·
တပ်ကြပ်ကြီးမိုးဇော်ဦးရင်ဖွင့်စာ
ကျွန်တော်က တပ်ကြပ်ကြီး မိုးဇော်ဦးပါ။ ကိုယ်ပိုင်နံပါတ်နဲ့ တပ်လိပ်စာကို အတိအကျ ထည့်ပေးလိုက်ပါတယ်။ လိုအပ်ရင် သုံးနိုင်ပါတယ်။ ဒီစာရေးလို့ တပ်က ထုတ်မယ် ထောင်ချမယ်ဆိုလည်း ကျေးဇူးတောင် တင်ပါသေးတယ်။ ကျွန်တော့်အဖို့ကတော့ တပ်ကထွက်ရေးသည် ပထမ တပ်ကထွက်ရေးသည် ဒုတိယဖြစ်နေပါပြီ။
ကျွန်တော် တပ်ထဲကိုရောက်နေတာ စစ်မှုထမ်းသက် (၂၃) နှစ်ရှိပါပြီ။ မိသားစု (၄)ယောက်ရှိပါတယ်။ အမျိုးသမီးကတော့ အိမ်သူသက်သက်ပါ။ ကျွန်တော့်လစာက ၂သိန်းကျော်ပါ။ ကလေးနှစ်ယောက်ရှိပြီး အကြီးသမီးက ဒီနှစ် ဆယ်တန်းအောင်ထားပါတယ်။ သားငယ်ကတော့ ခြောက်တန်းပါ။
ကွန်တော်က စစ်သားဖြစ်ချင်လွန်းလို့ မိဘတွေကို လွန်ဆန်ပြီး တပ်ထဲ ဝင်ခဲ့တာပါ။ တကယ့်တပ်သားဘဝကနေ စပြီး ဖြတ်သန်းခဲ့ချိန်မှာတော့ ကျနော်တွေးထင်ထားသလို မဟုတ်ဘဲ ဘဝတစ်လျှောက်လုံးဟာ တပ်ရင်းမှူး၊ ဗျူဟာမှူး၊ တိုင်းမှူးနဲ့ ဗိုလ်ချုပ်ကြီးတွေရဲ့ အစေအပါးဘဝနဲ့ ကျွန်ဖြစ်ခဲ့ရတာပါလားလို့ သဘောပေါက်ခဲ့ရပါတယ်။ သူတို့ ကိုယ်ကျိုးရှာ စီးပွားဖြစ်ရေးမှာ ကျွန်တော်တို့အခြားအဆင့်တွေဟာ အသုံးချခံနေရမှန်း သိလာရပါတယ်။
စစ်တပ်မှာ ဥပဒေ နည်းဥပဒေတွေနဲ့အညီ တရားဝင်နှုတ်ထွက်ခွင့် ရှိပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ ဒီဥပဒေတွေက အသက်မဝင်ပါ။ စစ်တပ်ရဲ့ နှုတ်ထွက်ခွင့်ဆိုတာ တပည့်လက်သားအပေါ် အရေးမယူချင်တဲ့အခါ အမှုမှကင်းလွတ်ခွင့်ပြုလိုက်သည်ဆိုတဲ့ အဓိပ္ပါယ်နဲ့သုံးတဲ့ ဥပဒေပါ။ ဒါက ဗိုလ်ချုပ်တွေအတွက်ပါ။ ရဲဘော်တွေအတွက် မဟုတ်ဘူး။
တပ်ကနှုတ်ထွက်ခွင့် လျှောက်လွှာ တစောင်ဟာ တပ်ရေးအရာခံဗိုလ်/ရုံးအုပ်၊ တပ်ရေးဗိုလ်ကြီးတို့ကနေ ဒုတပ်ရင်းမှူး ၊ တပ်ရင်းမှူး၊ ဗျူဟာမှူး အဆင့်ဆင့်ကို ဖြတ်ပြီး ဌာနချုပ်တပ်ခွဲမှူး၊ ဌာနချုပ်စခန်းမှူးတွေကိုဖြတ်ရတယ်။ ဒီကတဆင့် ရဲဘော်တယောက်ကို နှုတ်ထွက်ခွင့်ပေးနိုင်တဲ့ အာဏာရှိတဲ့ တိုင်းမှူး ညွှန်မှူးအဆင့်အထိ တင်ရတာပါ။ ရဲဘော်တယောက်ဟာ ဒီအဆင့်တွေက မက်လောက်တဲ့ လာဘ်လာဘ ချောဆီထိုးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ သူတို့က သိန်းထောင်ဂဏန်းအောက် ပိုက်ဆံကို ငွေလို့ မထင်ဘူး။ ဒီတော့ ကျွန်တော်တို့ရဲ့ နှုတ်ထွက်ခွင့် လျှောက်လွှာဟာ တပ်ရင်းရုံးအပြင်ဘက် ရောက်ဖို့တောင် မလွယ်ပါဘူး။
တပ်ထဲမှာ အခြေအနေတွေက အရမ်းဆိုးနေတာပါ။ ကျွန်တော်တို့ ရှေ့တန်းထွက်တဲ့အခါမျိုးမှာ ကျနော်တို့ရတဲ့ ရတဲ့ ရိက္ခာ၊ အသုံးအဆောင်တွေဟာ နောက်မှာကျန်ခဲ့တဲ့ မိသားစုလိုအပ်တာ သုံးဖို့အတွက် ရောင်းချခဲ့ရပါတယ်။ အဲဒီလိုမှ မရောင်းချခဲ့ဖူးဆိုရင် နောက်မှာ ကျန်ခဲ့တဲ့ ကျနော်တို့မိသားစုတွေဟာ ငတ်ပြီးကျန်ခဲ့ရမှာပါ။ ရှေ့တန်းမှာလည်း တသွေးတသံတမိန့်ဆိုတဲ့ မတရားတဲ့အမိန့်တွေနဲ့ ကျနော်တို့ရဲ့ အသက်တွေဟာ လူမသိ၊ သူမသိ သေဆုံးနေရပါတယ်။
စစ်တိုက်ထွက်တဲ့အခါမှာ ဖြစ်သလိုကျော်ဖြတ်ကြရတယ်။ ရုပ်ရှင်ဇာတ်ကားတွေထဲကလို သန့်ပြန့်ပြီး စစ်တိုက်ထွက်ရတာမဟုတ်ပါဘူး။ ငှက်ပျောအူစား၊ ငှက်ပျောပင်စည်ရေသောက် လူတယောက်ရယ်လို့ တခါမှ မတွေးဖူးထားတဲ့ အဖြစ်မျိုးနဲ့ နေထိုင်ခဲ့ရတယ်။ ပထမဆုံးအတွေ့အကြုံတုန်းကဆိုရင် တော်တော်လေး ခံလိုက်ရတာ။ နောက်တော့လဲ အသားကျသွားခဲ့ပါတယ်။ အဲ့လိုမှ အသားမကျရင်လည်း သေဖို့ပဲ ရှိတာမဟုတ်လား။
ခင်ဗျားတို့တော့ ကြားဖူးမလားမသိဘူး။ ဟန်ဆောင်စစ်တိုက်ရတယ်ဆိုတာလည်း ရှိသေးတယ်။ ကျွန်တော်ကတော့ လက်တွေ့ကြုံခဲ့ရဖူးပါတယ်။ တခါက ကရင်ပြည်နယ်ဘက် စစ်ဆင်ရေးတခုမှာ ရန်သူနဲ့ ကျွန်တော်တို့ တိုက်ပွဲကြီးတခုဖြစ်ခဲ့တယ်။ မကြာပါဘူး တိုက်ပွဲက ရပ်သွားတယ်။ ဘာလိုရပ်လဲဆိုတော့ ရန်သူဘက်က ကျည်မရှိတော့လို့တဲ့။ အဲဒါ ကျွန်တော်တို့ဆီကို ရန်သူဘက်က လာပြီး ကျည်ဝယ်ပါတယ်။ ကျွန်တော်တို့ တပ်မမှူးကလဲ ရောင်းလိုက်တယ်။ ပြီးတော့ တိုက်ပွဲဆက်ဖြစ်တယ်။ ထူးဆန်းတယ်မဟုတ်လား။ ဘာကြောင့် အဲ့လိုတွေဖြစ်နေရတာလဲ ။
စစ်တပ်ဟာ ကာကွယ်ရေးအတွက် ဘတ်ဂျက်တွေ ရဖို့ဆိုရင် စစ်ဖြစ်နေမှ ရမှာမဟုတ်ဘူးလား ။ အဲ့ဒီတော့ စစ်မဖြစ်ဖြစ်အောင် ဖန်တီးရတယ်။ ကျနော်တို့ အောက်ခြေစစ်သားတွေရဲ့ ဘဝကတော့ ပေဖြစ်နေတော့ ခံနေရတဲ့ သဘောပါပဲ။ သူတို့အကျိုးစီးပွားအတွက် အမြဲတမ်းခံနေရပြီး သေဆိုလဲ သေရမယ့် ဘဝတွေပါ။ တိုက်ပွဲမှာကျဆုံးသွားရင်လဲ ထောက်ပံ့ကြေး ငါးသိန်းလောက်ရပြီး မိသားစုကတော့ ခိုကိုးရာမဲ့ ဘဝ ဖြစ်သွားမှာပါ။
ရှေ့တန်းထွက်ချိန်မှာ ကြုံတွေ့ခဲ့တာ ပြောပြီးပြီဆိုတော့ တပ်ရင်းကို ပြန်ရောက်ချိန်မှာလဲ ကျွန်တော်တို့ ဘာလုပ်ရသလဲဆိုတာ သိချင်မှာပဲလို့ ယူဆလို့ ထပ်ပြောပါ့မယ်။
တပ်ထဲကို ဝင်မိပြီဆိုတာနဲ့ တပ်စည်းကမ်းတွေကို မဖြစ်မနေ နာခံရပါတယ်။ ၂၄နာရီအချိန်ပြည့် တာဝန်ထမ်းဆောင်ရတယ်။ ရုံးဆင်းချိန် ရုံးပိတ်ချိန် အိပ်ချိန်ဆိုတာ မရှိဘူး။ တကယ်တော့ အလုပ်က နောက်တန်းမှာ ဘာမှ လုပ်စရာမရှိဘူး။ဒါပေမဲ့ အလုပ်မရှိလို့ နားနေဖို့ မစဉ်စားနဲ့။ လူကို အအား မထားပါဘူး။ တပ်ရန်ပုံငွေအတွက်ဆိုပြီး တပ်ရင်း ဝက်ခြံ ၊ ကြက်ခြံ ၊ စိုက်ပျိုးခင်းတွေမှာ လုပ်အားပေးရတယ်။ ဘယ်မလဲ Standard Army ဆိုတာ။ ရဲဘော်တွေကို အားလပ်ရက်ပေးရင် မြို့ထဲရွာထဲ ထွက်ပြီး ပြဿနာ ရှာတတ်တယ်လို့ သူတို့က ယူဆတယ်။ ဒါကြောင့် အနားမပေးဘဲ လူကို နွားလို ခိုင်းနေတာ။။ တကယ့်လက်တွေ့မှာတော့ ကြက်ဥကောက်၊ ကြက်ချေးကျုံး ၊ နွားကျောင်း ၊ နွားချေးကျုံး ၊ လယ်ထဲဆင်းနဲ့ ဘယ်လောက်ရင်နာဖို့ကောင်းလိုက်သလဲ။ တကယ့်တော့ ရင်တောင် ကောင်းကောင်းမနာဝံ့ပါဘူး။ အမိန့်ဆိုတော့လဲ လွန်ဆန်လို့မှ မရတာ။ မိသားစုသက်သာချောင်ချိရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ အမြတ်မပေါ်တဲ့အလုပ်တွေထဲကို ရဲဘော်တွေရဲ့ ဘဝတွေပါ မြှပ်နှံထားလိုက်ရတယ်။
စစ်တပ်ပိုင် မြန်မာစီးပွားရေး ဦးပိုင်လီမီတက်တို့ ကော်ပိုရေးရှင်းတို့ အောက်က စက်ရုံတွေ၊ စီမံကိန်းတွေ ၊ အဆောက်အဦတွေဆိုတာလည်း ကျွန်တော်တို့နဲ့ မဆိုင်တဲ့အရာတွေပါ။ တခါတခါ သူတို့တွေက ငါတို့တပ်မတော်ကြီးက ချမ်းသာနေတာဆိုပြီး ဝါးလုံးချီးသုတ်ရမ်းပြီး စွပ်ပြောကြတယ်။ တကယ်တော့ တပ်ကြီးချမ်းသာတဲ့အထဲမှာ ကျွန်တော်တို့ အခြားအဆင့်တွေ မပါဘူး။ ကျွန်တော်တို့ အခြားအဆင့်ရဲဘော်တွေက စုတ်ပြတ်သတ်နေအောင် ဆင်းရဲကြပါတယ်။ မိန်းမအတွက် ရွှေမရှိ၊ ငွေပိုငွေလျှံမရှိ။ သားသမီးတွေကို တပ်ကကျောင်းကားနဲ့ ကျောင်းပို့ နေရတာပါ။ တပ်က သက်ပြည့်ပင်စင်နဲ့ ထွက်ရရင်တောင် စားဝတ်နေရေးအတွက် ဘာမှ အခြေတကျမဖြစ်ပါဘူး။ ရတဲ့ သက်ပြည့်ပင်စင်လေးနဲ့ ဆိုင်ကယ်လေး တစီးဝယ်ပြီး ကယ်ရီဆွဲဖို့လောက်ပဲ အနိုင်နိုင်စဉ်းစားနေရတာပါ။ ဒါတောင် အကြွေးမကင်းသူဆိုရင် တပ်ကထွက်ရင် လက်ဗလာပါ။
ဗိုလ်ချုပ်ကြီးတွေရဲ့မိသားစုဝင်တွေကတော့ ကမ္ဘာကျော်အမှတ်တံဆိပ် အသုံးအဆောင် အမျိုးမျိုးတွေ ထည်လဲသုံးနေကြတာလည်း ကျွန်တော်တို့ တွေ့မြင်နေရပါတယ်။ ကျွန်တော်တို့မှာတော့ ဦးပိုင်ကြေးဆိုပြီး သွင်းရတဲ့ တလ ငါးထောင်ဆိုတာ ထည့်ဖို့တောင် အနိုင်နိုင်ရယ်ပါ။ တခါတလေကျရင် စဉ်းစားမိတယ်။ ဦးပိုင်လီမိတက်ရဲ့ စီးပွားရေးတွေဟာ အောင်မြင်နေတယ်လို့ ပြောကြတယ်။ တကယ်လည်း ဗိုလ်ချုပ်ကြီးတွေက ချမ်းသာနေကြတယ်။ ကျွန်တော်တို့ ပေးသွင်းလိုက်တဲ့ လစာထဲက ဦးပိုင်ကြေးတွေက ဘယ်ကိုရောက်လို့ ရောက်မှန်းမသိပါဘူး။ ကျွန်တော်တို့လည်း အကျိုးမခံစားရပါဘူး။ ဒါကြောင့် အောက်ခြေစစ်သားတွေက မချမ်းသာပါဘူး။ ရတဲ့ လခ မစို့မပို့လေးတွေနဲ့ မိသားစု မငတ်အောင် အနိုင်နိုင်ရပ်တည်နေရတာပါ။
ဒီတော့ ရဲဘော်တွေ တပ်ကထွက်ပြေးတာ ဆန်းသလား။ ဟိုတလောကပဲ မြစ်ကြီးနားဘက်မှာ စစ်မတိုက်ချင်လို့ ထောင်အကျခံကြမယ့် စစ်ဗိုလ် ၁၁ယောက် သတင်းလည်း ကြားမိကြမှာပါ။ ရခိုင်စစ်မျက်နှာကို ရှောင်ကြတဲ့ သရေစည်သူ သီဟသူရ သတိုးသီရိသုဓမ္မကလေးတွေပေါ့။ သူတို့လည်း ဗိုလ်ချုပ်ချမ်းသာတွေအတွက် အသက်ဘယ်ပေးချင်ပါ့မလဲ။
အယ်ဒီတာအဖွဲ့ဆီကို အပိုင်း(၂)ဆက်ရေးပါဦးမယ် ။ အဲ့အပိုင်းကျရင် အသက်အာမခံကြေးဆိုပြီး မဖြစ်မနေ ပေးသွင်းနေရတာတွေ၊ စစ်မှုထမ်းဟောင်းတွေရဲ့ဘဝအကြောင်းတွေ၊ တပ်သားသစ်တွေကို ဘယ်လိုစုဆောင်းနေရတယ်၊ တပ်မတော်က ထွက်ဖို့ ဘယ်လောက်ခက်ခဲသလဲဆိုတာ ထည့်ရေးပါမယ်။
စစ်သားဆိုပေမဲ့ ပြည်သူကို မသတ်ဝံ့ပါ။
ကံကြီးထိုက်မှာ ကြောက်ပါတယ်။
သို့
စာတည်းအဖွဲ့
ဒီမိုကရေစီသစ်ဂျာနယ်
ကျနော့်ကိုယ်ကျနော် ပြန်မိတ်ဆက်ပါရစေ။ကျနော်နာမည်က တပ်ကြပ်ကြီး မိုးဇော်ဦးပါ။ ကျနော် စစ်မှုထမ်းသက်က (၂၃) နှစ်ရှိပါပြီ။ ပေးစာ (၁) မှာ ရှေ့တန်းဘဝ ၊ တပ်တွင်းနေထိုင်မှုဘဝ နဲ့ အောက်ခြေ ရဲဘော်တွေရဲ့ စီးပွားရေးကျပ်တည်းမှုတွေကို ရေးခဲ့ပြီးပါပြီ။
အခုတော့ ပထမဆုံးအနေနဲ့ မိတ်ဆွေတို့ သိသင့်တယ်လို့ ယူဆရတဲ့ တပ်မတော်သား အာလုံးပေးသွင်းရတဲ့ အာမခံကုမ္ပဏီ အကြောင်းပြောပါ့မယ်။
တလောက Y8 လေယာဉ်ပျက်ကျတဲ့ သတင်းကို အားလုံး သိလိုက်ကြမယ်ထင်ပါတယ်။ အိမ်ထောင်ပြောင်းမိသားစုတွေပါလို့ အိမ်သုံးဂတ်စ်အိုး ၂ လုံးသယ်သွားရာကနေ ပေါက်ကွဲပြီးတော့ ပျက်ကျခဲ့တာလေ။
အဲဒီပျက်ကျသွားတဲ့ လေယာဉ်ပေါ်မှာ ပါတဲ့ ဗိုလ်ကြီးသန်းစိုးအတွက် လာလျော်တဲ့ အာမခံကြေးက ဘယ်လောက်လို့ထင်ပါသလဲ။ အားလုံးသိထားတဲ့ အာမခံဆိုတာ အသက်အတွက် အာမခံထားရင် အသက်အတွက် လျော်ကြေးသတ်မှတ်ထားတဲ့ သိန်းသုံးဆယ်ဆို သိန်းသုံးဆယ်လျော်ရမှာပါ။ အဲ့တာကို ကုမ္ပဏီက ဗိုလ်ကြီးသန်းစိုး ယခင်က သွင်းထားသလောက်ကိုပဲ လာလျော်ပါတယ်။ ဘယ်လောက်တောင် ခေါင်းပုံဖြတ်သလဲဆိုတာ စဉ်စားလို့တောင်မရပါဘူး ။ အလကားနေရင်း သူတို့ဆီကို ပိုက်ဆံပေးသွင်းနေရတာ။
အာမခံကုမ္ပဏီနာမည်က အောင်မြင့်မိုရ်မင်း တဲ့။ ပိုင်ရှင်က ကာချုပ်မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံ ပါ။ ဟိုတုန်းကတော့ ငချွတ်လေးပေါ့။ ခုတော့ သူ့အဖေက ကာချုပ်မို့ ဂေါက်ရိုက်ရင်းသိန်း ၃၀၀ ရှုံးတာတောင် အပြုံးမပျက်။ ဘယ်ပျက်မလဲ။ တပ်က အရာရှိတွေလစာကို လတိုင်းဖြတ်ယူနေတာ သိန်းထောင်သောင်းချီရတာကိုး။ အတိုးမပေးရတဲ့ ပိုက်ဆံတွေလေ။
အဲဒီသတင်းကို မကျေနပ်တဲ့ DSA (48) ဆင်း တစ်ယောက်ကဒေါသထွက်ပြီး အဲ့ဒီအကြောင်းကို ရေးပါတယ်။ ကာချုပ်မင်းးအောင်လှိုင်ကလည်း သူ့သားကိုထိတော့ ဆတ်ဆတ်ခါ နာပါတယ်။ ရေးတဲ့သူကို ရှာပြီးဖမ်းဆိုပြီး အမိန့်ပေးလိုက်ပါတယ်။ အမိန့်ကို ရတဲ့သူကလည်း သူနိုင်ရာ လူဖမ်းပြီး အချုပ်ထည့်လိုက်တယ်။ အကျိုးဆက်ကတော့ တပ်ကလူတွေ အချုပ်ထဲ ရောက်ကုန်တာပဲ အဖတ်တင်ပါတယ်။ တပ်ထဲမှာ တကယ့် ဒီမိုကရေစီအခွင့်အရေးတွေ ရနေတယ်ဆိုတဲ့ အရူးချီးပန်းစကားတွေရဲ့ အဖြေက အဲဒါပါပဲ။
တပ် ခေါင်းဆောင်တွေနဲ့ နီးစပ်တဲ့သူတိုင်းဟာ သူတို့စီးပွားရေးအတွက် ပိုင်ရာဆိုင်ရာတွေရဲ့ ပေါင်းပြီး လုပ်ချင်ရာတွေလုပ်နေကြတယ်။ ကျနော်တို့လို အောက်ခြေအဆင့်တွေကတော့ အစကတည်းက မလောက်ငတဲ့ မဖြစ်စလောက် လခထဲကနေ တယောက်ပြီး တယောက်က ခေါင်းပုံဖြတ်မှုတွေခံနေရတာပဲ ရှိပါတယ်။
အပိုင်း(၁)မှာ တပ်ကနေ ထွက်ဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာ ပြောပြီးသားပါ။ နည်းနည်းထပ်ပြောဖို့ လိုမယ်ထင်လို့ ထပ်ပြောပါမယ်။ လုပ်ထုံးလုပ်နည်းအရ နှုတ်ထွက်ခွင့်ဆိုတာ လေထဲမှာတင် ပျောက်ပျောက်သွားတဲ့ စကားလုံးပါပဲ။ ကံကောင်းရင် တပ်အချုပ်မှာ ကွာတားချခံထားရတာနဲ့ ကံဆိုးရင်တော့ တပ်ပြေး၊ အာဏာဖီဆန်မှုနဲ့ ထောင်တွင်းအကျဉ်းချခံထားရမှာပါ။ ကျနော်တို့လို့ စစ်မှုထမ်းဖို့ ကိုယ့်သဘောဆန္ဒနဲ့ ကိုယ်ဘာသာ တပ်မတော်ထဲ ဝင်လာခဲ့သူတွေတောင် ထွက်ချင်နေကြတာ ဘာကြောင့်လဲလို့ စဉ်းစားကြည့်မိပါတယ်။
အချက် (၃)ချက်ကြောင့် ထွက်ချင်နေကြတယ်လို့ ထင်ပါတယ်။
၁။ လူတန်းစေ့မနေနိုင်တာ (စီးပွားရေး ၊ လူမှုရေး )
၂။ တပ်ခေါင်းဆောင်တွေနဲ့ မိသားစုဝင်တွေရဲ့ ခေါင်းပုံဖြတ်မှုတွေကို မခံချင်တော့တာ
၃။ မတရားတဲ့ အမိန့်တွေကို မနာခံချင်တော့တာတို့ကြောင့် တပ်ကနေ ထွက်ချင်နေကြတာပါ။
တပ်ထဲကနေ ထွက်ချင်နေကြတဲ့ သူတွေက အရာရှိအဆင့်ကနေ အောက်ခြေအဆင့်တွေပါ ရှိနေကြပါတယ်။ လူတိုင်းက စစ်မှုထမ်းဘဝတွေကို ရွံ့မုန်းနေကြပါပြီ။ ထွက်ခွင့်ကို တောင့်တနေကြပါတယ်။
ထွက်ခွင့်အစား တပ်သားသစ်တွေကို စည်းရုံးနေရတယ်။ တပ်သားတယောက်မှ မစည်းရုံးနိုင်ရင်လည်း တိုင်းမှူးရုံးကို ထုချေလွှာတင်ရပါတယ်။ မတတ်နိုင်တဲ့ အခြေအနေရောက်ပြီဆိုရင်တော့ တပ်သားသစ်ကို ဝယ်ယူရပါတယ်။ တပ်သားသစ်တယောက်ရဲ့ ကာလပေါက်စျေးက (၁၃) သိန်းကျော်နေပါပြီ။
တချို့က တပ်ထဲကို ပိုက်ဆံရလို့ဝင်နေကြတာပါ။ တကယ်တမ်း တိုင်းပြည်ကာကွယ်ချင်လို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တပ်ထဲဝင်နေသူတွေက တော်တော်ရှားပါးသွားပါပြီ။ တပ်မတော်ကြီးကလည်း နည်းမှန်လမ်းမှန်နဲ့ တိုင်းပြည်ကာကွယ်ရေးအတွက် ဆောင်ရွက်နေတာ မဟုတ်တော့ ဒီလူတွေကို အပြစ်မဆိုချင်ပါဘူး။
တကယ်ဆိုရင် တပ်မတော်ဆိုတာ အမိန့်အာဏာ၊ ငွေတွေနဲ့ လမ်းခင်းပြီး အင်အားသစ် စုဆောင်းရတဲ့ နေရာမဟုတ်ပါဘူး။ ပြည်သူတွေရဲ့ ဆန္ဒအလိုအလျောက် ဝင်ရောက်ရမယ့် နေရာဖြစ်ပါတယ်။ အဲ့လိုမျိုးမဖြစ်နိုင်ဘူးဆိုရင်တော့ ကာချုပ်ပြောပြောနေတဲ့ Standard Army မဖြစ်နိုင်သေးပါဘူး။
ကလေးစစ်သားတွေ မှိုလိုပေါက် အဓမ္မစစ်သားစုဆောင်းမှုတွေ ဒင်း(တင်း)ကျမ်းနဲ့ ဘယ့်နှယ်လုပ် Standard Army ဖြစ်နိုင်ပါ့မလဲ။ ကြံကြီးစည်ရာ။ တပ်ထဲမှာ လိင်တူ အကြမ်းဖက်မှုတွေ ရဲဘော်မယား ခြေတော်တင်မှုတွေနဲ့။
ဘယ့်နှယ်လုပ် Standard Army ဖြစ်နိုင်ပါ့မလဲ။ တပ်ထဲမှာ ငွေတိုးချေးစား အမြတ်ထုတ်မှုတွေနဲ့ ရဲဘော် equipment မချန် အကြွေးသိမ်းမှုတွေနဲ့။ ဘယ့်နှယ်လုပ် Standard Army ဖြစ်နိုင်ပါ့မလဲ။ ကြံကြီးစည်ရာပါ။
ပြောစရာတွေလည်း များပါသေးတယ်။ အပိုင်း သုံး လေး ရယ်လို့မဟုတ်ပေမဲ့ တပ်တွင်းသတင်း အလျဉ်းသင့်သလို ဆက်ရေးပါဦးမယ်ဗျာ။
ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ပါစေ။




Comments
Post a Comment