Skip to main content
အဂတိလိုက်စားမှုများနှင့် အများပြည်သူ သိခွင့်
ဇွန် ၂၇ 
သစ်ထွဋ်
http://www.news-eleven.com/
June 25, 2014

ဦးဆန်းဆင့်အား လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် ပြည်သူများနှင့် တွေ့ဆုံနေစဉ်
နှစ်ကာလကြာရှည်စွာ ၀န်ကြီးများကဲ့သို့ အစိုးရအဆင့်မြင့် တာဝန်ရှိသူများရဲ့ အဂတိလိုက်စားမှုများအပေါ် အရေးယူမှုများနဲ့ ပတ်သက်ပြီး အများပြည်သူတွေ ဝေဖန်မှုရှိခဲ့ရာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို ၀န်ကြီးဌာနပိုင်ငွေ အလွဲသုံးစားမှုနဲ့ အရေးယူထားကြောင်း သတင်းများ၊ မီဒီယာများမှာ ပါရှိလာပါတယ်။


အံ့သြကြရသည့် သတင်း

မီဒီယာများမှာ ဖော်ပြချက်များအရ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်အတွင်း အစိုးရရုံးစိုက်ရာ နေပြည်တော်အနီးမှာရှိတဲ့ လယ်ဝေးမြို့နယ်အတွင်း ကျေးရွာတစ်ရွာ၌ စေတီတော်တစ်ဆူကို မိသားစုအလှူတစ်ရပ် အနေဖြင့် ဆည်းကပ်ကိုးကွယ်ရာတွင် ဌာနပိုင် မော်တော်ယာဉ်ဝန်ထမ်းများကို ဌာနလုပ်ငန်းနှင့် မသက်ဆိုင်ဘဲ အသုံးပြုခဲ့ပြီး ဌာနပိုင်ဘဏ္ဍာငွေများ ကိုယ်ကျိုးအတွက် ကျပ်သိန်း ၁၀၀ ခန့် အလွဲသုံးမှုများကြောင့် ဦးဆန်းဆင့်နဲ့ အပေါင်းအပါများကို ပြစ်မှုပုဒ်မ ၄၀၉/၁၀၉ အရ စ.စ.စ (အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန) က တရားလိုပြု အမှုဖွင့်ကာ ဖမ်းဆီးထိန်းသိမ်းထားတာ ဖြစ်တယ်လို့ သိရပါတယ်။ အဂတိလိုက်စားမှုများအပေါ် အရေးယူမှုများနဲ့ ပတ်သက်ပြီး ယခင်အာဏာသိမ်း အစိုးရလက်ထက်မှာ လူသိရှင်ကြား ထုတ်ဖော်မှု မရှိသလောက် နည်းပါးခဲ့သလို လက်ရှိအစိုးရ လက်ထက်မှာလည်း ကြားရလေ့မရှိတာကြောင့် ယခုဖြစ်ရပ်အပေါ် အများက အံ့အားသင့်နေကြတာ ဖြစ်ပါတယ်။

သာသနာရေးဝန်ကြီးကို ရုတ်တရက် အရေးယူမှုနဲ့ ပတ်သက်ပြီး အဂတိလိုက်စားမှုများအပြင် မဟာသန္တိသုခ ကျောင်းတော်ကြီးကို ညအချိန်ဝင်စီးကာ ချိပ်ပိတ်ပြီး ဆရာတော်ငါးပါးကို လူဝတ်လဲ တရားစွဲဆိုခဲ့တဲ့ဖြစ်ရပ် အပါအ၀င် ဦးဆန်းဆင့်အနေဖြင့် အာဏာပိုင်များနဲ့ အလွမ်းမသင့်ခဲ့တဲ့ ဖြစ်ရပ်များကြောင့် အရေးယူခံရခြင်း ဖြစ်နိုင်တယ်လို့ အများပြည်သူတွေနဲ့ နိုင်ငံရေးလေ့လာသူများ၊ မီဒီယာသမားများက ကနဦး ဝေဖန်ပြောဆိုမှုများလည်း ရှိခဲ့ပါတယ်။

တောင့်တသည့်ဆန္ဒ

ဦးဆန်းဆင့်ကို အရေးယူထားကြောင်း သတင်းများထွက်လာပြီး နောက်တစ်နေ့ ဇွန် ၂၀ ရက်မှာ နိုင်ငံပိုင်သတင်းစာတွေမှာ ဦးဆန်းဆင့် သာသနာရေးဝန်ကြီးဌာနမှ နုတ်ထွက်ကြောင်း ပါရှိခဲ့ပြီးတော့ သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဦးဆန်းဆင့်ကို အရေးယူရခြင်းဟာ သမ္မတရဲ့ အကြိမ်ကြိမ် ပြောဆိုဆုံးမ ပြုပြင်ပေးမှုများကို မနာခံတာကြောင့်ဖြစ်ပြီး မဟာသန္တိသုခကိစ္စမှာ အကြောင်းတစ်ခုအနေဖြင့်သာ ပါဝင်ပြီး အခြားအကြောင်းအရာများစွာ ရှိနေကာ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတဲ့အတွက် လောလောဆယ်မှာ ထုတ်ပြောလို့ မရသေးဘူးလို့ ပြောကြားခဲ့တယ်လို့ မီဒီယာတွေမှာ ဖတ်လိုက်ရပါတယ်။


''ပြည်သူလူထုရဲ့ ဘဏ္ဍာငွေများ အလွဲသုံးခြင်း၊ ယုံကြည်အပ်နှံမှုများကို ဖောက်ဖျက်ခြင်းများကို ပြုလုပ်နေတဲ့သူများ ရှိနေပါက ဆက်လက်ဖော်ထုတ် အရေးယူကာ အများပြည်သူတွေထံ တရားဝင် ထုတ်ပြန်ပေးခြင်းဖြင့် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုများနဲ့ ဆောင်ရွက်ရတဲ့ ဒီမိုကရေစီစနစ်ကို သွားနေခြင်းဖြစ်ကြောင်း သက်သေထူပေးဖို့ လိုအပ်မှာ ဖြစ်ပါကြောင်း . . .''

ဦးဆန်းဆင့်ကို အရေးယူရတဲ့ နောက်ကွယ်က အကြောင်းအရာတွေကို ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် ယခင်အစိုးရ လက်ထက်တွင် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ဖြင့် စစ်ရာထူးခန့်ချုပ်အထိ၊ ယခုအစိုးရလက်ထက်တွင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနဲ့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးကို ငွေအလွဲသုံးစားမှု ခေါင်းစဉ်နဲ့ ဖမ်းဆီးအရေးယူထားခြင်းဟာ ပုဂ္ဂလိက သတင်းစာများရဲ့ စိတ်ဝင်စားဖွယ်ရာ မျက်နှာဖုံးသတင်းကြီး ဖြစ်ခဲ့ရပါတယ်။ အဆိုပါ သတင်းတွေကို ဖတ်လိုက်ရသူ အများပြည်သူတွေမှာတော့ အစိုးရဟာ အဂတိလိုက်စားမှုတွေကို တကယ်ကိုင်တွယ်တော့မှာလား၊ အစိုးရအဖွဲ့ထဲ အဂတိလိုက်စားတဲ့သူဆိုရင် ပြည်ထောင်စုဝန်ကြီးပါမချန် အရေးယူတော့မှာလား၊ စောင့်စားခဲ့ရတဲ့ အဂတိလိုက်စားမှုတွေအပေါ် မျှတတဲ့ တရားစီရင်မှုတွေရဖို့ တောင့်တခဲ့ရတဲ့ ဆန္ဒတွေ ပြည့်ဝတော့မှာလားလို့ ထင်မြင်မိလာကြပါတယ်။

ပြည်ထောင်စုဝန်ကြီးများ၏ ပိုင်ဆိုင်မှုစာရင်း

ဇွန်လ ၂၀ ရက်မှာပဲ သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က သမ္မတကြီး တာဝန်ယူစဉ်ကတည်းက လာဘ်ပေးလာဘ်ယူမှု ကိစ္စကို ပြုပြင်ပြောင်းလဲရေး လုပ်ငန်းမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတစ်ခုအဖြစ် အသိအမှတ်ပြုထားခဲ့ပြီး တရားဝင် ထုတ်မပြောခဲ့သော်လည်း အရေးယူခဲ့တဲ့ ဌာနဆိုင်ရာ အကြီးအကဲတွေ၊ ညွှန်ချုပ်တွေ၊ တချို့ဝန်ကြီးတွေ ရှိခဲ့တယ်လို့ မီဒီယာတွေကို ပြောခဲ့ပါတယ်။ ဘယ်သူမဆို အဂတိလိုက်စားမှု ကျူးလွန်ကြောင်း အထောက်အထား ခိုင်လုံတယ် ဆိုပါက အစိုးရက အရေးယူမှာဖြစ်ပြီး ၀န်ကြီးတွေရဲ့ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး တိုင်ကြားမှု ရှိလာရင်လည်း အရင်ကပေးထားရတဲ့ ၀န်ကြီးတွေရဲ့ ပိုင်ဆိုင်မှု ချိပ်ပိတ်စာရင်းကို ဖွင့်ဖောက်စစ်ဆေးဖို့ လိုအပ်ပါက စစ်ဆေးသွားမယ်လို့ ယင်းကဆိုကြောင်း ဦးဆန်းဆင့် အရေးယူခံရတဲ့ သတင်းနောက်ဆက်တွဲအဖြစ် မီဒီယာတွေမှာ ပါလာခဲ့ပါတယ်။ ဦးရဲထွဋ်ရဲ့ အဆိုကို လေ့လာကြည့်ရင် အစိုးရအဖွဲ့ဝင် ၀န်ကြီးများရဲ့ ပိုင်ဆိုင်မှု ချိပ်ပိတ်စာရင်းတွေဟာ အစိုးရထံမှာ ရှိနေတာကြောင့် တကယ်လို့ ပြည်ထောင်စုဝန်ကြီး တစ်ဦးဦးဟာ လာဘ်ပေးလာဘ်ယူမှု ပြုလုပ်ခဲ့ပြီး ရှိသင့်ရှိထိုက်တဲ့ ပိုင်ဆိုင်မှုများထက် ပိုများနေတယ်လို့ သံသယရှိပါက ချိပ်ပိတ်စာရင်းကို ဖွင့်ဖောက်တိုက်ဆိုင်စစ်ဆေးပြီး အရေးယူနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။

အများပြည်သူ သိခွင့်ရှိ

လာဘ်ပေးလာဘ်ယူမှုလို အဂတိလိုက်စားမှုများနဲ့ ပတ်သက်ပြီး ယခုကဲ့သို့ ပြည်ထောင်စုဝန်ကြီးများအထိပါ အရေးယူနိုင်တဲ့ အစီအမံတွေကို အစိုးရက ပြုလုပ်ထားနိုင်တာဟာ ကောင်းမွန်တဲ့ အစီအမံတစ်ခုလို့ ဆိုနိုင်ပေမယ့် အရေးယူရာမှာ ပွင့်လင်းမြင်သာမှု ရှိဖို့တော့ လိုအပ်ပါတယ်။ ဘယ်လို အကြောင်းကြောင့် ဘယ်လို အရေးယူခဲ့တယ်ဆိုတာ အများပြည်သူတွေ သိဖို့အတွက် ထုတ်ပြန်ပေးဖို့ လိုအပ်ပါတယ်။

တိုင်းပြည်ရဲ့ ဘဏ္ဍာငွေ တစ်နည်းအားဖြင့် နိုင်ငံသားအားလုံးနဲ့ သက်ဆိုင်တဲ့ ငွေကြေးတွေကို လစာအဖြစ် ခံစားပြီး ပြည်သူ့ဝန်ထမ်းအဖြစ် လုပ်ကိုင်သူတွေရဲ့ အဂတိလိုက်စားမှုကဲ့သို့ မမှန်မကန် လုပ်ရပ်တွေကို ပြည်သူတွေမှာ သိခွင့်ရှိပါတယ်။ ပြည်သူ့ဝန်ထမ်းတွေ အဂတိလိုက်စားမှု ရှိခဲ့ရင် အရေးယူခြင်းကို တရားဝင် ထုတ်ပြန်ပေးခြင်းဖြင့် ပြည်သူတွေက ဖြစ်စဉ်အပေါ် မှန်ကန်မျှတမှု ရှိမရှိ သိခွင့်ရမှာ ဖြစ်သလို အခြား အဂတိလိုက်စားနေသူများနဲ့ အဂတိလိုက်စားဖို့ ကြံရွယ်နေသူများ ရှိပါကလည်း မမှန်မကန် လုပ်ရပ်တွေ ပြုလုပ်ပါက တကယ်အရေးယူနိုင်တယ်ဆိုတာ သိနိုင်ခြင်းကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ပွင့်လင်းမြင်သာမှုရှိတဲ့ အုပ်ချုပ်မှု စီမံခန့်ခွဲမှုတွေက ပြည်သူတွေရဲ့ အစိုးရအပေါ် ယုံကြည်မှုကို ရစေမှာ ဖြစ်ပါတယ်။ ဒီလို မဟုတ်ဘဲ အဂတိလိုက်စားမှု ဖြစ်စဉ်တွေမှာ အရေးယူ စစ်ဆေးမှုတွေ ပြီးဆုံးချိန်မှာတွေကို တရားဝင် ထုတ်ပြန်ပေးခြင်း မရှိပါက ပြည်သူတွေက ဝေဖန်စရာ ရှိလာနိုင်ပါတယ်။ အရေးယူမှုများမှာ အများပြည်သူတွေ သိခွင့်ရှိတဲ့ အချက်အလက်တွေကို တရားဝင် ထုတ်ပြန်ပေးမှသာ အဂတိလိုက်စားမှု အရေးယူမှုတွေဟာ အားလုံးကို ဖြန့်ကြက်လွှမ်းခြုံနိုင်ခြင်း ရှိမရှိနဲ့ အရေးယူမှုတွေရဲ့ တိကျမှု အချက်အလက်တွေကို ပြည်သူတွေက လေ့လာသုံးသပ် သိရှိနိုင်မှာ ဖြစ်ပါတယ်။ အရေးယူမှုများကို အမှန်တွေ့မြင်လာမှသာ အများပြည်သူကိုယ်တိုင် အဂတိလိုက်စားမှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်ခြင်းကိုလည်း ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။

တကယ်တော့ နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (Transparency International) ရဲ့ ၂၀၁၃ ခုနှစ် ကမ္ဘာ့အဂတိလိုက်စားမှု အခြေအနေ အစီရင်ခံစာမှာ နိုင်ငံပေါင်း ၁၇၇ နိုင်ငံအနက် ၁၅၇ အဆင့်မှာ ရှိခဲ့တဲ့ မြန်မာနိုင်ငံအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဟာ ကြီးမားတဲ့ စိန်ခေါ်မှုလို့ ဆိုနိုင်ပါတယ်။ အစိုးရ တစ်ရပ်အတွက် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်တဲ့နေရာမှာ အဂတိလိုက်စားမှုတွေ များနေမယ်ဆိုရင် အခက်အခဲတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ သို့အတွက် ပြည်သူလူထုရဲ့ ဘဏ္ဍာငွေများ အလွဲသုံးခြင်း၊ ယုံကြည်အပ်နှံမှုများကို ဖောက်ဖျက်ခြင်းများကို ပြုလုပ်နေတဲ့သူများ ရှိနေပါက ဆက်လက်ဖော်ထုတ် အရေးယူကာ အများပြည်သူတွေထံ တရားဝင် ထုတ်ပြန်ပေးခြင်းဖြင့် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုများနဲ့ ဆောင်ရွက်ရတဲ့ ဒီမိုကရေစီစနစ်ကို သွားနေခြင်းဖြစ်ကြောင်း သက်သေထူပေးဖို့ လိုအပ်မှာ ဖြစ်ပါကြောင်း ပြည်သူများကိုယ်စား တင်ပြလိုက်ရပါတယ်။ ။
ပြန်ခေါက်ထားပါ...

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...