေးနွေးအဖြေရှာဖို့ တွေ့ဆုံဆွေးနွေးရေးကိုပန်ကြားနေတာပါ။ ထမင်းလက်ဆုံစားကြ၊ ဓါတ်ပုံရိုက်ခံကြပြီး ရုပ်သံ နဲ့ သတင်းစာတွေမှာ ဖော်ပြရုံ သက်သက်တော့မဟုတ်ပါဘူး။
ဒါကြောင့် (ဗိုလ်)ဦးခင်အောင်မြင့်ပြောတာတွေကို အဆုံးသတ်နိဂုံးချုပ်ရရင် “၂၀၀၈ အခြေခံဥပဒေ”ပြုပြင်ရေးကို လူထုနည်း နဲ့မတောင်းဆိုနဲ့စစ်တပ်ပါဝင်နေမှုကို သူတို့စစ်အုပ်စုကသာ အခြေအနေနဲ့အညီလိုအပ်သလို၊ သင့်တော်သလို၊ သူတို့စိတ်ကြိုက်ဆုံးဖြတ် ပေးမယ်၊“၄ပွင့်ဆိုင်”တွေ့ဆုံရေးဆိုတာတာကတော့(ဟန်ပြသဘော၊ရုပ်ပြသဘော) ပဏာမသဘောတွေ့ချင်တွေ့ပေါ့။ ဒါပေမယ့် ဒီလိုတွေ့ ဆုံမှုကနေ ဘာအဆုံးအဖြတ်မှတော့ရလိမ့်မယ်လို့ မမျှော်လင့်နဲ့ လို့ပြောချင်တာသာဖြစ်ပါကြောင်း။
ညွန်း
- ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၇ ရက် ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် နှင့် (VOA) ဒေါ်ခင်စိုးဝင်း အင်တာဗျူး

(၁) ၄၃၆ ပြင်ရမယ်၊ ဒီလိုလူထုနဲ့တောင်းဆိုစရာမလိုပါဘူး။(၁) ၄၃၆ ပြင်ရမယ်၊ ဒီလိုလူထုနဲ့တောင်းဆိုစရာမလိုပါဘူး
(၂) ဒီနိုင်ငံရဲ့တည်ငြိမ်အေးချမ်းမှုကို စစ်တပ်ကပဲ ထိန်းသိမ်းနိုင်ခဲ့တာ၊ ကျန်တဲ့ institutions ဘယ်သူမှမထိန်းနိုင်ဘူး၊ စနစ်
တစ်ခုကတစ်ခုပြောင်းတဲ့အခါပျက်ပြားတတ်တယ်၊ အဲ့လိုတွေဖြစ်မှာစိုးတဲ့အတွက် ဒီလိုထားပြီးတော့ အဲ့လိုမဖြစ်လောက်တော့ ဘူး ဆိုရင် လျှော့၊ လျှော့၊ လျှော့သွားဖို့တော့လိုတယ်လို့ ယူဆပါတယ်။
(၃) လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးနဲ့ပတ်သက်လို့ ကျနော့်အမြင်ကတော့ ပဏာမအနေနဲ့ကတော့တွေ့သင့်တာပေါ့။ ခေါင်းဆောင်တွေချည်းပဲတွေ့ပြီး ခေါင်းဆောင်တွေ ချည်းပဲ ဆုံးဖြတ်လို့တော့ မရဘူးထင်တယ်။ ခေါင်းဆောင်တွေက အာဏာရှင်တွေမှ မဟုတ်ပဲ

Comments
Post a Comment