Skip to main content
အမိန့်ချရန် တောင်းဆိုသည့် ကိုထင်ကျော်ကို အလုပ်ကြမ်းနှင့် ထောင်ခြောက်လချ 
ဂျွန်လ ၂၃ ရက်နေ့

 ရန်ကုန်၊ မဇ္ဈိမ။ ။ ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားသူများ အင်အားစုအဖွဲ့မှ ကိုထင်ကျော်အား ဇွန်၂၃ ရက်တွင် နိုင်ငံတော်အကြည်ညိုပျက်စေသည့် ပုဒ်မ ၅ဝ၅ (ခ)ဖြင့် တောင်ဥက္ကလာ တရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် ခြောက်လချမှတ်လိုက်သည်။

ပြီးခဲ့သည့် မေ ၅ ရက်က တောင်ဥက္ကလာပမြို့နယ်တွင် (၁၁)
ကြိမ်မြောက်အဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့ကို အယုံအကြည်မရှိကြောင်းနှင့် ပြည်သူသည်သာ သခင်ဖြစ်ကြောင်း ကြေညာချက်ပါ စာရွက်များဖြန့်ဝေ ဆန္ဒပြဟောပြောစဉ် တောင်ဥက္ကလာပရဲစခန်းက ဖမ်းဆီးကာ ၅ဝ၅ (ခ)ဖြင့် ကိုထင်ကျော်ကိုအမှုဖွင့် ခဲ့ခြင်းဖြစ်သည်။

“ဇွန် ၂၃ ရက်မှာ ရုံးချန်း ၇ ချိန်းပြည့်တယ်။ ဒီနေ့အမိန့်ချမယ်လို့ တရားသူကြီးက ပြောပြီးတော့ ဒီနေ့ကျတော့ အမိန့်မချဘူးဆိုပြီး ထပ်ပြောလို့ အမိန့်မချရင် လုံးဝဆန့်ကျင်တယ်။ လုံးဝကို ထောင်ထဲက မထွက်ဘူး။ ဒီနေ့ချမယ်ဆို ချရမယ်လို့ ကိုထင်ကျော်ကပြောမှ တရားသူကြီးကိုယ်တိုင် စီရင်ချက်ရေးပြီးတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ခြောက်လ ချမှတ်လိုက်ပါတယ်” ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားသူများ အင်အားစုအဖွဲ့ဝင် ဒေါ်စိန်ထွေးက မဇ္ဈိမကို ပြောသည်။

အမိန့်ချမည့်ဇွန် ၂၃ တွင် တောင်ဥက္ကလာတရားရုံးရှေ့တွင် မတရားမြေအသိမ်းခံ ပြည်သူများ၊ ကိုထင်ကျော်ကိစ္စ လိုက်ပါဆောင်ရွက်နေသူများက နိုင်ငံရေးအကျဉ်သားများ နှင့် ကိုထင်ကျော်ကို ခြွင်းချက်မရှိလွတ်ပေးရန် ဟစ်ကြွေးတောင်းဆိုခဲ့ကြကြောင်း၊ ယင်းသို့တောင်းဆိုသူများထဲမှကို နောင်နောင်ဆိုသူကို တောင်ဥက္ကလာရဲစခန်း တာဝန်ရှိသူများက ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု ၎င်းကဆိုသည်။

ထိုသို့ဖမ်းဆီးမှုဖြစ်ပေါ်ခဲ့သည့်အတွက် ပြည်သူများက ကိုနောင်နောင်အား လွှတ်ပေးရန် ဝိုင်းဝန်းတောင်းဆိုခဲ့သဖြင့် လွှတ်ပေးခဲ့ပြီး မည်သည့်အချိန်တွင်ပြန်လည် ဖမ်းဆီးမည်ကိုမူ မသိရှိရပေ။

ကျော်စွာဝင်း
Mizzima - News in Burmese

Comments